ပါမောက္ခ ဒေါက်တာမောင်
ရောဂါပိုးများ ဝိုင်းရံထားသော လူသားများ
လူ့ဘဝကို စတင်ရရှိသည့်နေ့သည် ရောဂါပိုးများ ပတ်လည်ဝိုင်းနေသော ဘဝကို စတင်လိုက်ရခြင်းဖြစ်သည်။ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်မည့် ရောဂါပိုးများစွာသည် စာရေးသူတို့အား ဝိုင်းရံထားကြသည်။ ဗိုင်းရပ်စ်များ၊ ဗက်တီးရီးယားများ၊ မှိုများ၊ ပရိုတိုဇွာများသည် ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် အချိန်နှင့်အမျှ ကြိုးစားနေကြသည်။ စင်စစ် ထိုသတ္တဝါကလေးများသည် သူတို့ ရှင်သန် ရပ်တည်နိုင်ရေးအတွက် ပြုလုပ်နေကြခြင်း ဖြစ်သည်။
သို့ရာတွင် စာရေးသူတို့၏ ခန္ဓာကိုယ်တွင်လည်း မိမိကိုယ်ကို ရှင်သန်ရပ်တည်နိုင်စေသော ခုခံအားစနစ်ရှိနေသည်။ ထိုခုခံအားစနစ်ကြောင့်သာ မဟုတ်လျှင် အသက်ရှင်နေနိုင်မည် မဟုတ်ချေ။ ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို တစ်ကိုယ်လုံးအနှံ့ရှိ ကာကွယ်ရေးဆဲလ်များက ဆောင် ရွက်ကြသည်။ ။
ရင်ဆိုင်တိုက်ပွဲနှင့် ရေရှည်စစ်ပွဲ ဆင်နွှဲနေသော ကာကွယ်ရေးဆဲလ်များ
တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသော အရေပြားသည် ခန္ဓာကိုယ်၏ ခံစစ်အုတ်တံတိုင်း ဖြစ်သည်။ ရောဂါပိုး များသည် အရေပြားကို ထိုးဖောက်နိုင်စွမ်း မရှိကြချေ။ သို့တိုင် လစ်ဟာနေသော နေရာသုံးနေရာ ရှိနေသည်။ ထိုနေရာများမှာ ရောဂါပိုးများ ထိုးဖောက်နိုင်သော နေရာများဖြစ်သည့် မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့ ဖြစ်ကြသည်။ ထို့ကြောင့် နှာခေါင်းစည်းကို စည်းထားခြင်းသည် ခုခံအားစနစ်၏ အားနည်းချက်ကို ကာကွယ်ထားခြင်းဖြစ်သည်။
ပေါက်ပြဲသွားသော အရေပြားမှသော်လည်းကောင်း၊ နှာခေါင်းနှင့် ပါးစပ်မှလည်းကောင်း ဝင်လာသော ရောဂါပိုးများကို ကာကွယ်ရေးဆဲလ်များက ဆီးကြိုတိုက်ဖျက်ကြသည်။ ကာကွယ်ရေးဆဲလ်များသည် ရောဂါပိုးများကို ဖမ်းဆီးဝါးမျိုပစ်သော ရင်ဆိုင်တိုက်ပွဲကို ဆင်နွှဲကြသလို ထပ်မံဝင်ရောက်လာမည့် ရောဂါပိုးအတွက်လည်း ရေရှည် တိုက်ပွဲကို ဆင်နွှဲကြသည်။
ရင်ဆိုင်တိုက်ပွဲကို ချေမှုန်းရေးဆဲလ်များဖြစ်သော သွေးဖြူဥများ (Killer T Lymphocytes, neutrophils, eosinophils, basophils, monocytes) နှင့် ဒေသခံဆဲလ်များဖြစ်သော (mast cells, dendritic cells, natural killer(NK) cells, macrophages) များက ဆောင်ရွက်ကြသည်။ ထိုဆဲလ်များသည် ဝင်လာသော ရောဂါပိုးကို ရှေးဦးစွာနှင့် လျင်မြန်စွာ တုံ့ပြန်သော ရှေ့တန်းစစ်သားများ ဖြစ်ကြသည်။ သွေးဖြူဥများသည် လှည့်ကင်းဆောင်ရွက်နေသော ဆဲလ်များ ဖြစ်ကြသည်။ သွေးကြောများအတွင်း လှည့်လည်သွားလာနေကြပြီး ရောဂါပိုးဝင်လာသည်နှင့် တွယ်ကပ်ဖမ်းယူပြီး ဝါးမျိုပစ်လိုက်ကြသည်။ ဒေသခံ ဆဲလ်များသည် ကင်းစခန်းများဖြစ်ကြပြီး ရောဂါပိုးများ ရောက်လာသည်နှင့် ချက်ချင်း ဖမ်းဆီး ဖျက်ဆီးနိုင်စွမ်း ရှိကြသည်။
ရိုးတွင်းချဉ်ဆီသည် ရေရှည်တိုက်ပွဲကို ဆင်နွှဲနိုင်သော သွေးဖြူဥများဖြစ်သည့် B Lymphocytes နှင့် T Lymphocytes များကို ထုတ်ပေးသည်။ ထိုဆဲလ်များသည် တစ်ကြိမ် ဝင်ရောက်ခဲ့ဖူးသော ရောဂါပိုးကို မှတ်သားထားနိုင်စွမ်း ရှိကြသည်။ B Lymphocytes များသည် ဝင်လာသောရောဂါပိုး၏ အစွမ်းကို ချေဖျက်ပစ်နိုင်သော ပဋိပစ္စည်း (Antibodies) များကို ထုတ်ပေးသည့် ဆဲလ်များဖြစ်သည်။ ထိုပဋိပစ္စည်းများသည် ရောဂါပိုးတစ်မျိုးအတွက် သီးခြားသတ်မှတ်ထားသော လက်နက်များဖြစ်ကြပြီး ထိုရောဂါပိုး ထပ်မံဝင်ရောက်လာနိုင်ခြင်းကို ကြိုတင်ကာကွယ်ထားခြင်းဖြစ်သည်။ TLymphocytes (Killer T cell, Helper T cells) များသည်လည်း တစ်ကြိမ်ဝင်ရောက်ခဲ့ဖူးသော ရောဂါပိုးကို မှတ်သားထားနိုင်စွမ်း ရှိကြသည်။ ထပ်မံဝင်လာပါက ပိုမိုလျင်မြန်စွာ ဝါးမျိုဖျက်ဆီးနိုင်စွမ်း ရှိကြသည်။ ထိုကြောင့် ရောဂါဖြစ်ခဲ့ဖူးပြီး အောင်မြင်စွာ ခုခံနိုင်ခဲ့သူများသည် ထိုရောဂါကို ခံနိုင်စွမ်းရှိလာကြသည်။ ကာကွယ်ဆေးထိုးခြင်း၏ အခြေခံလည်းဖြစ်သည်။
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဝင်လာလျှင်
ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် ရောဂါရှိသူ စကားပြော၊ ချောင်းဆိုး၊ နှာချေရာမှ ထွက်လာသော အစက်အမှုန်များနှင့်အတူ ပါရှိလာသည်။ ထိုအစက်အမှုန်များသည် အနီးအနား (ခြောက်ပေ အကွာအဝေးအတွင်း) ရှိ နှာခေါင်းစည်း နှင့် ကာကွယ်မထားသောသူ၏ အသက်ရှူလမ်းကြောင်း အတွင်းသို့ ဝင်ရောက်သွားသည်။
အသက်ရှူလမ်းကြောင်း ဆဲလ်များကို ထိုးဖောက်ဝင်ရောက်သွားသည်နှင့် ဒေသခံ ကာကွယ်ရေး ဆဲလ်များက ဆီးကြို တိုက်ဖျက်ကြသည်။ သွေးထဲတွင် လှည့်လည်နေသော ချေမှုန်းရေးဆဲလ်များလည်း စုပြုံရောက်လာကြပြီး ဗိုင်းရပ်စ်ကို ဝါးမျို ဖျက်ဆီးကြသည်။
ဒေသခံဆဲလ်တစ်ခုဖြစ်သည့် Mast cell သည် ဗိုင်းရပ်စ်ကို တိုက်ဖျက်နေစဉ် Cytokines ဟုခေါ်သော မော်လီကျူး တစ်မျိုးကို ထုတ်ပေးသည်။ ထိုမော်လီကျူးသည် ရောဂါပိုးကို တုံ့ပြန်သော ခုခံအားစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိ ဆဲလ်များကိုပါ ပျက်စီးစေသည်။ အချို့လူနာများတွင် Mast cell များက အဆမတန် များပြားသော Cytokines များကို ထုတ်ပေးသဖြင့် ပြင်းထန်ဆိုးရွားသော ရောဂါလက္ခဏာ များကို ခံစားကြရသည်။
သို့ရာတွင် University of Oxford ၏ လေ့လာချက်တစ်ရပ်၌ ၄၀ မှ ၆၀ ရာခိုင်နှုန်းသော လူများတွင် ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ကို အလွန်ထိရောက်စွာ တိုက်ဖျက်နိုင်သော T Lymphocytes များ ရှိနှင့်နေကြကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ထိုတက္ကသိုလ်က စမ်းသပ်ထုတ်ဖော်နေသော ကာကွယ်ဆေးသည် အစွမ်းထက်သော T Lymphocytes များ ထွက်ပေါ်လာစေရန် ဦးတည်ထားသည်။
ထို့အပြင် ရေရှည်စစ်ပွဲကိုဆင်နွှဲသည့် ကာကွယ်ရေး ဆဲလ်များဖြစ်သော B Lymphocytes များသည်လည်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို တိုက်ဖျက်ရာတွင် ပါဝင်ကြသည်။ ထိုဆဲလ်များသည် အံ့မခန်း အစွမ်းထက်သော ဆဲလ်များ ဖြစ်ကြသည်။ ဝင်လာသော ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို အတိအကျ ချေမှုန်းနိုင်သော ပဋိပစ္စည်းများကို ထုတ်ပေးနိုင်စွမ်းရှိရုံမျှမက ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို မှတ်သားထားနိုင်စွမ်းလည်း ရှိသည်။ နောက်တစ်ကြိမ် ထပ်မံဝင်လာလျှင် ပထမအကြိမ်ထက် ပိုမိုလျင်မြန်စွာ တုံ့ပြန်နိုင်စွမ်းရှိကြသည်။
BLymphocytes မှ ထုတ်ပေးသော ပဋိပစ္စည်းများသည် ဗိုင်းရပ်စ်ကို ဝိုင်းအုံတွယ်ကပ်ကြသည်။ ထိုအခါ ဗိုင်းရပ်စ်သည် လေရှူပြွန် ဆဲလ်များအတွင်းသို့ ထိုးဖောက် ဝင်ရောက်နိုင်စွမ်း မရှိတော့ဘဲ ပေါက်ကွဲပျက်စီးသွားသည်။ ပဋိပစ္စည်းများ တွယ်ကပ်ထားသော ဗိုင်းရပ်စ်သည် လေဆာရောင်ခြည်ဖြင့်ထိုးထားသော ပစ်မှတ်ကဲ့သို့ ဖြစ်နေပြီး ချေမှုန်းရေးဆဲလ်များ၏ အလွယ်တကူ ချေမှုန်းခြင်းကို ခံရတော့သည်။
ဖော်ပြခဲ့သော ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို အားဖြည့်ပေးနေသောအကြောင်းများ ရှိနေသည်။ ထိုအကြောင်းများအနက် စားသောက်နေသော အာဟာရ၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းနှင့် စိတ်ကျန်းမာရေးတို့သည် အရေးကြီးသောအကြောင်းများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာနေသောသူသည် ရောဂါပိုးများကို ခံနိုင်ရည်ရှိသောသူ ဖြစ်သည်။
ခံနိုင်ရည်ရှိသောလူ
အာဟာရပြည့်ဝစွာ စားသောက်ခြင်းသည် ခုခံအားစနစ်ကို အားပြည့်နေစေကြောင်း သိထားကြပြီးဖြစ်သည်။ သို့သော် မည်သို့ စားသောက်ကြမည်နည်း။
အသင့်စားရန် ပြုလုပ်ထားသော အစားအစာများ (Junk foods)၊ အဆီများသော အစားအစာများ၊ အချိုများသော အစားအစာများသည် ရှောင်ရမည့် အစားအစာများ ဖြစ်လာသည်။ နေ့စဉ်စားသောက်နေသော ထမင်း၊ ဟင်းများကိုလည်း အာဟာရပြည့်စွာ စားနိုင်ရန် လိုအပ်လာသည်။
လွယ်ကူသောစီမံနည်းမှာ ဖြစ်နိုင်သမျှ အမည်စုံလင်စွာ ပါဝင်ရန်ဖြစ်သည်။ အသီးအရွက်၊ အသား/ ငါး/ ဥနှင့် ပဲအမျိုးမျိုးတို့ အနည်းငယ်ဖြစ်စေ စုံလင်စွာပါဝင်ရန် ဖြစ်သည်။ အရောင်အသွေးစုံလင်သော ဟင်းလျာများဖြစ်သဖြင့် သက်တံရောင်ဟင်းလျာများဟု အလွယ်မှတ်သားနိုင်သည်။ မှန်ကန်သော အချိုးအစားမှာ (ပမာဏမဟုတ်) ပန်းကန်ပြားတစ်ချပ်တွင် ထမင်း၊ အသား၊ ငါး၊ ဥနှင့် ပဲတစ်မျိုးမျိုး၊ ဟင်းသီးဟင်းရွက်တို့ကို လေးချိုးတစ်မျိုးစီ အညီအမျှ ပါဝင်စေခြင်းဖြစ်သည်။ အသီးအနှံတစ်မျိုးမျိုး နှင့် ဒိန်ချဉ်တို့ကိုလည်း နေ့စဉ် စားသောက်သင့်သည်။
‘ဗီတာမင်ဒီ’ သည် ခုခံအားစနစ်နှင့်ဆက်နွှယ်နေသည်။ ဗီတာမင်ဒီ ရရှိရန် တစ်နေ့လျှင် ၁၅ မိနစ်မျှ နေရောင်ခြည် နှင့် ထိတွေ့ပေးရန် လိုအပ်သည်။ ကြက်ဥ၊ ဘဲဥ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အဆီများသော ငါးများသည် ဗီတာမင်ဒီ ပြည့်ဝသော အစားအစာများ ဖြစ်ကြသည်။ ဗီတာမင်ဒီ ဖြည့်စွက်ထားသော ပဲနို့ရည်၊ ကွေကာအုတ်၊ လိမ္မော်ရည် တို့ကိုလည်း သရေစာအဖြစ် စားသောက်နိုင်သည်။
American Journal of Lifestyle စာစောင်က နေ့စဉ် ပုံမှန် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ခုခံအားစနစ်ကို အင်အားပြည့်ဝနေစေကြောင်း ၂၀၁၁ ခုနှစ်က စတင်ဖော်ပြခဲ့သည်။
အိမ်တွင်းတွင် ပြုလုပ်နိုင်သော လေ့ကျင့်ခန်းများ များစွာရှိနေသည်။ YouTube တွင်လည်း ရှာဖွေနိုင်သည်။ Indoor Walking Workout, Walking at Home, 10000 Indoor Step Challenge တို့သည် အိမ်တွင်းလမ်းလျှောက် လေ့ကျင့်ခန်းများ ဖြစ်ကြသည်။ ထို့အပြင် အိပ်ထမတင် လေ့ကျင့်ခန်း၊ ဖားခုန်လေ့ကျင့်ခန်း၊ ဒူးမြှောက် လေ့ကျင့်ခန်း၊ လက်ဆန့်ခြေကား လေ့ကျင့်ခန်း၊ ပျဉ်ချပ် (Plank) လေ့ကျင့်ခန်းတို့သည် လူငယ်နှင့် လူလတ်ပိုင်းအရွယ်များ ပြုလုပ်နိုင်သော လေ့ကျင့်ခန်းများ ဖြစ်ကြသည်။
လူကြီးပိုင်းများနှင့် သင့်လျော်သော လေ့ကျင့်ခန်းမှာ စင်္ကြံလျှောက်ခြင်းဖြစ်သည်။ အလျား ၁၀ ပေခန့်ရှိသော နေရာတွင် ခြေလှမ်းများကို အာရုံစိုက်၍ ခေါက်တုံ့ခေါက်ပြန် ၄၅ မိနစ်ခန့် လျှောက်ခြင်းဖြစ်သည်။
ခန္ဓာကိုယ်၏ခုခံအားစနစ်ကို အားနည်းသွားစေသော အခြားအကြောင်းနှစ်ရပ်မှာ စိတ်ဖိစီးခြင်းနှင့် နှစ်ခြိုက်စွာ အိပ်မပျော်ခြင်းတို့ ဖြစ်ကြသည်။ စိတ်ဖိစီးခြင်းနှင့် အိပ်မပျော်ခြင်းတို့ကို ကျော်လွှားနိုင်သောနည်းမှာ စာရေး သူတို့နှင့် ရင်းနှီးပြီးဖြစ်သော သတိပဋ္ဌာန် ရှုမှတ်ခြင်း ဖြစ်သည်။ ။
သတိပဋ္ဌာန်ရှုမှတ်ခြင်းသည် ခုခံအားစနစ်ကို မောင်းနှင်နေသော ဦးနှောက်၏ အစိတ်အပိုင်းများ (Prefrontal cortex, Right anterior insula, Right hippocampus) ၏ ထုထည်ပမာဏကို ကြီးမားလာပြီး ပိုမိုအားကောင်း လာစေကြောင်းလည်း တွေ့ရှိကြသည်။ ။
သတိပဋ္ဌာန် ရှုမှတ်နေချိန်တွင် ကာကွယ်ရေးဆဲလ်များဖြစ်သော Natural Killer(NK) cells များနှင့် Blymphoytes များသည် သွေးထဲသို့ များပြားစွာထွက်လာကြကြောင်း လေ့လာမှုတစ်ခုက ဖော်ပြထားသည်။
လေ့လာတွေ့ရှိချက်များက သတိပဋ္ဌာန်ရှုမှတ်ခြင်းဖြင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို အားပြည့်နေစေပြီး ဝင်လာသော ရောဂါပိုးများကို ခံနိုင်စွမ်းရှိလာမည်ဖြစ်ကြောင်း ဖော်ပြနေကြသည်။
ထို့ကြောင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်နှင့် ရေရှည်စစ်ပွဲဆင်နွှဲရမည့် ယခုအချိန်သည် ဆရာတော် သံဃာတော်တို့ထံ နည်းနာခံယူ၍ သတိပဋ္ဌာန်တရားကို အားထုတ်ကြရမည့် အချိန်လည်းဖြစ်သည်။
အားခဲထားရမည့် ရေရှည်စစ်ပွဲ
ကိုဗစ်-၁၉ကပ်ရောဂါမီးသည်ကမ္ဘာတစ်ဝန်းလုံးတွင် အရှိန်အဟုန်ဖြင့် တောက်လောင်နေဆဲဖြစ်သည်။ ယနေ့ အထိ မီးညွန့်မကျိုးသေးချေ။ ထို့ကြောင့် လူများအားလုံးသည် ကိုဗစ်-၁၉ ရောဂါမီး လောင်မြိုက်ခြင်း မခံရအောင် တတ်နိုင်သမျှ လူစုလူဝေးကို ရှောင်ကြဉ်၍ အိမ်တွင်း၌ နေထိုင်ကြရသည်။ လက်ကို မကြာခဏ ဆေးကြောကြရသည်။ အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ကြရသည်။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေကြရသည်။ ။
ကမ္ဘာတစ်ဝန်းမှ ပညာရှင်များသည် ကပ်ရောဂါစတင်သည်နှင့် ကာကွယ်ဆေး ထွက်ပေါ်လာရန် အစွမ်းကုန် ကြိုးစားလျက်ရှိကြသည်။ ရုတ်တရက်ချက်ချင်း အသစ်ပေါ်ပေါက်လာသော ဗိုင်းရပ်စ်ဖြစ်သဖြင့် သုညမှစ၍ ကြိုးပမ်းနေကြရသည်။ ကာကွယ်ဆေးရရှိရန် အနည်းဆုံး တစ်နှစ်ခန့် ကြာမည်ဖြစ်သည်။ ထွက်ပေါ်လာလျှင်လည်း ထုတ်လုပ်ရန်၊ ဖြန့်ဖြူးရန် အမြန်ဆုံး ခြောက်လကြာမြင့် ဦးမည်ဖြစ်သည်။ ကာကွယ်ဆေးကို အားကိုးနိုင်ရန် နောက်ထပ် တစ်နှစ်ခွဲ အနည်းဆုံး စောင့်ရမည်ဖြစ်သည်။
ထိုကြောင့် ကာကွယ်ဆေးထွက်ပေါ်မလာမီ အချိန်အတွင်း စာရေးသူတို့အားလုံးသည် မိမိ၏ ကိုယ်ခံအားစနစ် ပြည့်ဝကောင်းမွန်နေရန် မိမိကိုယ်တိုင် တည်ဆောက်ယူ ကြရတော့မည် ဖြစ်ပေသည်။


