၆ စက်တင်ဘာ
ကျွန်တော်ငယ်ငယ်က နယ်စပ်မြို့လေးတစ်မြို့ဖြစ်တဲ့ လောက်ကိုင်မြို့မှာ အထက်တန်းကျောင်းအုပ် လုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျောင်းစုဝေးခန်းမနဖူးစည်းရဲ့ တစ်ဖက်တစ်ချက်မှာ ရှေးစာဆိုကြီးတွေရဲ့ လင်္ကာတွေထဲက စာသားအချို့ကိုထုတ်နုတ်ကူးယူပြီး “မြတ်ပညာ”နဲ့ “မြတ်ဆရာ”ဆိုတဲ့ခေါင်းစဉ်လေးတွေနဲ့ ဆိုင်းဘုတ်နှစ်ခုချိတ်ဆွဲပေးခဲ့ပါတယ်။
“မြတ်ပညာ”ခေါင်းစဉ်အောက်မှာ “ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက် ဖြတ်တောက်လိုရာ၊ ပြီးနိုင်ရာ ၏။”ဆိုတဲ့ ကဗျာတိုလေးဖြစ်ပါတယ်။ ။
“မြတ်ဆရာ”ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ "ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင် တိုင်း၊ ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊ ဆုံးမတတ်သူ၊ ဆရာဟူ၏။"ဆိုတဲ့ လင်္ကာတိုလေးပဲဖြစ်ပါတယ်။
ဒီခေါင်းစဉ်လေးနှစ်ခုကို ဆက်စပ်ကြည့်ရင် ဆရာနဲ့ တပည့်အကြားမှာ အသိတစ်ခု၊ အတတ်တစ်ခု စီးဆင်းမှု သဘောတရားကို တွေ့နိုင်သလို တပည့်တွေရဲ့ တတ်မြောက်မှုတန်ဖိုးကိုလည်း တွေ့ရမှာပါ။ ကျွမ်းကျင်နှံ့စပ်မှသာ
ပညာရပ်တစ်ခုမှာ သဘောတရားနဲ့ လက်တွေ့ ပေါင်းစပ်ပါဝင်လေ့ရှိပါတယ်။ အဲဒီနှစ်ချက်စလုံး ကျွမ်းကျင်နှံ့စပ်မှသာ တတ်မြောက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုတတ်မြောက်သွားဖို့အတွက် တစ်သွေးတစ်သံ တစ်မိန့်နဲ့ သင်ကြားကြရတဲ့ ပညာရပ်တွေလည်း ရှိပါတယ်။ တစ်စုံတစ်ရာ ပေါ့ပေါ့ဆဆလုပ်မိရင် ကိုယ်တိုင်နဲ့ အခြားတစ်စုံတစ်ယောက်အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ပညာရပ်မျိုးတွေဖြစ်ပါတယ်။ အဲဒီအထဲမှာ ယာဉ်မောင်းတဲ့ပညာလည်း ပါပါတယ်။
ယာဉ်မောင်းတဲ့ အတတ်ပညာဟာ အန္တရာယ်ရှိတယ် ဆိုပေမယ့် ကျွမ်းကျင်စွာတတ်မြောက်သွားပြီး သတ်မှတ် ထားတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို လိုက်နာပြီး အသိတရားနဲ့ မောင်းနှင်နိုင်ပြီ ဆိုရင်တော့ ကိုယ့်အတွက်သာမက အများအတွက်ပါ အကျိုးရှိစေတဲ့ ပညာရပ်တစ်ခုပါ။
ဒါ့အပြင် လိုရာခရီးကို အန္တရာယ်ကင်းစွာနဲ့ အမြန် ပြီးစေနိုင်တဲ့အကျိုး ယာဉ်တစ်စီးရှိနေရင် အခြေခံမောင်းတတ်တဲ့လူတစ်ဦးကို မှီခိုမှုကင်းကင်းနဲ့ စိတ်သွားတိုင်းကိုယ်ပါ အချိန်အခါမရွေးသွားလာနိုင်တဲ့အကျိုး၊ ယာဉ်မောင်းတတ်တဲ့ပညာနဲ့ အသက်မွေးနိုင်တဲ့အကျိုး တွေကိုလည်း ရရှိစေပါတယ်။ ဒါပေမယ့်လည်း ယာဉ်မမောင်းတတ်သေးခင် သင်ယူလေ့ကျင့်ဆဲကာလမှာတော့ သင်ပြပေးသူရဲ့ စကားအတိုင်း မလိုက်နာရင် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် သင်ပေးတဲ့ဆရာရဲ့ အမိန့်အတိုင်း တိတိကျကျ လိုက်န၁ကြရပါတယ်။ ဒီလိုမှ မဟုတ်ရင် သင်ယူသူအတွက်သာမက သင်ပေးတဲ့ ဆရာအတွက်လည်း အန္တရာယ်ရှိပါတယ်။ ယာဉ်မောင်းသင်တယ်ဆိုတာက သင်ယူသူ တစ်ယောက်တည်း လွှတ်ပေးလိုက်လို့ရတာမှ မဟုတ်တာ။
သင်တန်းသားက နှစ်ယောက်တည်း
ဒီအကြောင်းရေးရင်းနဲ့ တစ်ယောက်တည်း ပြုံးနေ မိသလို ကျေနပ်ပီတိလည်း ဖြစ်မိပါတယ်။ အကြောင်း ကတော့ ကျွန်တော်ကိုယ်တိုင် သင်ပေးဖြစ်ခဲ့တဲ့ ယာဉ်မောင်းသင်တန်းတစ်ခုအကြောင်းကို စိတ်ရောက် သွားမိလို့ပါ။ ယာဉ်မောင်းသင်တန်းဆိုလို့ ကြီးကြီး ကျယ်ကျယ်ကြီးတော့ မဟုတ်လှပါဘူး။ သင်တန်းသားက နှစ်ယောက်တည်းပါ။ ကျွန်တော့်သမီး အလတ်မနဲ့ အငယ်မပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ ကျောင်းပိတ်ကာလလည်း ဖြစ်ပြန်၊ ကိုဗစ် ၁၉ ရောဂါကြောင့် Stay at Home ကာလလည်းဖြစ်ပြန် ဆိုတော့ သူတို့အတွက် အကျိုးရှိစေမယ့် အတတ်ပညာ တစ်ခုတော့ သင်ပေးသင့်တယ်လို့ယူဆပြီးဖွင့်ခဲ့တဲ့ မိသားစု သင်တန်းတစ်ခုဖြစ်ပါတယ်။
ဒီတော့ သင်တန်းမစခင်မှာ အဖေနဲ့သမီးတွေ ကြိုတင်ညှိနှိုင်းပြီး သဘောတူညီချက်တွေ ယူထားရပါတယ်။ ဒါက လည်း လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က သမီးကြီးကို ယာဉ်မောင်းသင်ပေးတုန်းက အတွေ့အကြုံကိုမူတည်ပြီး ကျွန်တော် လိုချင်တဲ့အချက်တွေကို ကြိုပြောထားတဲ့သဘောပါ။ အဓိကကတော့ ပြောတဲ့အတိုင်းမလုပ်လို့ အော်ရင်၊ ငေါက်ရင် အဖေကို စိတ်မကောက်ကြေးပေါ့။
တစ်လှည့်စီ အမောင်းသင်
သူတို့ကလည်း တတ်မြောက်ချင်တဲ့ဆန္ဒရှိနေကြတော့ ညှိနှိုင်းချက်တွေကို သဘောတူကြပါတယ်။ ဒါနဲ့ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာ “သ” လိုင်စင်လို့ခေါ်တဲ့ သင်မောင်းလိုင်စင် လျှောက်ပေးခဲ့ပါတယ်။ လိုင်စင်ရတော့ သမီးနှစ်ယောက်ကို လိုင်စင်ရဲ့ ကျောဘက်ပါ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ တစ်လှည့်စီ အမောင်းသင်ပေးခဲ့ပါတယ်။
ပထမဦးဆုံး ယာဉ်မမောင်းနှင်မီ ထိုင်ခုံကို မိမိအရပ် အမြင့်နဲ့ သင့်လျော်အောင် အနိမ့်အမြင့် ရှေ့နောက် လိုသလိုရွှေ့တာနဲ့ နောက်ကြည့်မှန်ကို နောက်မြင်ကွင်းရှင်းရှင်း လင်းလင်းမြင်ရအောင် ချိန်နည်းသင်ပေးပြီး လက်တွေ့လုပ်ဆောင်စေပါတယ်။ ပြီးတော့ ယာဉ်မှာတပ်ဆင်ထားတဲ့ ပစ္စည်းတွေနဲ့ ခလုတ်တွေကို ဘယ်နေရာမှာ ဘယ်လိုသုံးရ တယ်ဆိုတာ သင်ပေးလိုက်ပါတယ်။
ပြီးတော့မှ မော်တော်ယာဉ်တစ်စီး ရွေ့လျားဖို့အတွက် အဓိကအသုံးပြုရတဲ့ဂီယာ၊လီဗာ၊ ဘရိတ်နဲ့ စတီယာရင်တွေ အကြောင်းပြောပြပြီး ယာဉ်ရှေ့သို့ မောင်းနှင်ခြင်းကို လက်တွေ့လုပ်ဆောင်စေပါတယ်။
မြေပြန့်မှာ အဖြောင့်
မောင်းတတ်ပြီ၊ ကွေ့တတ်ပြီဆိုတော့မှ အတက်အဆင်း အကွေ့အကောက်လမ်းတွေမှာ လီဗာနဲ့ ဘရိတ်ကိုချိန်ဆ တတ်အောင် စတီယာရင်ကို လိုသလို ကွေ့တတ်အောင် အချိန်ယူလေ့ကျင့်ပေးခဲ့ပါတယ်။
ယုံကြည်မှုရလာ
လက်တွေ့မောင်းနှင်တဲ့ အချိန်ကာလကြာမြင့်လာ တာနဲ့အမျှ သူတို့ကိုယ်သူတို့ ယုံကြည်မှုရလာပြီဆိုတဲ့ အချိန်မှာတော့ အများပြည်သူအသုံးပြုနေတဲ့ လမ်းမကြီး
တွေပေါ်မှာ မောင်းနှင်စေခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ရှေ့ယာဉ်ကိုကျော်တက်ရာမှာ သတိပြုလိုက်နာရမယ့် အချက်တွေ၊ ယာဉ်ကွေ့ရာ၊ ရပ်ရာမှာ လိုက်နာရမယ့် အချက်တွေ၊ ယာဉ်မီးများကိုအသုံးပြုပုံတွေ၊ လီဗာနဲ့ ဂီယာအသုံးပြုပုံတွေ၊ မီးပွိုင့်နဲ့ လမ်းဆုံတွေမှာ လုပ်ဆောင်ရမယ့်အချက်တွေ၊ လမ်းညွှန်အမှတ်အသားနဲ့ လမ်းအမှတ်အသားတွေအရ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေနဲ့ အခြားယာဉ်နဲ့ လမ်းအသုံးပြုသူများ အတွက် ဦးစားပေးရမယ့် အခြေအနေတွေကို လေ့ကျင့်မောင်းနှင်ရင်း ကြုံတွေ့ရမှုအပေါ်မူတည်ပြီး လက်တွေ့ သင်ကြားပေးခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ညအချိန်မောင်းနှင်တတ်အောင်ပါ လက်တွေ့ လေ့ကျင့်ပေးခဲ့ပါတယ်။
အဲဒီလို အချိန်အစပိုင်းမှာတော့ ဘေးခုံမှာထိုင်ပြီး ကြီးကြပ်ပေးရသူအနေနဲ့ စိုးရိမ်စိတ်ရှိနေခဲ့တာ အမှန် ပါ။ နောက်ပိုင်းမှာ ယာဉ်ချင်းတက်တာ၊ ယာဉ်ကြောပြောင်းတာ လမ်းဆုံမှာ စောင့်ဆိုင်းတာ ဖြတ်မောင်းတာတွေကို ဆုံးဖြတ်ချက်မှန်ကန်စွာနဲ့ မောင်းနှင်တတ်လာတာတွေ့ရတော့ စိုးရိမ်စိတ် လျော့နည်းလာပါတယ်။
ပညာအမွေ
အခုတော့ ဘေးခုံမှာ စိတ်အေးလက်အေးထိုင်လိုက် နေပေမယ့် ဘယ်လိုမောင်းပါလို့ မပြောတော့ဘဲ သူတို့ ဆုံးဖြတ်ချက်အတိုင်း မောင်းနှင်စေပါတယ်။ ဘာကြောင့်ဆို ယာဉ်တစ်စီးကို ဦးနှောက်နှစ်လုံးနဲ့မောင်းနှင်တာဟာ အန္တရာယ်ကိုဖိတ်ခေါ်နေတာနဲ့ အတူတူမို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ ကျောင်းပိတ်ကာလအတွင်းမှာ အတတ်ပညာတစ်ခုဖြစ်တဲ့ ယာဉ်မောင်းခြင်းကို တတ်မြောက်သွားကြပါတယ်။ အခုလို စာနဲ့ရေးလိုက်တော့လည်း ယာဉ်မောင်းတတ်အောင် သင်ပေးရတာ အလွယ်လေးပါလို့ ထင်စရာပါ။ တကယ့်လက်တွေ့မှာတော့ အဖေနဲ့သမီးတွေ အော်လိုက် ငေါက်လိုက်၊ ရန်ဖြစ် လိုက်နဲ့ ကားပေါ်မှာ ဆူညံနေတာပါပဲ။
အခုလို မောင်းတတ်သွားကြတော့လည်း သူတို့ စိတ်ထဲမှာ ဒါတွေဟာ ကျွန်တော်စကားခံခဲ့တဲ့ “မြတ်ဆရာ” ဆိုတဲ့ လင်္ကာတိုလေးထဲက “ရှေးရှုမေတ္တာ၊ ကရုဏာ”ပါလို့ နားလည်သွားကြလိမ့်မယ်ထင်ပါတယ်။ ကျွန်တော်ကတော့ အော်ရင်း ငေါက်ရင်း၊ ရန်ဖြစ်ရင်းနဲ့ သမီးအားလုံးကို တူညီတဲ့ပညာအမွေတစ်ခုပေးလိုက် နိုင်ပြီဆိုတဲ့အတွေးနဲ့ အကျေနပ်ကြီး ကျေနပ်လို့နေပါ တော့တယ်။
အန်ကယ်ပညာ


