၆ စက်တင်ဘာ

“မြန်မာစာအရေးအသား မပေါ်ခင်ကတည်းက ကျွန်တော်တို့ မြန်မာတွေ ပါဠိနဲ့အကျွမ်းတဝင် ဖြစ်နေပြီဆိုတဲ့ အယူအဆကို အခုဆရာရှင်းပြမှပဲ သိရပါတယ် ဆရာ။ သိပ်ကျေးဇူးတင်ပါတယ်

စာမရှိသေးပေမဲ့ ဘာသာစကားက ရှိနေပြီလေ။ အဲဒီအချက်ကို သတိပြုမိဖို့ လိုတာပေါ့။ ပုဂံခေတ်က မြန်မာစာတွေ ပါဠိဘာသာကျွမ်းကျင် ပုံကို ဖော်ပြနေတဲ့၊ ထင်ရှားတဲ့ အထောက်အထားတွေကို ပညာရှင်တွေက ဖော်ထုတ်ပြထားတာ ရှိပါတယ်

သိချင်ပါတယ် ဆရာ

“အထောက်အထားတစ်ခုက မြစေတီပါဠိ ကျောက်စာပဲ။ ရာဇကုမာရ်ကျောက်စာလို့လဲ ခေါ်တာပေါ့။ ဒီကျောက်စာအကြောင်း မင်းသိပြီး သားပါ

 “သိပါတယ် ဆရာ

မြစေတီ ရာဇကုမာရ်ကျောက်စာက ပျူ၊ မွန်၊ ပါဠိ၊ မြန်မာဆိုတဲ့ ဘာသာလေးမျိုးနဲ့ အကြောင်းအရာ အတူတူကိုရေးထိုးတာမဟုတ်လား။ စိတ်ဝင်စားဖို့ ကောင်းတာတစ်ခုက ပျူ၊ မွန်၊ မြန်မာကျောက်စာတွေကို စကားပြေနဲ့ရေးထားပေမဲ့ ပါဠိ ကျောက်စာက ဂါထာတွေနဲ့ ဖွဲ့ထားတာပဲ။ ပြီးတော့ ဟိုကျောက်စာသုံးဖက်မှာ မပါတဲ့ ဝိသေသကလေးတွေလဲပါတယ်

“ဘယ်လိုဝိသေသတွေလဲ ဆရာ

ရာဇကုမာရ်အကြောင်း ဖော်ပြတဲ့အခါ ဟိုကျောက်စာတွေမှာ' ရာဇကုမာရ် ́ လို့ပဲ သာမန် ဖော်ပြတယ်။ ပါဠိကျောက်စာမှာတော့ 'ရာဇကုမာရ် ရောနာမနာမတောအမော လို့ပါတယ်။ အဓိပ္ပာယ်က အမည်အားဖြင့် ရာဇကုမာရ်လို့ခေါ် တယ်၊ အမတ်ဖြစ်တယ်လို့ဆိုလိုတာပဲ။ ပြီးတော့ မင်းမှုရေးရာတွေမှာ မင်းနဲ့အတူကြောင့်ကြ အားထုတ်ပြုလုပ်တတ်တဲ့ အမတ်လဲဖြစ်တယ်။ သတိတရားရှိတယ်။ အမြော်အမြင် ပညာရှိတယ် ဆိုတဲ့ ရာဇကုမာရ်ရဲ့ ဂုဏ်အရည်အသွေးတွေကို လည်း ဖော်ပြထားတယ်။ တစ်နေရာမှာလဲ ရာဇကုမာရ်ကို “မဟာမစ္စော လို့ ဖော်ပြတယ်။ အမတ်ကြီးပေါ့

ဪ... စိတ်ဝင်စားစရာပဲနော် ဆရာ

“အဲဒီအထောက်အထားတွေအရ ရာဇကုမာရ် ဟာ နာမည်အားဖြင့်သာ ရာဇကုမာရ်ဖြစ်တယ်။ အမတ်၊ အမတ်ကြီးလို့လဲ ဖော်ပြတယ်။ ဒါ့အပြင် မင်းသိတဲ့အတိုင်း ကျောက်စာလေးမျက်နှာစလုံးမှာ ရာဇကုမာရ်ဟာ တြိလောက ဝဋံသကာဒေဝီမိဖုရား ရဲ့ သားဖြစ်တယ်လို့သာ ဖော်ပြတယ်။ ကျန်စစ်သား မင်းကြီးရဲ့သားလို့ တိုက်ရိုက်ဖော်ပြတာ မတွေ့ရဘူး။ ဒါ့အပြင် ရာဇကုမာရ်က ကျန်စစ်သားကို ခေါ်တဲ့စကားမှာ “ငါ့သခင်' လို့ပဲခေါ်တယ်။ “ဖခင်၊ အဖ” ဆိုတဲ့စကား မသုံးဘူး။ အဲဒီအထောက် အထားတွေအရ ရာဇကုမာရ်ဟာ ကျန်စစ်သား မင်းရဲ့ သားလို့ တိုက်ရိုက်ဖော်ပြတဲ့ အထောက် အထား မတွေ့ရဘူးလို့ ပါဠိပညာရှင် ဆရာကြီး ဦးကျော်ရှိန်က “ရာဇကုမာရ် ပြဿနာစာတမ်းမှာ ဖော်ထုတ်ပြဖူးတယ်။ အကျယ်ပြောရင်တော့ အများကြီးပေါ့။ ဒီနေရာမှာ ပြောချင်တာက မြစေတီပါဠိကျောက်စာရဲ့ အရေးပါတဲ့ အထောက် အထား တန်ဖိုးပါပဲ

မှတ်သားထားပါ့မယ် ဆရာ

မြစေတီပါဠိကျောက်စာက ဂါထာတွေဟာ သဒ္ဒါနည်းလဲကျ ဆန်းဂိုဏ်းလည်းကျတယ်လို့ ပါဠိပညာရှင်တွေက မိန့်ဆိုထားတယ်

နောက်သာဓက တစ်ခုက “ရွှေဂူကြီးဘုရား ပါဠိကျောက်စာပဲ အလောင်းစည်သူမင်းကြီးရဲ့ ကောင်းမှုရွှေဂူကြီးဘုရားမှာ ရေးထိုးထားတာလေ။ အကြောင်းအရာက မင်းကြီးဘုရားဆုပန်တဲ့ အကြောင်းပဲဂါထာ ၁၀၀ နဲ့ ရေးဖွဲ့စီကုံးထားတယ်။ အဆင်တန်ဆာတွေနဲ့ လှလှပပရေးဖွဲ့ထားတာမို့ ပုဂံခေတ်က မြန်မာစာတွေလဲ ပါဠိဘာသာ ကျွမ်းကျင်ပုံကို ဖော်ပြနေတာပေါ့ကွယ် “ဟုတ်ကဲ့ပါ ဆရာ “နောက် သာဓကတစ်ခုကတော့ ပါဠိသဒ္ဒါ ကျမ်းကြီးတစ်ကျမ်းပဲ

““သဒ္ဒနီတိ လို့ခေါ်တယ်။ ပြုစုတဲ့ပုဂ္ဂိုလ်က ရှင်အဂ္ဂဝံသတဲ့။ အလောင်းစည်သူမင်းကြီး လက်ထက်သက္ကရာဇ် ၅ဝဝကျော်မှာ ရေးသားပြုစု တယ် လို့သိရတယ်

နာမည်တော့ ကြားဖူးပါတယ် ဆရာ

ပါဠိသဒ္ဒါကျမ်းဆိုရင် ကစ္စည်းသဒ္ဒါကျမ်းကြီး ကို ရည်ညွှန်းလေ့ရှိကြတယ်။ ကစ္စည်းသဒ္ဒါကျမ်း ကိုအခြေခံပြီး ပါဠိသဒ္ဒါကျမ်းတွေ ရေးကြတယ်။ သဒ္ဒနီတိကတော့ ကျမ်းပြုပုဂ္ဂိုလ်ရဲ့ ကြိုးပမ်းမှုနဲ့ သီးခြားပေါ်ထွက်လာတဲ့ ကျမ်းဖြစ်တယ်လို့ ပညာရှင်တွေ ဖော်ပြကြတယ်။ ပိဋကတ်ကျမ်းဂန်တွေကို သက္ကတကျမ်းတွေရော ကျယ်ကျယ်ပြန့်ပြန့် ကိုးကားပြီး ပြုစုထားတာမို့ အင်မတန်ကောင်းမွန်ပြည့်စုံတဲ့ ကျမ်းဖြစ်တယ်လို့ ရည်ညွှန်းကြတယ်။ ဒီကျမ်းလောက် ပြည့်စုံတဲ့ ပါဠိသဒ္ဒါကျမ်း မပေါ်ဖူးသေးဘူးလို့ ပညာရှင်တွေ မိန့်ဆိုကြတယ်။ သီဟိုဠ် က သံဃာတွေ သဒ္ဒနီတိကို တွေ့တဲ့အခါ ရှင်အဂ္ဂဝံသ ရဲ့ ပညာဉာဏ်ကြီးမားပုံကို ချီးကျူးကြရတယ် လို့ဆိုကြတယ်။ မင်းလဲပါဠိအခြေခံရှိတဲ့သူဆိုတော့ ဆက်ပြီး လေ့လာပေါ့ကွာ

ဟုတ်ကဲ့ပါ ဆရာ

 “ပုဂံခေတ်မှာပေါ်ပေါက်တဲ့ပါဠိသဒ္ဒါကျမ်းတွေ ရှိပါတယ်။ ပါဠိစာပေသမိုင်းလို စာအုပ်မျိုးတွေမှာ လေ့လာကြည့်ပေါ့ကွာ။ ဒီနေရာမှာ ဆရာကြီး ဦးဖေမောင်တင်ရဲ့ အဆိုအမိန့်တစ်ခုကို ပြောပြချင်တယ်။ ဆရာကြီးကဘယ်လိုမိန့်ဆိုသလဲဆိုရင် ပုဂံသားတွေဟာ ပါဠိဘာသာစကားကို အားကြိုး မာန်တက်လေ့လာသင်ယူပြီး ကျမ်းပြုစုကြတာ။ သဒ္ဒနီတိလို အင်မတန်ကောင်းတဲ့ သဒ္ဒါကျမ်းကြီးပြုစုနိုင်တဲ့အထိ တတ်မြောက်ကြတယ်တဲ့။ ပါဠိဘာသာကို ဘယ်လောက်အာရုံစိုက်သလဲ ဆိုရင် မြန်မာဘာသာစကားကို လေ့လာတဲ့ မြန်မာသဒ္ဒါကျမ်း တစ်စောင်တစ်ဖွဲ့ပြုစုဖို့တောင် စိတ်မကူးမိကြတဲ့အတွက် ပါဠိသဒ္ဒါကျမ်းတွေ ပေါ်ပေါက်ခဲ့ပေမဲ့ မြန်မာသဒ္ဒါကျမ်းရယ်လို့ တစ်စောင် တစ်ဖွဲ့မှ မပေါ်ပေါက်ခဲ့တာဟာ မှတ်သားစရာကောင်းတဲ့ အချက်ပါပဲတဲ့။ အဲဒီသဘောမျိုး မိန့်ကြားခဲ့တာပါ

ဪ...မြန်မာသဒ္ဒါကျမ်းတစ်စောင်မှမပေါ် ခဲ့ဘူးလား ဆရာ

ဟုတ်တယ်လေ။ ပေါ်ပေါက်ခဲ့တဲ့ သဒ္ဒါကျမ်းတွေက ပါဠိသဒ္ဒါတွေပဲ။ မြန်မာသဒ္ဒါလို့ နာမည် တပ်ထားတဲ့ ကျမ်းမျိုး နည်းနည်းပါးပါးတော့ ပေါ်ပေါက်ပါတယ်။ ဒါပေမဲ့ ပါဠိသဒ္ဒါပုံစံအတိုင်း ရေးထားတဲ့ သဒ္ဒါကျမ်းတွေလေ

ပုဂံခေတ်က ကုန်းဘောင်ခေတ်ကုန်တဲ့အထိ မြန်မာသဒ္ဒါကျမ်းရယ်လို့ တစ်စောင်မှမပေါ်ခဲ့ဘူး “ မှော် “သာဓက တစ်ခုပြောမယ်။ “ကုန်းဘောင် ခေတ်ကုန်တဲ့အချိန်မှာ ပုံနှိပ်တဲ့မိုင်းခိုင်းမြို့စား ဦးယံရဲ့ “ပိဋကတ်သမိုင်းစာတမ်းဆိုတဲ့ စာအုပ် ထွက်လာတယ်။ မင်း လေ့လာဖူးမှာပေါ့

လေ့လာဖူးပါတယ် ဆရာ “ဦးယံက မင်းတုန်းမင်းရဲ့ ပိဋကတ်တိုက်မှူး လေ။ စာကြည့်တိုက်မှူးပေါ့။ အဲဒီကျမ်းမှာ မင်းတုန်းမင်းရဲ့ ပိဋကတ်တိုက်မှာရှိတဲ့ စာအုပ် စာရင်းကို အကုန်ဖော်ပြထားတယ်။ ပါဠိပိဋကတ် စာပေတွေရော၊ မြန်မာစာပေတွေရောပဲ။ သဒ္ဒါကျမ်းကဏ္ဍမှာ ပါဠိသဒ္ဒါကျမ်းတွေ အများကြီးပါပေမဲ့ မြန်မာသဒ္ဒါကျမ်းနာမည်တစ်ခုမှ မပါဘူးလေ။ ဒါဟာ မြန်မာသဒ္ဒါကျမ်း မပေါ်ပေါက်ခဲ့တဲ့ သာဓကပဲ။ ။

မောင်ခင်မင် (ဓနုဖြူ)