၆ စက်တင်ဘာ
Pollution ဆိုသော ဝေါဟာရကို ယနေ့ခေတ်တွင် လူအများရင်းနှီးနားရည်ဝလောက်ပြီးဖြစ်သည်။ ညစ်ညမ်းမှု၊ ဖောင်းပွမှုတို့ကို ညွှန်းဆိုလိုသောအခါတွင် ယင်းဝေါဟာရ ကို အသုံးပြုကြသည်။ ဆိုကြပါစို့။ ရေထုညစ်ညမ်းမှု (Water Pollution)၊ လေထုညစ်ညမ်းမှု (Air Pollution)၊ အလားတူ အသံအဆမတန်ဆူညံမှု (Noise Pollution) မီးရောင်စုံများလိုအပ်သည်ထက် ပိုမိုစူးရှများပြားမှု (Light Pollution) စသည်တို့ဖြစ်သည်။
ယနေ့ခေတ် မြို့ပြနေလူသားတို့သည် အဆိုပါ ညစ်ညမ်းမှုများ၏ သားကောင်များဖြစ်ကြသလို တစ်ပြိုင် နက်တည်းမှာပင် ဖန်တီးသူများလည်းဖြစ်နေပြန်သည်။ ညအချိန်တွင် ကားတစ်စီးသည် ရောင်စုံမီးများကို လိုအပ် သည်ထက်ပိုမိုတပ်ဆင်ထားသည်။ အိတ်ဇောမှထွက်သော အသံကို ကျယ်လောင်စွာမြည်ဟည်းစေရန် တမင် တကာဖန်တီးထားသည်။ အရှိန်ပြင်းစွာ မောင်းနှင်သွားသော ကား၏နောက်တွင် မီးခိုးလုံးများ ကားလမ်း တစ်လျှောက်လွင့်ပါးလျက်။
အဓိကအကြောင်းရင်းတစ်ခုဖြစ်
လူတို့သည် ဖော်ပြပါ ညစ်ညမ်းမှုများနှင့်မတင်းတိမ် လေရော့သလားမသိ။ သတင်းအချက်အလက် ညစ်ညမ်း မှုနှင့်ဖောင်းပွမှုတို့ကို ဖန်တီးလာသည်။ သတင်းအချက် အလက် (Information) နှင့် ညစ်ညမ်းမှု၊ ဖောင်းပွမှု (Pollution) ဟူသော ဝေါဟာရနှစ်ရပ်ကို ပေါင်းစပ်လိုက်
သောအခါ Infollution ဟူသော ဝေါဟာရသည် ပေါ်ထွက်လာသည်။ သတင်းအချက်အလက် အများအပြားကို လွယ်လင့်တကူ ရရှိနိုင်ခြင်း၊ ပြန်လည်မျှဝေနိုင်ခြင်းနှင့် ရေးသားဖြန့်ဝေနိုင်ခြင်းတို့သည် Infollution ဖြစ်စေနိုင် သည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။ ။
ယနေ့ခေတ်ကာလကို သတင်းအချက်အလက်နှင့် နည်းပညာခေတ်ဟုဆိုကြသည်။ လူသားတို့၏ နေ့စဉ် လုပ်ငန်းဆောင်တာများတွင် သတင်းအချက်အလက်ရှာ ဖွေကြည့်ရှုခြင်းသည် မသိမသာရော သိသိသာသာပါ ပါဝင်လာသည်။ မတူကွဲပြားသော အကြောင်းအရာ အချက်အလက်များကို အမျိုးအမည်စုံလင်သော သတင်းအရင်းအမြစ်ပေါင်းမြောက်မြားစွာမှ အချိန်နှင့်တစ်ပြေးညီ ရယူနေကြသည်။ ဖျော်ဖြေရေးသက်သက်အတွက်သာမက ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အပါအဝင် ဘာသာရေး၊ အတွေးအခေါ်၊ ကျင့်စဉ်စသည့်အကြောင်းအရာတို့ ကိုပါ ပုံနှိပ်မီဒီယာ၊ အင်တာနက်နှင့်ဆိုရှယ်မီဒီယာ လူမှု ကွန်ရက်၊ ရုပ်သံအစီအစဉ်စသည်တို့မှ ကြည့်ရှုလေ့လာနေကြသည်။ ။
ကျွန်တော်တို့ငယ်စဉ်ကာလများတွင်မတော့ နေ့စဉ် ထုတ်သတင်းစာများနှင့် နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်သော ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဉ်များကိုသာ ကြည့်ရှု နားဆင်ရသည်။ ရုပ်မြင်သံကြား၊ ရေဒီယိုဆိုသည်မှာလည်း နိုင်ငံပိုင်ရုပ်သံလိုင်း တစ်လိုင်းသာရှိသည်။ အခြားပြောင်းလဲကြည့်ရှုရန်မရှိ။ ပုံနှိပ်မီဒီယာဆို၍ လက်လှမ်း မီသမျှ နေ့စဉ်ထုတ်သတင်းစာများနှင့် မဂ္ဂဇင်းအချို့သာ ရှိ၏။ တတ်နိုင်သူများက နယူးစ်ဝိခ် (Newsweek)၊ တိုင်းမ်စ် (Times)၊ ရီးဒါးဒိုင်ဂျက်စ်(Reader's Digest) စသည့်နိုင်ငံရပ်ခြားမှထုတ်ဝေသော မဂ္ဂဇင်းစာစောင်များကို မှာယူဖတ်ရှုကြသည်။
ယနေ့ခေတ်တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်အတူ စာအုပ်စာတမ်းများ ကျယ်ကျယ်ပြန့်ပြန့ ်ရေးသားထုတ်ဝေ ခွင့်ရရှိလာသည်။ ပုံနှိပ်မီဒီယာများတွင် အစိုးရနှင့်ပုဂ္ဂလိကမှ ရေးသားထုတ်ဝေသော သတင်းစာဂျာနယ်များသာမက နိုင်ငံရပ်ခြားမှထုတ်ဝေသော သတင်းစာ၊ ဂျာနယ်များကို အလွယ်တကူဖတ်ရှုနိုင်ကြပြီဖြစ်သည်။ မိမိသိရှိလေ့လာလိုသော ဘာသာရပ်အလိုက် သီးခြားထုတ်ဝေသော စာအုပ် စာတမ်းများကိုလည်း လက်လှမ်းမီစွာလေ့လာနိုင်ပြီဖြစ်သည်။
အင်တာနက်ပေါ်ပေါက်လာသည်နှင့် သတင်းအချက် အလက်စီးဆင်းမှုသည် မြန်နှုန်းမြင့် ကျည်ဆန်ရထား၏အရှိန်ကဲ့သို့ မြန်ဆန်လာသည်။ တစ်နေ့ထက်တစ်နေ့ နည်းပညာဆန်းသစ်တီထွင်မှုများ ပေါ်ပေါက်လာသောအခါ သတင်းအချက်အလက်စီးဆင်းမှု ကွန်ရက်သည် အတိုင်းအဆမဲ့ ကျယ်ပြန့်လာခဲ့သည်။ လူသားတို့သည် သတင်း အချက်အလက်ပိုက်ကွန်တွင် မိကုန်သော သတ္တဝါများကဲ့သို့ အုန်းအုန်းကျွက်ကျွက်ဖြစ်လေသည်။ ငယ်စဉ်တောင် ကျေးကလေးဘဝက ရုပ်မြင်သံကြားစက်ရှေ့ကြမ်းပြင်တွင် တင်ပျဉ်ချိတ်ထိုင်ကာ ရွေးချယ်စရာမရှိ တစ်လိုင်း တည်းသော ရုပ်သံအစီအစဉ်ကို ကြည့်ခဲ့ရသူကလေးသည် ယခုအခါ လက်တစ်ဝါးစာ စမတ်ဖုန်းမျက်နှာပြင်ကို စက္ကန့် မလပ်ရွေ့လျားစေကာ နည်းပညာရေစီးကြောင်းတွင် အလျားလိုက်ကူးခပ်နေလေပြီ။ မြန်မာနိုင်ငံနှင့်မိုင်ထောင် ချီဝေးကွာသော အင်္ဂလန်နိုင်ငံတွင် ယှဉ်ပြိုင်ကစားနေသော မန်ချက်စတာယူနိုက်တက်နှင့်အာဆင်နယ်တို့၏ ဘောလုံးပွဲကို မန်ချက်စတာမြို့ခံများနှင့် တစ်ချိန်တည်းတစ်ပြိုင်တည်း အားပေးကြည့်ရှုနိုင်လေပြီ။
အမေရိကန်လူမည်းအမျိုးသား ချော့ဖလွိုက်သေဆုံးရမှုအတွက် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း စီအင်န်အင်န် (CNN) ရုပ်သံဌာနက တိုက်ရိုက်အစီရင်ခံနေသည်။ အသားရောင်ခွဲခြားမှုကို ဆန့်ကျင်သော လူအုပ်ကြီးသည် မိမိဧည့်ခန်းအတွင်း ဒေါသတကြီး ဆူပွက်အော်ဟစ်နေသည်။ တွစ်တာတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ရေးသားမှုများကို နာရီမဆိုင်းသိရှိနိုင်သည်။
သတင်းအချက်အလက်နည်းပညာ အသိုက်အဝန်း ကျယ်ပြန့်လာခြင်းနှင့်အတူ လူသားတို့အတွက် ကြီးမားသော အကျိုးရလဒ် ရရှိနိုင်သည်ကို ငြင်းဆိုရန်မရှိချေ။ သို့ရာတွင် သတင်းဖြန့်ဝေမှုကွန်ရက် ကျယ်ပြန့်လာခြင်းနှင့် အတူ အခြားမလိုလားအပ်သော သတင်းဖောင်းပွမှု ပြဿနာသည်လည်း ကျွဲကူးရေပါဆိုသလို ပေါ်ပေါက်လာခဲ့သည်။ သတင်းအချက်အလက်များတွင် အမှန်နှင့်အမှား ရောထွေးနေတတ်သည်။ အမှားချည်းသက်သက်လည်း ဖြစ်နေတတ်သည်။ မလိုအပ်သော သို့မဟုတ် မလိုလားအပ်သော သတင်းစကားများဖြစ်နေတတ်သည်။ အရင်းအမြစ်က ခိုင်မာမှုမရှိ။ အကိုးအကားမပါ။ အကိုးအကားပြု နိုင်ဖွယ်လည်းမရှိချေ။ သို့သော် ယင်းသတင်းစကားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဖြူးသူများလည်း ရှိနေ တတ်ပြန်သည်။
ဆိုခဲ့ပြီးသည့်အတိုင်း သတင်းအချက်အလက် နည်းပညာခေတ် (တစ်နည်း အင်တာနက်ခေတ်) တွင် လူသား၏ရှင်သန်ရပ်တည်မှုသည် သတင်းအချက်အလက်ပေါ်တွင် မှီခိုသည်။ နိစ္စဓူဝ ဆုံးဖြတ်ချက်များချမှတ်ရာတွင် သတင်းအချက်အလက်များအပေါ် မှီခိုလာရသည်။ ကုန်ဈေး နှုန်းအတက်အကျ၊ ဝယ်လိုအားရောင်းလိုအားတို့သည် သတင်းဖောင်းပွမှုအပေါ်တည်မှီလာသည်။ “ကိုဗစ်-၁၉ ကူးစက်ရောဂါ မြန်မာနိုင်ငံတွင် စတင်တွေ့ရှိ”ဆိုသော သတင်းနှင့်အတူ ဈေးဝယ်စင်တာများတွင် စားသောက် ကုန်နှင့်လူသုံးကုန်ပစ္စည်းများကို ညလုံးပေါက် အလုအယက် ဝယ်ယူကြရာ ပစ္စည်းများပြတ်လပ်သည်အထိ ဖြစ်ခဲ့သည်။
အလည်အပတ်ခရီးထွက်ခြင်းသည်လည်း သတင်းဖောင်းပွခြင်းနှင့် သက်ဆိုင်လာရသည်။ တစ်စုံတစ်ယောက်က မည်သည့်နေရာသည် မည်ကဲ့သို့လှပကြောင်း၊ အချိန် မနှောင်းမီ ဦးဦးဖျားဖျား သွားရောက်လည်ပတ်သင့်ကြောင်း လူမှုကွန်ရက်တွင် တင်လိုက်သည်နှင့် ၎င်းနေရာသို့ သူ့ထက်ငါ အလုအယက်သွားရောက်ကြရာ ဝန်နှင့်အား မမျှသည်နှင့် ခရီးစဉ်ဒေသ အသစ်ကလေးသည် မကြာ မြင့်မီပင် ယိုယွင်းပျက်စီးခြင်းသို့ ရောက်ရတော့သည်။ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖြစ်ရေး မြော်မြင် စဉ်းစားသင့်လေသည်။
အချိန်တိုအတွင်းရောက်ရှိသွားနိုင်
လူလူချင်းတိုက်ရိုက်ထိတွေ့ဆက်ဆံရာတွင် သတင်းစကားတစ်ခုသည် တစ်ကြိမ်တွင် အများဆုံးလူဆယ် ဂဏန်းခန့်ကိုသာ ဖြန့်ဝေနိုင်သော်လည်း ယနေ့ခေတ်တွင် စက္ကန့်ပိုင်းအတွင်း ကမ္ဘာတစ်ဝန်းလုံးရှိ လူသန်းပေါင်း များစွာထံကို အချိန်တိုအတွင်းရောက်ရှိသွားနိုင်ပေသည်။ အင်တာနက်ချိတ်ဆက်ပြီး မိုဘိုင်းဖုန်းများ ကလေးသူငယ်ကအစ အသုံးပြုနိုင်နေခြင်းနှင့် ဖေ့စ်ဘွတ်ယဉ်ကျေးမှု ခေတ်စားလာခြင်းသည် မြန်မာနိုင်ငံတွင် Infollution အားကောင်းလာစေသည့် အချက်တစ်ချက် ဖြစ်သည်ကို ငြင်းမရ။ Information Literacy ဟုခေါ်သော သတင်းအချက်အလက် အသိပညာမပြည့်ဝမီအလုံးအရင်းနှင့် ဝင်ရောက်နေရာယူလာသော သတင်းစကားအချက် အလက်များကြောင့် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်ကြရသည်။ သတင်းစကားကို အလွဲအမှားအသုံးပြုမိကြရသည်။ ဝေးကွာနေသော မိတ်ဆွေနှင့်ဆွေမျိုးသားချင်းများကို နီးကပ်စေသော၊ သတင်းစကားများဖလှယ်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုကို တိုးပွားစေသော ဖေ့စ်ဘွတ်သည် အမုန်းစကားနှင့်ဆဲဆိုသံများ ပြည့်နှက်ရာနေရာ ဖြစ်လေပြီ။ အချို့ကား ကိုယ်ကျိုးစီးပွားအတွက် ရန်ဘက်ပြု၏။ အချို့ကား မည်သူ့အကျိုးစီးပွားအတွက်မျှ မဟုတ်။ ဝင်ရေးရပြီးရော ရေးကြသည်။ ဝင်ပြောရပြီးရော
ပြောကြသည်။ မှန်၏၊ မှား၏။ သင့်၏၊ မသင့်၏ မသုံးသပ်။ ခွေးလှေးခုန်လို့ ဖုန်မထသော်လည်း ပတ်ဝန်းကျင် ညစ်ညမ်းရာ၏။ တန်ဖိုးရှိသော သတင်းတစ်ခုတွေ့ရှိဖတ်ရှု ဖို့ရာ ဖောင်းပွနေသော သတင်းမျက်နှာစာများကို
ကျော်လွှားရသည်။ စာတစ်ပုဒ်သည် သုတသော် လည်းကောင်း၊ ရသသော်လည်းကောင်း ရစေအပ်သည်။ သို့မဟုတ်ပါက အချည်းနှီး လူ့အသိုက်အဝန်းကို အကျိုးမပြု၊ စာအမှိုက်သာဖြစ်တော့သည်။ ယင်းသဘော ကို မိမိတို့ငယ်စဉ်ကလေ့လာဖတ်ရှုခဲ့ရသည်။ သို့သော် ယနေ့တွင်ကား သုတလည်းမမည်။ ရသလည်းမမြောက်
သောစာများ၊ သတင်းစကားများကား ပတ်ဝန်းကျင်တွင် အနမတဂ္ဂ။ အမှန်နှင့်အမှား၊ အကျိုးနှင့်အကြောင်းကိုကား မိမိ၏ ပညာဉာဏ်၊ ဆင်ခြင်တုံတရားဖြင့်သာ ပိုင်းခြားရာ ဖြစ်တော့သည်။ အားလုံးသတင်းအမှန်ရကြပါစေ။ ။
စည်သူကျော်


