ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

 

ကမ္ဘာ့မြေမျက်နှာပြင်အထက် မိုင် ၃၀၀ (ကီလိုမီတာ ၅၀၀) ခန့်အထိကို လေထုက လွှမ်းခြုံထားပါသော်လည်း ကျွန်ုပ်တို့ အသက်ရှင်သန်မှုအတွက် ကမ္ဘာမြေပြင်အထက် ၅ မိုင်မှ ၉ မိုင်အတွင်းရှိ လေထုကိုသာ ရှူရှိုက်နိုင်ပါသည်။ သန့်ရှင်းသောလေကို ရှူရှိုက်ရခြင်းသည် သက်ရှိတို့အတွက် အရေးကြီးသောကဏ္ဍတစ်ရပ် ဖြစ်ပါသည်။ တိုးတက်လာသောခေတ်၏ ရေစီးကြောင်းအတိုင်း လူသားတို့ တီထွင်ကြံဆဆောင်ရွက်မှုများမှ လေထုညစ်ညမ်း မှုများဖြစ်ပေါ်စေရာ လေထုညစ်ညမ်းမှုသည် ရာသီဥတုပြောင်းလဲမှုနှင့် ချိတ်ဆက်နေသည်ဖြစ်၍ လေထု ညစ်ညမ်းမှုကို လျှော့ချနိုင်မည်ဆိုပါက သက်ရှိများနှင့် ပတ်ဝန်းကျင်အပေါ်တွင် များစွာအကျိုးဖြစ်ထွန်းလာစေမည် ဖြစ်ပါသည်။


ဤအချက်ကို တပ်လှန့်နှိုးဆော်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် ၇၄/၂၁၂ အရ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ၊ အကျိုးသက်ရောက်မှုများနှင့် လေထုအရည်အသွေးကို တိုးတက်လာစေမည့် ဖြေရှင်းနည်း များကို ပိုမိုသိရှိနားလည်လာစေရန်အတွက် နှစ်စဉ် စက်တင်ဘာလ ၇ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (International Day of Clean Air for Blue Skies) အဖြစ်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။


ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၇ ရက်နေ့ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies) အထိမ်းအမှတ် ဆောင်ပုဒ်ကို “လေထုသန့်ရှင်းဖို့ အားလုံးပါဝင်ဆောင်ရွက်စို့ (Clean Air for All)” ဟု သတ်မှတ်ထားပါသည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် ရင်ဆိုင်ကြုံတွေ့နေရသော ပတ်ဝန်းကျင် ယိုယွင်းပျက်စီး မှု၊ စိန်ခေါ်မှုပြဿနာများအနက် လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာနှင့်အဝန်း နှစ်စဉ်လူဦးရေ (၇) သန်းခန့် အရွယ် မတိုင်ခင် သေဆုံးနေရသည့်အတွက် လေထုသန့်ရှင်းစေရေးကို ဦးစားပေးအနေဖြင့် ဖြေရှင်း ဆောင်ရွက်သွားရန် လိုအပ်နေပြီဖြစ်ပါသည်။ လူသားနှင့် သက်ရှိအားလုံး အသက်ရှင်နေထိုင်နိုင်ရန်အတွက် သန့်ရှင်းသောလေကို ရှူရှိုက်ခွင့်ရရှိရန် အရေးကြီးပါသည်။ နေ့စဉ်လူနေမှုဘဝ၌ လေထုညစ်ညမ်းစေသည့် အရာများစွာဖြစ်ပေါ်လျက်ရှိရာ လူသားများ၏ ကျန်းမာရေး အပေါ် ထိခိုက်မှုအန္တရာယ်ကြီးမားသည့်အပြင် ရာသီဥတုပြောင်းလဲမှု၊ ဂေဟစနစ်များ ပျက်စီးမှုနှင့်လေထု ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့်အတွက် တားဆီးကာကွယ်ထိန်းချုပ်မှုများကို ဆောင်ရွက်သွားရန် လိုအပ်ပါသည်။


လေထုညစ်ညမ်းမှုပြဿနာ
ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအနက် လေထုညစ်ညမ်းမှုပြဿနာသည် တစ်နေ့ထက်တစ်နေ့ များပြားလာ သည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဖြစ်သော “WHO” ကမူ လေထုညစ်ညမ်းခြင်းကို အဓိပ္ပာယ် ဖွင့်ဆိုရာ၌ လေထုတွင်း၌ရှိသော ဓာတ်ငွေ့များသည် အမျိုးမျိုးသောသက်ရောက်မှုများဖြင့် လူသားနှင့် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေခြင်းဟု ဆိုထားပါသည်။ လေထုညစ်ညမ်းရခြင်းမှာ လေထုထဲတွင် ဇီဝဗေဒ ဆိုင်ရာ (သို့မဟုတ်) ဓာတုဗေဒဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး မသန့်ရှင်းသော မီးခိုးဖုန်မှုန့်ဓာတ်ငွေ့ များစွာ ပါဝင်လာရခြင်းကြောင့် ဖြစ်သည်။ အမေရိကန် သတင်းစာဆရာ “Irv Kupcinet” ကမူ လေထုညစ်ညမ်း ခြင်းကို “သဘာဝလောကကြီးအား အရွယ်မတိုင်မီ အိုမင်းလာစေခြင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။


လေထုညစ်ညမ်းမှုသည် မီးတောင်ပေါက်ကွဲခြင်း၊ တောမီးလောင်ကျွမ်းခြင်းစသည့် သဘာဝဘေးအန္တရာယ် များကြောင့်လည်း ဖြစ်နိုင်သကဲ့သို့ သယ်ယူပို့ဆောင်ရေး ယာဉ်များ၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတူးဖော်ရေးလုပ်ငန်း များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများစသည့် လူသားတို့၏ အပြုအမူများကြောင့် ဖြစ်ပေါ်လာသည့် အခိုးအငွေ့များ နှင့်အမှုန်များ ထွက်ရှိမှုတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။


မော်တော်ယာဉ် (Automobiles) များသည် ကာဗွန် ပါသောလောင်စာများကို အသုံးပြုပါသည်။ ထိုကာဗွန် များ အပြည့်အဝ မလောင်ကျွမ်းသည့်အခါ ၎င်းယာဉ်များမှ လေထုထဲသို့ အဆိပ်အတောက်ဖြစ်စေသော ကာဗွန်မို နောက်ဆိုဒ်ဓာတ်ငွေ့များ ထုတ်လွှတ်ပါသည်။ ကာဗွန်မို နောက်ဆိုဒ်သည် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သော အောက်ဆီဂျင်ကို အပြည့်အဝမရရှိစေနိုင်သောကြောင့် မူးဝေခေါင်းကိုက်စေပြီး ရှူရှိုက်မိသည့် ပမာဏများပြားလာပါက အသက်အန္တရာယ်ဆုံးရှုံးလာနိုင်ပါသည်။


လေထုညစ်ညမ်းမှု

စက္ကူစက်ရုံများ၊ စက်သုံးဆီ သန့်စင်စက်ရုံများ၊ ဓာတ်မြေဩဇာစက်ရုံများနှင့် Power Plant များမှ အန္တရာယ်ရှိသော ဓာတ်ငွေ့များဖြစ်သည့် Carbon Dioxide (CO2), Sulfur Dioxide (SO2), Hydro Carbon (HC), Nitrogen Oxides (NOx) များ လေထုထဲသို့ အများဆုံးထုတ်လွှတ်ခြင်းကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါသည်။ ရုပ်ကြွင်း လောင်စာများ လောင်ကျွမ်းမှုကြောင့် လေထုညစ်ညမ်းမှုကို အဓိကဖြစ်ပေါ်စေပါသည်။ သစ်သား၊ ကျောက်မီးသွေး နှင့် အခြားသောရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းရာတွင် Carbon Dioxide (CO2), Sulfur Dioxide (SO2), Nitrogen Oxides (NOx) များ လေထဲသို့ရောက်ရှိပြီး လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါသည်။

 

လေထုအတွင်း၌ရှိသော ထရိုပိုစပီးယားအလွှာနှင့် စထရာတိုစပီးယားအလွှာတို့တွင် အိုဇုန်းဓာတ်ငွေ့တွေ့ရှိ ရပြီး မြေပြင်အထက်အနီးအနားတွင်ရှိသော ထရိုပိုစပီးယား အလွှာ အိုဇုန်းဓာတ်ငွေ့ (Bad Ozone/ Ground Ozone) သည် နိုက်ထရိုဂျင်အောက်ဆိုဒ်နှင့် အငွေ့ပြန်တတ်သော အော်ဂဲနစ်များ စုပေါင်းဓာတ်ပြု၍ ဖြစ်ပေါ်လာသော ဓာတ်ငွေ့ဖြစ်ပြီး ရင်ကျပ်ရောဂါသည်များအတွက် လွန်စွာဘေးဖြစ် စေနိုင်ပါသည်။ စထရာတိုစပီးယားအလွှာရှိ အိုဇုန်းဓာတ်ငွေ့သည့် နေရောင်ခြည်မှပါလာသည့် ခရမ်းလွန်ရောင်ခြည်ကို ကမ္ဘာ့မြေမျက်နှာပြင်သို့ တိုက်ရိုက် မကျရောက်စေရန် ကာကွယ်ပေးထားပါသည်။


ထို့အပြင် ဆာလဖာဒိုင်အောက်ဆိုဒ်သည် မျက်စိ၊ နှာခေါင်း၊ လည်ချောင်းတို့ကို ဘေးဖြစ်စေ၍ အသက်အရွယ် နုနယ်သော ကလေးများဆိုပါက ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ရှိလာနိုင်ကြောင်း ကျန်းမာရေးပညာရှင် များက ဆိုကြပါသည်။ လေထုကို ညစ်ညမ်းစေသောဓာတ်ငွေ့များသည် လူတို့၏ကျန်းမာရေးကို ထိခိုက်စေရာ၌ပမာဏ တစ်ခုနှင့်တစ်ခု မတူညီကြပေ။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းနှင့် မျက်စိတွင် အများဆုံးအကျိုးသက်ရောက် မှုဖြစ်စေသဖြင့် လေထုညစ်ညမ်းမှုရှိသောနေရာသို့ သွားရောက်သည့်အခါတိုင်း နှာခေါင်းစည်းနှင့် မျက်မှန်တို့ကို တပ်ဆင်သင့်ပါသည်။ ကိုယ်ဝန်ဆောင် မိခင်များအနေ ဖြင့် ညစ်ညမ်းသောလေထုကို ရှူရှိုက်မိခြင်းကြောင့် သန္ဓေ သားတွင် ဉာဏ်ရည်ဖွံ့ဖြိုးမှု နိမ့်ကျခြင်း၊ ကိုယ်ခန္ဓာမကြီး ထွားခြင်း၊ ခြေလက်အင်္ဂါမပြည့်စုံခြင်း စသည်တို့ကို ဖြစ်စေ နိုင်ပါသည်။


လေထုအရည်အသွေးနှင့် ရာသီဥတုပြောင်းလဲမှု

လေထုအရည်အသွေးနှင့် ရာသီဥတုပြောင်းလဲမှုတို့သည် လွန်စွာဆက်နွှယ်နေကြသည်။ ဥပမာ အိုဇုန်းကဲ့သို့ သော လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသော အရာများသည် လူသားတို့အတွက် အန္တရာယ်ရှိရုံသာမက ရာသီဥတု ပြောင်းလဲမှု ကိုလည်း ဖြစ်ပေါ်စေပါသည်။ ဥပမာအားဖြင့် အပူချိန်မြင့်တက်မှုများကို ဖြစ်ပေါ်လာစေပါသည်။ ထို့အပြင် Fossil fuels များ လောင်ကျွမ်းခြင်းမှ ထွက်ပေါ်လာသော CO2 နှင့် NO2 ကဲ့သို့သော မှန်လုံအိမ်ဓာတ်ငွေ့များတိုးပွား လာခြင်းသည် ကမ္ဘာ့မျက်နှာပြင်နှင့် လေထုကြားရှိ စွမ်းအင်ညီမျှမှုကို ပြောင်းလဲပေးရုံသာမက အပူချိန်ပြောင်းလဲမှုကို လည်း ဖြစ်ပေါ်စေပါသည်။ ကာဗွန်နှင့် အိုဇုန်းကဲ့သို့သော လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသောအရာများ ထုတ်လွှတ် ခြင်းဖြင့် စွမ်းအင်ညီမျှမှု (Energy Balance) ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။


ထို့အပြင် အချို့သောဒြပ်များနှင့် ဓာတ်ငွေ့များကြောင့် အက်စစ်မိုး ရွာသွန်းခြင်းများကိုပင် ဖြစ်ပေါ်စေနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေနိုင်ပါသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကဲ့သို့သော မှန်လုံအိမ်အကျိုး သက်ရောက်မှုမြင့်မားသည့် အရာများကို စဉ်ဆက်မပြတ် ထုတ်လွှတ်နေခြင်းကြောင့် ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေ ပါသည်။ ထို့အတွက်ကြောင့် ဖြစ်ပေါ်လာနိုင်သော လေထု ညစ်ညမ်းမှုအခြေအနေများကို ကာကွယ်တားဆီးနိုင်ရေး အတွက် သင့်လျော်သောနည်းလမ်းများကိုချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။


ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းပျက်စီး

တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် မီးလောင်ကျွမ်းမှုတို့အပြင် စက်ရုံ၊ အလုပ်ရုံ များမှဖြစ်ပေါ် လာသည့် အခိုးအငွေ့များကြောင့်ဖြစ်သော လေထုညစ်ညမ်းမှု (မီးခိုးမြူငွေ့ညစ်ညမ်းမှု)သည် သဘာဝပတ်ဝန်း ကျင်နှင့် လူတို့၏ကျန်းမာရေးကိုသာမက သက်ရှိသက်မဲ့သယံဇာတ အရင်းအမြစ်များကို ဆိုးရွားသည့် အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သကဲ့သို့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင်လည်း မလိုလားအပ်သည့် ကြန့်ကြာမှုများ ကို ဖြစ်ပေါ်စေနိုင်ပါသည်။ မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်နေသည့်ကာလများတွင် ကျောင်းများပိတ်ထားရသည့် အခြေအနေများကြောင့် ပညာရေးကဏ္ဍတွင် သက်ရောက်စေနိုင်သကဲ့သို့ စီးပွားရေးအရ ဆုံးရှုံးမှုများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့အပြင် မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု နှင့် ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းပျက်စီးပြီး ၎င်းတို့၏ မူရင်းဒေသများကို ပျောက်ဆုံးစေပါသည်။


သဘောတူလက်မှတ်ရေးထိုး
မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် ကမ္ဘာ့နိုင်ငံများအပါအဝင် အာဆီယံဒေသအတွင်း နှစ်စဉ်ကြုံတွေ့နေရသော ပတ်ဝန်း ကျင်ဆိုင်ရာစိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါသည်။ ၁၉၉၁ ခုနှစ်၊ ၁၉၉၄ ခုနှစ်၊ ၁၉၉၇ ခုနှစ်၊ ၂၀၁၅ ခုနှစ်များနှင့် လတ်တလော ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တွင်လည်း အာဆီယံဒေသတွင်း၌ မီးခိုမြူငွေ့ညစ်ညမ်းမှု များဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံနယ်စပ်ဒေသ တာချီလိတ်မြို့တွင်လည်း မီးခိုးမြူငွေ့ ညစ်ညမ်းမှုဒဏ်များကို ခံစားခဲ့ရပါသည်။ အဆိုးရွားဆုံးဖြစ်ရပ် မှာ ၁၉၉၇/ ၁၉၉၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ သစ်တောဧရိယာ ဟက်တာ ၁ ဒသမ ၈ သန်းမှ ၂ ဒသမ ၂ သန်းအထိ ကျယ်ပြန့်သော တောမီးလောင်ကျွမ်းခြင်းကြောင့် မီးခိုးမြူငွေ့ညစ်ညမ်း မှုဖြစ်ပေါ်ခဲ့ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ ၃၀၀၀ မှ ၉၄၀၀ မီဂါတန်အထိ ထုတ်လွှတ်ခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ မီးခိုးမြူငွေ့ညစ်ညမ်းမှုကို လျှော့ချနိုင်ရန်အတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ဆိုင်ရာ အာဆီယံသဘောတူညီချက်ကို သဘောတူလက်မှတ်ရေးထိုးပြီး အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါသည်။


ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်ဟူသော စကားအတိုင်းပင် ယခုအချိန်သည် လေထု ညစ်ညမ်းမှုကိုလျှော့ချပြီး သန့်ရှင်းသောလေကို ရှူရှိုက်နိုင်ရေးအတွက် လူသားတို့၏ လုပ်ဆောင်ချက်များကို ဆင်ခြင်သုံးသပ်သင့်သောအချိန်အခါပင် ဖြစ်ပါသည်။ လေထုညစ်ညမ်းမှုကို လျှော့ချရာတွင် အဓိကလုပ်ငန်းစဉ် (၃)ရပ် ထား၍ ဆောင်ရွက်သင့်ပေသည်။ ၎င်းတို့အနက် ပထမလုပ်ငန်းစဉ်မှာ စွမ်းအင်ချွေတာသုံးစွဲခြင်း ဖြစ်သည်။ ဒုတိယလုပ်ငန်းစဉ်မှာ သစ်တောသစ်ပင်များ တိုးချဲ့စိုက်ပျိုးခြင်းဖြစ်သည်။ အစိမ်းရောင် ကလိုရိုဖီးလ်ဖြင့် ဖွဲ့စည်းထားသောအပင်များသည် လေထုညစ်ညမ်း စေသော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးပြီး သန့်စင်သော အောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်သည် မှန်လုံအိမ်ဓာတ်ငွေ့များအနက် ပဓာန အကျဆုံး ဓာတ်ငွေ့ဖြစ်ရာ သစ်ပင်များစိုက်ပျိုးခြင်းသည် မှန်လုံအိမ်အာနိသင်ကို လျှော့ချပြီး ကမ္ဘာကြီးပူနွေးလာမှုကို ဟန့်တားစေနိုင်သောအရာ ဖြစ်ပေသည်။ တတိယလုပ်ငန်းစဉ်အနေဖြင့် “အစိမ်း ရောင်ဖွံ့ဖြိုး၊ ပြည့်အကျိုး” ဆိုသည့်အတိုင်း ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အစိမ်းရောင်နည်းပညာများ ပိုမို ကျယ်ပြန့်စွာသုံးစွဲရေးဖြစ်သည်။ ရုပ်ကြွင်းလောင်စာများကို လောင်ကျွမ်းစေပြီး စွမ်းအင်ထုတ်လွှတ်ကြရာမှ ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြင့် ၃၅ ရာခိုင်နှုန်းအထိ တိုးမြင့်သုံးစွဲကြရန် ရည်မှန်းထားပေသည်။


နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်

လေထုညစ်ညမ်းလာမှု၏ ဆိုးကျိုးတစ်ရပ်ဖြစ်သည့် ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်စေသော မှန်လုံအိမ်ဓာတ်ငွေ့ များလျှော့ချခြင်းသည် ကမ္ဘာပေါ်ရှိ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပေသည်။ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် လေထုညစ်ညမ်းမှု ဖြစ်ပွားပြီးမှ လျှော့ချခြင်းထက် လေထုညစ်ညမ်းမှုမဖြစ် ပေါ်အောင် ကာကွယ်စောင့်ရှောက်ခြင်းက ပိုမိုသင့်လျော် ကောင်းမွန်ပါသည်။ နိုင်ငံအဝန်း သစ်တောစွမ်းဖြင့် စိမ်းလန်းစေကာ ဒေသတွင်း မှန်လုံအိမ်ဓာတ်ငွေ့မြင့်တက် လာမှုကို လျှော့ချခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် များကို အသုံးပြုခြင်း၊ ဒေသတွင်း အစိမ်းရောင်နည်း ပညာများ တိုးချဲ့အသုံးပြုရေးနှင့် တိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ “တစ်ဦးကစ အများ” ဟူသည့်အတိုင်းပင် မိမိတို့တစ်ဦး တစ်ယောက်ချင်း၏ အပြုအမူအသုံးအစွဲများကို လျှော့ချ ပြင်ဆင်နိုင်ပါက လေထုညစ်ညမ်းမှုကို လျှော့ချနိုင်မည်မှာ ဧကန်ပင်ဖြစ်ပါသည်။


လေထုသန့်ရှင်းရေးသည် အရေးကြီး

အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံအနေဖြင့် ဆင်းရဲမှုလျှော့ချရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်း၍ စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်များ၊ စက်မှုလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့် တည်ထောင်ခြင်း၊ မြို့ပြ၊ ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦ တိုးချဲ့ခြင်း၊ မြို့ပြဒေသများတွင် မော်တော်ယာဉ် အသုံးပြုမှု များပြားလာခြင်းတို့သည် လေထုညစ်ညမ်းမှုပြဿနာများ ဖြစ်ပေါ်စေနိုင်သည့်အတွက် လေထုသန့်ရှင်း ရေးသည် အရေးကြီးပြီး လေထုညစ်ညမ်းမှုလျှော့ချရေးကို အထူးအလေးထား ဆောင်ရွက် ရမည်ဖြစ်ပါသည်။ ထို့ကြောင့် “လေထုသန့်ရှင်းဖို့ အားလုံးပါဝင်ဆောင်ရွက်စို့” ဟူသော ယခုနှစ် ဆောင်ပုဒ်နှင့်အညီ လူသားနှင့် သက်ရှိအားလုံးတို့အတွက် အရေးကြီးသော လေထုသန့်ရှင်းရေးကို အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ အပါအဝင် တစ်ဦးတစ်ယောက် ချင်းစီအနေဖြင့် လက်တွဲညီညီ ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ကြရန် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် တိုက်တွန်းတင်ပြအပ်ပါသည်။    ။