ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
ကုလသမဂ္ဂအဖွဲ့အစည်းကို ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ ကာလအနည်းငယ်အတွင်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်တယ်။ ငြိမ်းချမ်းရေးကိုအခြေခံပြီး ဖွဲ့စည်းခဲ့တာဖြစ်တယ်။ စစ်ရဲ့ဆိုးကျိုးတွေ၊ အနိဋ္ဌာရုံတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေဖော်ထုတ်ခဲ့ပါတယ်။ ဆောင်ပုဒ်အနေနဲ့ “In Larger Freedom” ပိုမိုမြင့်မားတဲ့လွတ်လပ်မှု အဓိပ္ပာယ်ဖြစ်တယ်။ လွတ်လပ်မှုသုံးရပ်ကို ဖော်ထုတ်ခဲ့ပါတယ်။
ပထမလွတ်လပ်မှုက Freedom From Fear ‘ကြောက်ရွံ့ခြင်းမှလွတ်လပ်ခြင်း’ ဖြစ်တယ်။ အကြောက် တရားနဲ့ အသက်ရှင်တဲ့သူတစ်ဦးမှာ လွတ်လပ်မှုမရှိနိုင် တာတွေ့ရပါတယ်။ ကြောက်ရွံ့သူဟာ မလုံခြုံနိုင်ပါဘူး။ အကြောက် တရားကင်းပြီး လွတ်လပ်စွာ ရှင်သန်လှုပ်ရှားခွင့် ရှိရမှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ အရေး ပါလှပါတယ်။ ဥပဒေရဲ့အကာအကွယ်ပေးမှုရှိဖို့ လိုအပ် ပါတယ်။ ဒါကြောင့်လည်း လူ့အဖွဲ့အစည်းတွေမှာ ဒီမိုကရေစီစနစ် ရှင်သန်ဖို့ လိုအပ်တာကို လက်ခံထားခဲ့ တယ်။ အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံသူအကြား စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေ ပပျောက်အောင်၊ လျော့ပါးအောင် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။
ဒုတိယလွတ်လပ်မှုဟာ Freedom From Want ‘တောင့်တခြင်းမှ လွတ်လပ်ခြင်း’ ဖြစ်ပါတယ်။ တောင့်တ မှု ရှိနေသူတစ်ဦးဟာ မလွတ်လပ်နိုင်တော့ပါဘူး။ ဆင်းရဲ သူမှာတောင့်တမှုဟာ အမြဲရင်ဆိုင်နေရတဲ့အရာ ဖြစ်ပါ တယ်။ ဒါကြောင့် နိုင်ငံတွေအနေနဲ့ စီးပွားရေးအရ တိုးတက်အောင်၊ ဖွံ့ဖြိုးအောင် ကြိုးစားနေတာဖြစ်တယ်။ စီမံကိန်းမျိုးစုံ ဖော်ထုတ်ပြီး ဆင်းရဲနွမ်းပါးမှုကို ပပျောက်အောင် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ နောက်ဆုံး လွတ်လပ်မှုက “Freedom to Live in human dignity” ‘ သိက္ခာရှိတဲ့ဘဝကို ဖန်တီးလှုပ်ရှားနိုင်ဖို့’ ဖြစ်တယ်။ လူ့အခွင့်အရေး ရယူခံစားနိုင်ဖို့ လိုအပ်တယ်။ လူ့အခွင့် အရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးအနေအထားတင်မက စီးပွားရေးနဲ့လူမှုရေး လူ့အခွင့်အရေးတွေကိုလည်း ခံစားခွင့်ရှိဖို့ အရေးကြီးတာတွေ့ရပါတယ်။
အဖွဲ့အစည်းအောင်မြင်မှုသည် အဖွဲ့ဝင်များပေါ်မူတည်
ကုလသမဂ္ဂအဖွဲ့အစည်းနဲ့ ပတ်သက်လာရင် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ခေတ်အနေအထားကိုလည်း နားလည်သဘော ပေါက်ဖို့ လိုအပ်ပါတယ်။ ကုလအဖွဲ့အစည်းကို ဖွဲ့စည်းတဲ့ကာလမှာ ဒုတိယကမ္ဘာစစ်ကို အောင်နိုင်ခဲ့တဲ့ နိုင်ငံငါးနိုင်ငံက ဦးစီးပြီးဖွဲ့စည်းခဲ့တယ်။ မဟာမိတ်နိုင်ငံများအနေနဲ့ သတ်မှတ်ခဲ့တဲ့ နိုင်ငံတွေဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုသမ္မတနိုင်ငံနဲ့ ဗြိတိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတွေ ဦးဆောင် ခဲ့တယ်။ ဒါကြောင့် ဒီငါးနိုင်ငံကို လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်တွေအဖြစ် သတ်မှတ်ခဲ့တယ်။ ဒါကြောင့်လည်း နောင်တစ်ချိန်မှာ စီးပွားရေးအရ အောင်မြင်တိုးတက်လာတဲ့ ဂျာမနီနိုင်ငံဟာ စစ်ရှုံးခဲ့တဲ့ နိုင်ငံဖြစ်တာမို့ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံမဖြစ်ခဲ့ပါဘူး။ အိန္ဒိယနိုင်ငံဟာ လူဦးရေအများဆုံးဖြစ်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်ပေမယ့် မပါဝင်နိုင်တာ တွေ့ရတယ်။ တောင်အမေရိကနိုင်ငံဖြစ်တဲ့ ဘရာဇီးနိုင်ငံဟာလည်း မပါဝင်နိုင်ခဲ့ပါဘူး။
၁၉၄၅ ခုနှစ်များမှာ ကိုလိုနီစနစ်ဟာ ကြီးထွားနေတဲ့အချိန်ကာလဖြစ်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ကြီး တည်ထောင်ခဲ့စဉ် ကိုလိုနီလက်အောက်မှာ ကျရောက်နေတဲ့နိုင်ငံတွေ မပါဝင်ခဲ့ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်ရေးရပြီးတဲ့ ၁၉၄၈ ခုနှစ်မှာ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းဟာ ဖြတ်သန်းခဲ့တဲ့ ၇၅ နှစ်ကာလအတွင်း စိန်ခေါ်မှုမျိုးစုံ၊ အခက်အခဲမျိုးစုံ၊ ဝေဖန်မှုမျိုးစုံ ရင်ဆိုင်တွေ့ကြုံခဲ့ပါတယ်။ စစ်အေးကာလအတွင်း အနောက်အုပ်စုနဲ့ ကွန်မြူနစ်အုပ်စု လွန်ဆွဲမှုတွေအကြား အလူးအလဲခံစားခဲ့ရတယ်။ အလိုမကျတဲ့နိုင်ငံတွေရဲ့ ဝေဖန်မှုကိုလည်း အချိန်အခါ နဲ့အညီခံခဲ့ရတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းနဲ့ပတ်သက်ပြီး သတိပြုဖို့လိုအပ်တဲ့ အချက်တစ်ခုက ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းမျိုးစုံရှိတာကို သတိပြုရမှာ ဖြစ်တယ်။ ကလေးများရန်ပုံငွေ ဖွံ့ဖြိုးမှုအစီအစဉ်၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ အလုပ်သမားအစရှိတဲ့ အဖွဲ့အစည်းတွေ မျိုးစုံရှိပါတယ်။ ဒါကြောင့် ကုလလို့ ပြောရင် အမေရိကန်နိုင်ငံမှာအခြေစိုက်တဲ့ အထွေထွေ ညီလာခံကိုတာဝန်ခံတဲ့ ကုလသမဂ္ဂရုံးရှိသလို ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေတဲ့ ကုလအဖွဲ့အစည်းတွေရှိတာ ဖြစ်ပါတယ်။
အဖွဲ့အစည်းတစ်ခုဟာ ပြီးပြည့်စုံမှုမရှိနိုင်ကြောင်း လက်ခံရမှာဖြစ်တယ်။ အဖွဲ့အစည်းရဲ့ အောင်မြင်မှုဟာ အဖွဲ့ဝင်များအပေါ်မှာ မူတည်တာကိုလည်း သဘောပေါက်ရမှာဖြစ်တယ်။ ဒါကြောင့်လည်း ကုလအဖွဲ့အစည်းဟာ ပြုပြင်ပြောင်းလဲမှုတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ တယ်၊ ဆောင်ရွက်လျက်ရှိတာ တွေ့ရပါတယ်။ အခုလို ဆောင်ရွက်ရာမှာ အဆုံးအဖြတ်တွေနဲ့ ပတ်သက်ပြီး Veto အာဏာရှိတဲ့ကြီး (၅) ကြီးနိုင်ငံတွေ အပေါ်မူတည် နေပါတယ်။
(၇၅) နှစ်မြောက် စကားဝိုင်းများ
ကုလသမဂ္ဂအဖွဲ့အစည်း (၇၅) နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေမှာ အမျိုးသားအဆင့် စကားဝိုင်းတွေ ကျင်းပလျက်ရှိပါတယ်။ ခေါင်းစဉ်အနေနဲ့ Future We Want ‘ ကျွန်တော်တို့ လိုချင်တမ်းတတဲ့ အနာဂတ်’ ဖြစ်ပါတယ်။ ဆွေးနွေးရာမှာ ဘာသာရပ်သုံးခုနဲ့ ကျင်းပပါတယ်။ ပထမအချက်က အနာဂတ်ကာလ အတွက် ဦးစားပေးမှုများ၊ လိုလားတောင့်တတဲ့အရာတွေကို ထုတ်ဖော်ဖို့ဖြစ်ပါတယ်။ ဒုတိယအချက်က ဒီရည်မှန်းချက် များပြည့်မီအောင် ကြိုးစားတဲ့နေရာမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲအတားအဆီးများနဲ့ တတိယအချက်က စိန်ခေါ်မှုများကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျော်လွှားနိုင်ဖို့ဖြစ်ပါတယ်။ စကားဝိုင်းတွေအပြင် ကမ္ဘာသူ ကမ္ဘာသားတွေရဲ့အမြင် အယူအဆတွေကို တစ်မိနစ် စစ်တမ်းတွေနဲ့ စုဆောင်းလျက် ရှိပါတယ်။ မတ်လ ၂၀၂၀ ကုန်အထိ တစ်ကမ္ဘာလုံးမှာ လူပေါင်း ၁၃ သန်းကျော်၊ နိုင်ငံ ပေါင်း ၈၇နိုင်ငံမှာ စကားဝိုင်း ၃၃၀ ကျော်ကို ကျင်းပနိုင်ခဲ့ပါတယ်။
ပဏာမတွေ့ရှိချက်များအနေနဲ့ လူသားများတောင့်တတဲ့အရာ လေးရပ်ရှိကြောင်း တွေ့ခဲ့ရပါတယ်။ ဒါတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ရေး၊ ပဋိပက္ခလျှော့ချရေးနဲ့ ခွဲခြားဆက်ဆံမှု လုံးဝမရှိအောင် ဆောင်ရွက်ခြင်းနဲ့ အခြေခံဝန်ဆောင်မှုများကို လွယ်ကူစွာ ရရှိရေးတို့ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာလည်း အခုလို ကုလ(၇၅)စကားဝိုင်းတွေကို ကျင်းပနေတာ တွေ့ရှိရပါတယ်။
ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ရဲ့ ဖိတ်ကြားချက် အရ ကော်မရှင်ဦးဆောင်တဲ့ နိုင်ငံအဆင့်စကားဝိုင်းမှာ ပါဝင်ခဲ့ရပါတယ်။ ထူးခြားလှတဲ့ အခွင့်အရေးဖြစ်ပါတယ်။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ “အစိုးရနဲ့ ပြည်သူအကြား ယုံကြည်မှုတည်ဆောက်ခြင်း” ခေါင်းစဉ်နဲ့ စကားဝိုင်းကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးက အဖွင့်အမှာစကားပြောခဲ့ပြီး ကျွန်တော့်အနေနဲ့ Keynote မိန့်ခွန်းပေးခဲ့ပါတယ်။ ကော်မရှင်ရွေးချယ်ခဲ့တဲ့ ခေါင်းစဉ်ကို ကျွန်တော်အလွန်အလေးအနက်ထားပါတယ်။ မိသားစု အတွင်းမှာဖြစ်စေ၊ လုပ်ငန်းခွင်အတွင်းမှာဖြစ်စေ၊ နိုင်ငံအတွင်းမှာဖြစ်စေ၊ နိုင်ငံတကာ ဆက်ဆံရေးမှာဖြစ်စေ အခြေခံက ယုံကြည်မှုပဲဖြစ်ပါတယ်။ ယုံကြည်မှုဟာ တည်ဆောက်ဖို့ ခဲယဉ်းလှပေမယ့် အလွယ်တကူပျက်ပြား နိုင်တဲ့ အရာဖြစ်တယ်။ ဒါကြောင့် ယုံကြည်မှု တည်ဆောက်မှုကို အလေးထားရမှာ ဖြစ်ပါတယ်။ ယုံကြည်မှု တည်ဆောက် မှုနဲ့ပတ်သက်ပြီး မဏ္ဍိုင် ( ၈ ) ရပ်ရှိကြောင်း သတိပြုရမှာ ဖြစ်ပါတယ်။ ပထမအချက်က ပွင့်လင်းမြင်သာမှုဖြစ်ပါ တယ်။ ဖုံးကွယ်မှုတွေ လျှော့ဖို့လိုအပ်တယ်။ မြင်သာထင်သာ ရှိနိုင်မှ ယုံကြည်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒုတိယအချက်က ကရုဏာတရားပဲဖြစ်တယ်။ ကိုယ်ချင်းစာခြင်းဟာ အရေးကြီးလှတယ်။ တစ်ဖက်သားရဲ့ရှုထောင့်ကို လေးစားအသိအမှတ်ပြုဖို့ အရေးကြီးလှပါတယ်။ တတိယအချက်က အကျင့်စာရိတ္တဖြစ်တယ်။ အကျင့်စာရိတ္တ မကောင်းတဲ့သူကို ယုံကြည်ဖို့ခက်ခဲမှာ ဖြစ်ပါတယ်။ အကျင့်စာရိတ္တနဲ့ပတ်သက်လာရင် မှန်တာကိုလုပ်ရဲတဲ့ သတ္တိရှိဖို့ လိုအပ်ပါတယ်။ လွယ်တာကိုမရွေးချယ်ဘဲ သတ္တိရှိရှိနဲ့ မှန်တာကိုလုပ်ဖို့ လိုအပ်ပါတယ်။ စတုတ္ထအချက်ကတော့၊ လုပ်ရည်ကိုင်ရည်ရှိမှုပဲ ဖြစ်ပါတယ်။ ပဉ္စမအချက်က တစိုက်မတ်မတ်လုပ်လိုတဲ့ ပေးထားတဲ့ကတိတည်မှု ပဲဖြစ်တယ်။ ဆဋ္ဌမအချက်က တစိုက်မတ်မတ် တာဝန်ကျေနိုင်မှု ဖြစ်ပါတယ်။ သတ္တမအချက်က ပေးဆပ်မှုဖြစ်ပါတယ်။ အဋ္ဌမနဲ့ နောက်ဆုံးအချက်ကတော့ ရှေ့နောက်ညီမှုပဲ ဖြစ်ပါတယ်။
အမှန်တော့ ဒီအချက်ရှစ်ချက်ဟာ အင်္ဂလိပ်စကား အရဖြစ်ပြီး အလွယ်တကူမှတ်သားနိုင်ဖို့ (8Cs). C ရှစ်လုံးလို့ မှတ်သားနိုင်ပါတယ်။
ပွဲပြီးမီးသေ မဖြစ်ဖို့လို
မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဦးစီးကျင်းပတဲ့ စကားဝိုင်းမှာ ဝန်ကြီးဌာန၊ ပုဂ္ဂလိက ကဏ္ဍနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကိုယ်စားလှယ်၂၂ ဦးပါဝင်ဆွေးနွေးခဲ့တယ်။ ရှုထောင့်အသီးသီးက အမြင်ပေါင်းစုံနဲ့ တင်ပြကြတယ်။
ကျွန်တော့်အနေနဲ့ ဒီစကားဝိုင်းကတစ်ဆင့် လက်တွေ့မှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေချင်တဲ့ ဆန္ဒရှိပါ တယ်။ ပွဲပြီးမီးသေမဟုတ်ဘဲ ရလာတဲ့အတွေးအမြင်၊ အယူအဆတွေကို အခြေခံပြီး လှုပ်ရှားသွားဖို့ အလွန်အရေးကြီး လှပါတယ်။ ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာ အပြောမဟုတ်ဘဲ အလုပ်နဲ့ပြဖို့ လိုအပ်ပါတယ်။ လက်တွေ့ကျကျ စဉ်းစားဖို့လိုအပ်ပါတယ်။
ကျွန်တော့်အနေနဲ့ အရေးကြီးဆုံးအရာက မိမိကိုယ် မိမိယုံကြည်ထိုက်တဲ့သူဖြစ်အောင် တည်ဆောက်ဖို့ လိုအပ်တယ်။ အခုလိုဆောင်ရွက်ရာမှာ စောစောကတင်ပြတဲ့ အချက်ရှစ်ချက်အနေနဲ့ အခြေခံနှစ်ချက်ကို အာရုံပြုသင့်ပါတယ်။ ပထမအချက်က အကျင့်စာရိတ္တ ဖြစ်တယ်။ ဖြောင့်မတ်တည်ကြည်မှုရှိဖို့ လိုအပ်တယ်။ ရိုးသားဖြောင့်မတ်ဖို့ လိုအပ်လှပါတယ်။
ယုံကြည်မှုတည်ဆောက်မှုနဲ့ ပတ်သက်ပြီးအကောင်းဆုံးဥပမာက စက္ကူတစ်ရွက်ကိုချေပြီးရင် ဒီစက္ကူကို ပြန်ဖြန့်တဲ့ အခါ နဂိုမူလအတိုင်းမဖြစ်နိုင်တာကို လူတိုင်းသဘောပေါက် နားလည်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုကို အလေးအနက်ထားဖို့ လိုအပ်မှာဖြစ်တယ်။ အစိုးရနဲ့ ပြည်သူအကြား ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာ နှစ်ဦးနှစ်ဖက်မှာ တာဝန်ကိုယ်စီရှိတာကို နားလည်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အသိအမှတ်ပြုရမယ်။ အပြန်အလှန် တာဝန်ယူ တာဝန်ခံမှုရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။
စကားဝိုင်းမှာ အစိုးရဝန်ကြီးတိုင်း ပါဝင်ဆွေးနွေးရာမှာ ဝန်ဆောင်မှုဆိုတဲ့ စကားလုံးကို သုံးစွဲခဲ့တာတွေ့ရ တယ်။ အမှန်တော့ ဝန်ဆောင်မှုဟာ အလုပ်အကျွေးပြုခြင်း ဖြစ်တယ်။ ပြည်သူတွေအတွက် ပြည်သူ့ဝန်ထမ်း တွေက ကျေနပ်မှုရှိတဲ့ ဝန်ဆောင်မှုပေးနိုင်ရမှာ ဖြစ်ပါ တယ်။ အရည်အသွေးပြည့်ဝတဲ့ ဝန်ဆောင်မှုတွေဖြစ်ဖို့ လိုအပ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍအတွက် အရေးကြီးဆုံး ပုဂ္ဂိုလ်တွေဟာ ဖောက်သည်တွေ ဖြစ်ကြတယ်။ အစိုးရ ဌာနတွေအတွက် ဖောက်သည်များ မဟုတ်တော့ဘဲ ပြည်သူတွေဖြစ်ကြတယ်။ ကိုယ်ကဝန်ထမ်းဖြစ်ခဲ့တာမို့ ဝန်ထမ်းဆိုတဲ့အခေါ် အဝေါ်အသုံးအနှုန်းကို နှစ်သက်တယ်၊ သဘောကျတယ်။ ပြည်သူတွေရဲ့ဝန်တွေကို တာဝန်ကျေကျေထမ်းဆောင် ကြသူတွေ ဖြစ်ကြတယ်။
အမှန်တော့ ဝန်ထမ်းဆိုတာ အစေခံတဲ့သူတွေ ပါတယ်။ ဒါကြောင့်ကျွန်တော်လေ့လာခဲ့တဲ့ ခေါင်းဆောင် မှုပညာမှာ အစေခံတဲ့ခေါင်းဆောင်ဆိုတဲ့အယူအဆကို နှစ်သက်မိတယ်။ အခွင့်အခါရတိုင်းလည်း ခေါင်းဆောင် တွေအနေနဲ့ အစေခံတွေဖြစ်အောင် ကြိုးစားဖို့လိုအပ်ကြောင်း အမြဲသတိပေးခဲ့ပါတယ်။
မျှော်လင့်ထားသော အနာဂတ်ကိုအတူဖန်တီး
ကုလ(၇၅)ရဲ့ ရည်ရွယ်ချက်က စကားပြောကြ၊ ရင်တွေဖွင့်ချ၊ ဆွေးနွေးကြ၊ စဉ်းစားကြ၊ နားထောင်ကြ ဒါတွေ ဆောင်ရွက်ပြီး မိမိမျှော်လင့်တမ်းတတဲ့ အနာဂတ်ကိုအတူတကွ ဖန်တီးကြဖို့ပဲဖြစ်ပါတယ်။ စကားဝိုင်း ကရလာတဲ့ထူးခြားချက်က အစိုးရဝန်ထမ်းများအနေနဲ့ ဝန်ဆောင်မှုကိုဦးထိပ်ထားဖို့လိုကြောင်းကို လက်ခံခဲ့ကြ ခြင်းဖြစ်တယ်။ အမှန်တော့ ယုံကြည်မှုဟာ လူ့အဖွဲ့ အစည်းတစ်ခုရဲ့ အရင်းအနှီးဖြစ်တယ်။ အရင်းအနှီး ဖြစ်တာမို့ အမြဲတမ်းတိုးတက်အောင် ကြိုးစားရမှာ ဖြစ်တယ်။ ယုံကြည်မှုတွေလျော့ပါးစေမယ့် အလုပ်တွေကို ရှောင်ရှားရမှာ ဖြစ်တယ်။ ပြည်သူနဲ့ အစိုးရယုံကြည်မှု တည်ဆောက်နိုင်ပါက အဂတိတိုက်ဖျက်ရေး အစီအစဉ်များကို အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီခေါင်းစဉ်ကို ရွေးချယ်ပြီး စကားဝိုင်းကိုကျင်းပနိုင်ခဲ့ပါတယ်။ ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးစီးလျက်ရှိတဲ့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ နည်းပေါင်း မျိုးစုံနဲ့ လှုပ်ရှားဆောင်ရွက်လျက်ရှိတာ တွေ့ရတယ်။ အဂတိတိုက်ဖျက်ရေးကို ဆောင်ရွက်ရာမှာ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံသားတွေ အားလုံးပါဝင်ကြဖို့လိုအပ်တယ်။ အစိုးရဌာန အသီးသီးက ဦးစားပေးဖို့ လိုအပ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍကလည်း အားပေးရမှာဖြစ်တယ်။ အမှန်တော့ကော်မရှင်ဟာ နိုင်ငံမှာရှိသင့်တဲ့ အမျိုးသားလှုပ်ရှားမှု တစ်ရပ်ကို ဦးဆောင်နေခြင်းသာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ(၇၅)ဟာ တစ်သက်မှာ တစ်ကြိမ်သာ ရတဲ့အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံမှာရှိတဲ့လူသားတိုင်း အနေနဲ့အဖွဲ့အစည်းရဲ့ ရည်မှန်းချက် တွေကို ပြည့်မီအောင်ကူညီပတ်သက်ဖို့ တာဝန်ရှိပါတယ်။ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ပြီးပြည့်စုံမှုရှိအောင် ကြိုးစားဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ။


