ဥပဒေအတွေးရေးပါရစေ အပိုင်း(၂၃၄)
--------------------------------

 

ဦးဟန်ညွန့် (ဥပဒေ)

မောင်ပျင်းရိ၏မေးခွန်း
“ဆရာကြီးခင်ဗျာ၊ ပြီးခဲ့တဲ့အပတ်က လွတ်လပ်သောသဘောဆန္ဒ အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီတစ်ပတ်တော့ လိမ်လည်လှည့်ဖြားခြင်း အကြောင်း သိချင်ပါတယ်။ ပဋိညာဉ်အက်ဥပဒေမှာ လိမ်လည်လှည့်ဖြားခြင်းအကြောင်း ဘယ်လိုဖော်ပြထားပါသလဲ။ သိပါရစေခင်ဗျာ” ဟု အလုပ်သင်ရှေ့နေ မောင်းပျင်းရိက မေးမြန်းလာပါသည်။ ထို့ကြောင့် ဤစာကိုရေးပါသည်။
လိမ်လည်လှည့်ဖြားခြင်း
တရားဝင်ပဋိညာဉ်တစ်ရပ်ဖြစ်မြောက်ရန် လွတ်လပ်သောသဘောဆန္ဒ ရှိရမည်။ ပဋိညာဉ် အက်ဥပဒေပုဒ်မ ၁၃ တွင် သဘောဆန္ဒပြုခြင်း၏အဓိပ္ပာယ်ကို ဖော်ပြထားသည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ ၁၃
လိမ်လည်လှည့်ဖြားခြင်းကို အင်္ဂလိပ်ဘာသာအားဖြင့် FRAUD ဟု ခေါ်သည်။ ပဋိညာဉ်အက်ဥပဒေပုဒ်မ ၁၇ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်း ထားသည်-
ပဋိညာဉ်တစ်ရပ်တွင် ပါဝင်သူပုဂ္ဂိုလ်တစ်ဦးကဖြစ်စေ၊ ထိုသူ၏သွယ်ဝိုက် သောနည်းဖြင့် စေခိုင်းခြင်းခံရသူကဖြစ်စေ၊ ထိုသူ၏ကိုယ်စားလှယ်ကဖြစ်စေ၊ အဆိုပါပဋိညာဉ်တွင်ပါဝင်သော အခြားတစ်ဖက်ပုဂ္ဂိုလ်ကို (သို့မဟုတ်) ထိုပုဂ္ဂိုလ်၏ကိုယ်စားလှယ်က လိမ်လည်လှည့်ဖြားရန် (သို့မဟုတ်)ပဋိညာဉ် ပြုလုပ်စေရန်အလို့ငှာ သွေးဆောင်ရန် ရည်ရွယ်ချက်ဖြင့် အောက်ဖော်ပြပါအမှု တစ်ရပ်ရပ်ကိုပြုလုပ်ခြင်းသည် လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
(၁) မှန်ကန်သည်ဟု မယုံကြည်သော ပုဂ္ဂိုလ်တစ်ဦးက၊ မမှန်သော အကြောင်းခြင်းရာ တစ်ရပ်ကို မှန်ကန်သည့်အနေဖြင့် အကြံဉာဏ် ပေးခြင်း၊
(၂) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကအကြောင်းခြင်းရာ တစ်စုံတစ်ရာကို မိမိသိရှိပါလျက် (သို့မဟုတ်) အဆိုပါ အကြောင်းခြင်းရာရှိကြောင်းကို ယုံကြည်ပါလျက်၊ ၎င်းအကြောင်းခြင်းရာကို ထိထိရောက်ရောက် ထိမ်ချန်ထားခြင်း၊
(၃) ကတိတစ်ရပ်ကို ဆောင်ရွက်ရန် ရည်ရွယ်ခြင်းမရှိဘဲ ပြုလုပ်ခြင်း၊
(၄) လိမ်လည်လှည့်ဖြားရန် မသင့်လျော်သော အခြားမည်သည့် အပြုအမူ မျိုးကိုမဆို ပြုလုပ်ခြင်း၊
(၅) တရားဥပဒေက လိမ်လည်လှည့်ဖြားခြင်းမြောက်သည်ဟု အတိ အလင်း ပြဋ္ဌာန်းထားသော အပြုအမူတစ်ရပ်ကိုပြုလုပ်ခြင်း (သို့မဟုတ်) မပြုလုပ်ဘဲ ပျက်ကွက်ခြင်း။
ရှင်းလင်းချက်
အခြားပုဂ္ဂိုလ်တစ်ဦး၏ ပဋိညာဉ်ပြုလုပ်လိုသော စိတ်ဆန္ဒကို ထိခိုက် စေရန် အလားအလာရှိသည့် အကြောင်းခြင်းရာများနှင့် စပ်လျဉ်း၍ ထုတ်ဖော် ပြောဆိုရန် တာဝန်မရှိလျှင် ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ နှုတ်ဆိတ်၍ နေရုံမျှဖြင့် လိမ်လည်လှည့်ဖြားမှုမမြောက်၊ သို့သော် နှုတ်ဆိတ်၍နေသူ၌ ထုတ်ဖော်ပြောဆိုရန် တာဝန်ရှိလျှင် (သို့မဟုတ်) နှုတ်ဆိတ်၍ နေခြင်းသည် ထုတ်ဖော်ပြောဆိုခြင်းနှင့်တူညီလျှင် ထိုသို့နှုတ်ဆိတ်၍နေခြင်းမှာ လိမ်လည်မှု မြောက်၏။
လိမ်လည်ခြင်းခံစေရမည်
တစ်ခုခုကိုလိမ်လည်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော်လည်း အခြား ပုဂ္ဂိုလ်တစ်ယောက်အား လိမ်လည်ခြင်းခံရစေမှသာလျှင် လိမ်လည်ခြင်းမြောက် ၏။ ထို့ကြောင့် လိမ်လည်ခြင်းမြောက်စေရန်အတွက် အထက်ပါအပြုအမူ တစ်ခုခုကို လိမ်လည်ရန် ရည်ရွယ်ချက်ဖြင့်ပြုမူပြီး အခြားပုဂ္ဂိုလ်တစ်ဦးအား အမှန်လိမ်လည်ခြင်းခံစေရပေသည်။ လိမ်လည်ရန် ရည်ရွယ်ချက်ဖြင့်ပြုမူပြီး အခြားပုဂ္ဂိုလ်တစ်ယောက်အား လိမ်လည်ခြင်း မခံရစေလျှင်၊ လိမ်လည်မှု မမြောက်ချေ။
မည်သည့်အချိန်တွင် ပဋိညာဉ်ကို ဖျက်သိမ်းနိုင်ပါသလဲ
မောင်ပျင်းရိတို့အဖွဲ့သိရှိနိုင်ရန် အောက်ပါအတိုင်း လေ့လာဖြေကြား ပါသည်-
ပဋိညာဉ်တွင် အကျိုးသက်ဆိုင်သူ တစ်ဦးဦးသည်
(က) ပဋိညာဉ်ကို တရားလိုက ဖျက်သိမ်းလိုလျှင် ဖျက်သိမ်းနိုင်ခွင့် သို့မဟုတ် ရပ်စဲနိုင်ခွင့်ရှိလျှင်သော်လည်းကောင်း၊
(ခ) အမြင်အားဖြင့် ထင်ရှားပေါ်လွင်မှုမရှိသည့် အကြောင်းကြောင့် တရားမဝင်သော ပဋိညာဉ်ဖြစ်လျှင်သော်လည်းကောင်း၊
(ဂ) အရောင်းပဋိညာဉ်သို့မဟုတ် အငှားပဋိညာဉ်အတိုင်းဆောင်ရွက်ရန် ဒီကရီချမှတ်ထားပြီး ဝယ်သူက ရောင်းဖိုးငွေ၊ ငှားယူသူက ငှားရမ်းခ ငွေနှင့် အမိန့်ရအခြားငွေပေးချေရန် ပျက်ကွက်လျှင်သော် လည်းကောင်း၊ ပဋိညာဉ်ကို ဖျက်သိမ်းနိုင်သည်။
လွတ်လပ်သောသဘောတူညီချက်မဟုတ်
ပဋိညာဉ်ပြုရာတွင် လွတ်လပ်သောသဘောတူညီချက်(Free Consent) ဖြစ်ရမည်။ ပဋိညာဉ် အက်ဥပဒေ ပုဒ်မ ၁၅ ပါ အနိုင်အထက်ပြုခြင်း(Coercion)၊ ပုဒ်မ ၁၆ ပါ မလျော်သြဇာအသုံးပြုခြင်း (Undue influence)၊ ပုဒ်မ ၁၇ ပါ လိမ်လည်ခြင်း(Fraud) ၊ ပုဒ်မ ၁၈ ပါ အလွဲပြောဆိုခြင်း( Misre- presentation)နှင့် အကြောင်းခြင်းရာအရ သို့မဟုတ် ဥပဒေအရမှားယွင်းခြင်း(Mistake) တို့ကြောင့်ပြုရသော ပဋိညာဉ်သည် လွတ်လပ်သောသဘောတူညီချက် မဟုတ်။ (ပဋိညာဉ်အက် ဥပဒေ ပုဒ်မ ၁၄)။
ပျက်ပြယ်စေနိုင်သည့်ပဋိညာဉ်
အနိုင်အထက်ပြုခြင်း၊ လိမ်လည်ခြင်း သို့မဟုတ် အလွဲပြောဆိုခြင်းကြောင့် သဘောတူရသူက ပျက်ပြယ်လိုလျှင် ပျက်ပြယ်စေနိုင်သည်။ (ပဋိညာဉ် အက်ဥပဒေပုဒ်မ ၁၉)။ မလျော်သြဇာသုံး၍ သဘောတူရသူက ပျက်ပြယ် လိုလျှင်လည်း ပျက်ပြယ်စေနိုင်သည်။ (၎င်းပုဒ်မ ၁၉(က))။ မိခင်က အတူနေ သားသမီးတစ်ဦးသို့ အချင်းဖြစ် နေအိမ်နှင့် မြေကွက်ကို ရောင်းချရာ၌ အခြားသားသမီးများကို အသိပေးရမည်ဟု ဥပဒေသမရှိ။ တိတ်တဆိတ် အရောင်းအဝယ်ပြုရုံမျှဖြင့် မလျော်သြဇာသုံးသည်ဟု တထစ်ချမဆိုနိုင်ကြောင်း စီရင်ထုံးရှိပါသည်။ ပျက်ပြယ်သော သဘောတူညီချက်များနှင့် စပ်လျဉ်း၍ ၎င်းဥပဒေပုဒ်မ ၂၄ မှ ၃၀ အထိ ပြဋ္ဌာန်းထားသည်။ ပဋိညာဉ်ပြုသူတစ်ဦးဦးက ပျက်ပြယ်စေလိုက ပျက်ပြယ်နိုင်ခွင့်ရှိသည့် ပဋိညာဉ်များနှင့် ရပ်စဲပိုင်ခွင့်ရှိသည့် ပဋိညာဉ်များကို သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၃၅ အရ ဖျက်သိမ်း နိုင်သည်။
ပဋိညာဉ်စာချုပ်အတိုင်းသီးခြားဆောင်ရွက်ပေးစေလိုမှု
ပဋိညာဉ်စာချုပ်အတိုင်း သီးခြားဆောင်ရွက်ပေးစေလိုမှုတွင် သီးခြား ဆောင်ရွက်ပေးခြင်း မပြုနိုင်လျှင် တရားလိုသည် ထိုပဋိညာဉ်ကို ဖျက်သိမ်းပြီး လက်ရောက်ပေးအပ်စေရန် ပြောင်းလဲလျှောက်ထားနိုင်သည်။ ထို့ပြင် ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးရန် ငြင်းဆိုလျှင် တရားရုံးက ဖော်ပြပါအတိုင်း ဖျက်သိမ်းပြီး လက်ရောက်ပေးအပ်စေရန် ညွှန်ကြားနိုင်သည်။ ( သီးခြား သက်သာခွင့် အက်ဥပဒေပုဒ်မ ၃၇)။ ပဋိညာဉ်ကို ဖျက်သိမ်းသည့်အခါ တရားရုံး က သက်သာခွင့်ရသူအား အခြားတစ်ဖက်ကို တရားမျှတမှုဖြစ်စေရန် လိုအပ် သော လျော်ကြေးပေးစေရန် ခွင့်ပြုနိုင်သည်။ (၎င်းပုဒ်မ ၃၈) ။
ပဋိညာဉ်ဖျက်သိမ်းခြင်း(Rescission of contracts)
ပဋိညာဉ်ဖျက်သိမ်းခြင်း(Rescission of contracts) နှင့် စပ်လျဉ်း၍ သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၃၅ တွင် လည်းကောင်း၊ စာချုပ်စာတမ်းများပြင်ဆင်ခြင်း(Rectification of instruments) ကို ထိုဥပဒေပုဒ်မ ၃၁ တွင်လည်းကောင်း၊ စာချုပ်စာတမ်းများအား ပယ်ဖျက်ခြင်း (Cancellation of instruments) ကိစ္စကို ထိုဥပဒေပုဒ်မ ၃၉ တွင်လည်းကောင်း ပြဋ္ဌာန်းထား သည်။
ဆက်လက်လေ့လာဖတ်ရှုရန်
အလုပ်သင်ရှေ့နေ မောင်းပျင်းရိတို့အဖွဲ့အနေဖြင့် ပဋိညာဉ်အက်ဥပဒေ သာမက ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊ သီးခြားသက်သာခွင့်အက်ဥပဒေတို့ကိုလည်း ရှာဖွေဖတ်ရှုသင့်ပါသည်။ ရည်ညွှန်းစာအုပ်များ၊ Burma (Myanmar)Code အတွဲ(၁၃)တွဲမှ သင့်နိုးရာရာများကို ရှာဖွေဖတ်ရှုနိုင်ပါသည်။
ယခုအခါ မြန်မာဘာသာပြန် ဥပဒေစာအုပ်များ၊ ဥပဒေပညာရှင်ကြီး များ၏ ဥပဒေကျမ်း လမ်းညွှန်စာအုပ်များကို အလွယ်တကူ လေ့လာ ဖတ်ရှုနိုင်သည့်အခြေအနေများ တွေ့ရပါသည်။ ရာဇဝတ်မှုသာမက တရားမ မှုများကိုပါ လေ့လာဖတ်ရှုနိုင်သည့်အခွင့်အရေးများ၊ အခြေအနေများ ပေးလျက်ရှိပါသည်။
စေတနာ
အလုပ်သင်ရှေ့နေ မောင်ပျင်းရိတို့အဖွဲ့ သိရှိလိုသော လိမ်လည်လှည့်ဖြား ခြင်း(FRAUD) အကြောင်း တွေးခေါ်စဉ်းစားမိသော ကျွန်တော်၏စေတနာ ဥပဒေအတွေးမျှသာပါ ------ ။ ။
မြန်မာ့အလင်း