တင်ဝင်းလေး
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကိုဗစ်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ရေးမှာ အားလုံးက ဝိုင်း၀န်းဆောင်ရွက်ကြဖို့ လိုအပ်လျက်ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါကူးစက်ခံနေရသူ ၄၀၀ ရှိနေပြီဖြစ်တယ်လို့ ကြားသိလိုက်ရသလို မြို့နယ်တစ်ခုမှာ ရောဂါပိုးတွေ့ရှိသူ သုံးဦးထက်ကျော်ပါက Stay at Home လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုအခါ သုံးဦးထက်ပိုသော မြို့နယ်တွေများပြားလာနေတယ်။ ရန်ကုန်မြို့ နေရာအများအပြားမှာ Stay at Home အစီအစဉ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်သူ ရန်ကုန်သားများ အနေနဲ့ အခုအချိန်မှာ မိမိတို့ရဲ့ အစွမ်းကို ပြသရမယ့် အချိန်ဖြစ်တယ်” လို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ ရန်ကုန် တောင်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေ၀င်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်တို့ နဲ့ စက်တင်ဘာ ၂ ရက်က ပြုလုပ်တဲ့ Video Conferencing မှာ လမ်းညွှန်ပြောကြားတာကို နားထောင် လိုက်ရပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ဖြစ်စဉ်ကို ပြန်ကြည့် မယ်ဆိုရင် စဖြစ်စဉ် ပထမပိုင်းကထက် ဒီကနေ့ဖြစ်ပွား ကူးစက်ပျံ့နှံ့မှုက ကျန်းမာရေးဌာနကပြောတဲ့ ဆယ်ဆမက မြန်လွန်းနေတယ်လို့ ထင်ရပါတယ်။ စက်တင်ဘာ ၅ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရဆို ပိုးတွေ့လူနာပေါင်း ၁၂၅၃ ဦး ရှိလာတာကို တွေ့ရပါ တယ်။
အဲဒီစာရင်းကို ပြန်ခွဲခြားရရင် အခုနောက်ပိုင်းစဖြစ်တဲ့ ရခိုင်ပြည်နယ်မှာက ပိုးတွေ့ရှိသူ ၅၁၆ ဦးဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးမှာက ပိုးတွေ့ရှိသူက ၅၇၅ ဦး ဖြစ်တာကို တွေ့ရှိ ရတဲ့အတွက် အခုနောက်ပိုင်းစတင်ဖြစ်ပွားတဲ့ ရခိုင် ဒေသထက်တောင် ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပွား မှုဦးရေ ပိုမိုများပြားနေတာကို တွေ့နေရပါတယ်။
မှန်ပါတယ် ရန်ကုန်တိုင်းဒေသကြီး ကတော့ အခြား အခြားသော တိုင်းဒေသကြီး တွေထက် လူဦးရေပိုမိုများပြားတာကိုးလို့ ဆိုရင် လက်ခံရမှာပေါ့။ အခြားသောဒေသက သူတွေကိုလည်း အကန့်အသတ်မရှိဝင်ထွက် ခွင့်ပေးနေရတာလည်း ပါပါတယ်။ နေပြည် တော်တို့လို၊ မန္တလေးတို့လို ကန့်သတ်လိုက် ရင်တော့ နည်းသွားလိမ့်မယ်ထင်ပါတယ်။
မတ်လအတွင်း ကိုဗစ် ဖြစ်စမှာတော့ ရန်ကုန်သူ ရန်ကုန်သားတွေ အတော့်ကို ချောက်ချောက်ချားချား ဖြစ်ခဲ့ကြပါတယ်။ ဆန်တွေ၊ ဆီတွေ၊ ကုန်ခြောက်တွေ ပြေးဝယ် စုဆောင်းတဲ့အထိကို ဖြစ်ခဲ့တာပါ။ လမ်းတွေ ပေါ်မှာဆို လူနဲ့ကားအလျှင်းကို ရှင်းသွားခဲ့ ပါတယ်။ သွားလာမှုတွေ အတော်ရပ်ဆိုင်း သွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကြောက်စိတ်က ကြာကြာမခံပါဘူး။
ဖြစ်စဉ်အနေအထားပေါ် ကြည့်ပြီး ဖြေလျှော့မှုတွေအပေါ် ပေးတာထက်ပိုပြီး အသုံးချမှုတွေ ပြုလာတာကို တွေ့ရပါတယ်။ တာဝန်ရှိသူတွေရဲ့ ထိန်းသိမ်းမှုအပေါ် အရဲကိုး လာကြတယ်။ ဈေးတွေပြန်ဖွင့်ပေးလိုက်တော့ ဈေးတွေမှာ တိုးတိုးဝှေ့ဝှေ့ စည်ကားလာကြ တယ်။ စည်ကားတာ မကောင်းဘူးလားလို့ ပြန်မေးစရာရှိလာပါတယ်။ စည်ကားခြင်းက ကောင်းသော အပေါင်းလက္ခဏာပါ။ ဒါပေမယ့် အကင်းမသေသေးတဲ့လူနာ အရဲကိုးလို့ ရောဂါ ပြန်ဖြစ်လာရင် ပထမတစ်ကြိမ်ကထက် ပိုခံရနိုင်တာမို့ အနုတ်လက္ခဏာဖြစ်လာနိုင် တယ်ဆိုတာက အားလုံးသိပြီးသား သီအိုရီ တစ်ခုပါ။
နောက်ပြီး စားသောက်ဆိုင်တွေ ပြန်ဖွင့် ခွင့်ရစဉ်ကတော့ ဂရုတစိုက်နဲ့ သက်ဆိုင်ရာ ဌာနတွေရဲ့ ညွှန်ကြားချက်အတိုင်း ဆိုင်ရှေ့မှာ ဝင်လာသူတိုင်းကို အပူချိန်တိုင်းဖို့၊ လက်ဆေးဖို့ ဝန်ထမ်းတွေကို တာ၀န်ချထားကြပေမယ့် အချို့ဆိုင်အတော်တော်များများက ကြာကြာ မခံပါဘူး။ အခုပြန်ဖြစ်လာတဲ့အချိန်မတိုင်မီ အထိ ပျက်ယွင်းမှုတွေရှိလာတာကို တွေ့မြင် နေရပါတယ်။
နောက် ဆိုင်ပြန်ဖွင့်ဖို့ အစစ်အဆေး ခံစဉ်က စားပွဲခုံတွေအပေါ်က အကာအရံလေး များကိုလည်း ဆိုင်ရှေ့ပိုင်းလောက်သာ ဟန်ပြ ထားကြပြီး ဆိုင်အတွင်းပိုင်းကခုံတွေပေါ်မှာ လုံးဝမရှိတော့ပါဘူး။ အခုပြန်ဖြစ်တော့ အရေး ပေါ် ပြန်ထားနေကြတာကိုတော့ တွေ့နေရ ပါတယ်။ ဒါက ဆိုင်ကလုပ်ဆောင်ရမယ့် တာဝန်တွေ ပျက်ကွက်ရုံတင်မဟုတ်ပါဘူး။ စားသုံးသူတွေကိုယ်တိုင်က ရှုပ်တယ်ထင်လို့ ဘေးကိုကပ်ထားပြီး မျက်နှာချင်းဆိုင်နီးကပ် စွာ ပြောဆိုနေကြတာကိုလည်း တွေ့နေရ ပါတယ်။
အခုတော့ သတင်းတစ်ခုကို ကြားနေရ ပါပြီ။ စက်တင်ဘာ ၈ ရက်ကစပြီး ရန်ကုန် စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက် တာတွေကိုပိတ်ပြီး ပါဆယ်ကိုပဲပြန်ရောင်းခွင့် ပြုတော့မယ်ဆိုတဲ့ သတင်းပါ။ အခုတော့ အစက ပြန်စကြရပြီပေါ့။
နိုင်ငံတော်က တာဝန်ရှိသူတွေရဲ့ ထိန်းသိမ်း မှု ကောင်းလာတာကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လ ကတည်းကစဖြစ်လာတဲ့ ကိုဗစ်က ဩဂုတ်လ လယ်လောက်မှာ မီးစာကုန်လို့ ငြိမ်းခါနီး အလင်းတိုင်လို လင်းအားလျော့သွားခဲ့ပါပြီ။ အားလုံးက ဝမ်းသာမှုတွေနဲ့ပြောနေကြတဲ့ စကားမဆုံးခင် ရခိုင်ပြည်နယ် စစ်တွေက အစပြုလို့ ကိုဗစ်က အခုဆို တစ်နိုင်ငံလုံးကို ပျံ့နှံ့မှုဖြစ်လာခဲ့ပါပြီ။
အဲဒီဒဏ်ကို အခံရဆုံးက ရန်ကုန်တိုင်း ဒေသကြီးပါ။ နေ့စဉ် ရခိုင်လေကြောင်းလိုင်း က ခရီးသည်တွေ ရန်ကုန်ကို အများကြီး ဝင်လာခဲ့ခြင်းပါ။ (အခုတော့ ရပ်သွားပါပြီ) သက်ဆိုင်ရာရဲ့ စာရင်းဇယားအရဆိုရင် ဩဂုတ် ၁၀ ရက်ကနေ ၂၁ ရက်အထိဆို ၅၄၀၉ ဦးတောင်ရှိတယ်လို့ သိရပါတယ်။
ဒါက တရားဝင်လေကြောင်းလိုင်းကနေ ဝင်လာကြတာပါ။ ကားလမ်းကဝင်လာတဲ့ ခရီးသည်တွေလည်း အများကြီးရှိနေဦးမှာပါ။
တရားဝင် လေကြောင်းလိုင်းကလာသူ တွေကိုတော့ ပေးထားတဲ့ဖုန်းတွေနဲ့ ဆက်သွယ် ခဲ့ကြပေမယ့် တစ်ဝက်ကျော်လောက်က ဖုန်းချသွားမှုတွေ၊ ဖြေကြားမှုငြင်းဆန်တာတွေ၊ သိသိကြီးနဲ့ ဖုန်းနံပါတ်မှားနေပါတယ်လို့ တမင်ပြောကြားလာသူတွေနဲ့ ကြုံတွေ့နေရ တယ်လို့ သိလိုက်ရပါတယ်။
အဲဒီ တစ်ဝက်ကျော်ကျော်လောက်က ရန်ကုန်တစ်မြို့လုံးအနှံ့များ ခြေဆန့်ပြီးနေပြီ လားဆိုတာကလည်း ထည့်စဉ်းစားရတော့မှာ ပါ။ ကြောက်စရာကောင်းလှပါတယ်။ အခု ဆိုရင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်မှာ လေးပုံ သုံးပုံလောက်မှာက ပိုးတွေ့လူနာတွေ ရှိလာခဲ့ပါပြီ။ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး လုပ်ထားရတဲ့ မြို့နယ်က ခုနစ်မြို့နယ် ရှိသွားပါပြီ။
ပထမတစ်ကြိမ်က ဖြစ်စဉ်မှာ ရန်ကုန်မြို့ က သေဆုံးသူ ငါးယောက်နဲ့ ရပ်တန့်နေပေမယ့် အခုပြန်ဖြစ်ချိန်မှာ သန်လျင်မြို့နယ်က အမျိုးသမီးတစ်ဦး (ပိုးတွေ့လူနာ ၁၀၂၃)က အခြားသော ရောဂါအခြေခံများနဲ့ဆက်နွှယ် ပြီး သေဆုံးသူစာရင်းမှာ ပါလာခဲ့ပါပြီ။ ဒါ့ကြောင့် ရန်ကုန်က သေဆုံးသူ ခြောက်ဦး စာရင်းဝင်သွားခဲ့ပါပြီ။
အခုတော့ မြို့နယ် ကိုဗစ်ကော်မတီအပြင် ရပ်ကွက်က တာ၀န်ရှိသူတွေကပါ စစ်ဆေး နေကြပါပြီ။ ရခိုင်ပြည်နယ်ဘက်က ဧည့်သည်နဲ့ ထိုခရီးက ပြန်လာသူတွေကို အသေအချာ စစ်ဆေးနေကြပါပြီ။
အခုလို ကြောက်စရာကောင်းတဲ့ ကိုဗစ် ကို ပေါ့ပေါ့ဆဆ သဘောထားနေတဲ့အပြင် သက်ဆိုင်ရာဌာနတွေက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အလေးမထား ကြသူတွေ ရှိနေပါသေးတယ်။ အဲဒီမှာ ည ၁၂ နာရီကနေ နံနက် ၄ နာရီအထိ မထွက်ရဆိုတဲ့ ကန့်သတ်ချက်ကို ပေါ့ပေါ့ဆဆထင်နေကြသူ တွေပါ။
စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရ အမိန့်ကို ဖောက်ဖျက်ကျူးလွန်သူများကို ဖမ်းဆီးမိတာက အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၉၇၁ ဦး၊ မော်တော်ယာဉ် ၁၁၁ စီး၊ ဆိုင်ကယ် ၁၈ စီး ဆိုတဲ့အားက မနည်းလှပါ ဘူး။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာက အချို့သော နိုက်ကလပ်တွေ၊ ကာရာအိုကေ ဆိုင်တွေက တိုးတိုးတိတ်တိတ် ရှိနေခဲ့တာ ကလည်း ကိုဗစ်ကို လက်ယပ်ခေါ်နေသလို ပါပဲ။ ဒါကိုလည်း တစ်ဦးချင်း တစ်ယောက်ချင်း စီက ထိန်းသိမ်းသွားကြရမှာဖြစ်ပါတယ်။
ဒါ့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က “တစ်ဦးချင်း တာဝန်သိသိနဲ့ လုပ်ဆောင်မှသာ ရောဂါကိုထိန်းချုပ်နိုင်မှာ ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ရောဂါကူးစက်မှုကို ထိန်းချုပ်လို့ရနိုင်ပေမယ့် ရန်ကုန်မြို့ကဲ့သို့ နေရာမျိုးမှာက ထိန်းချုပ်ဖို့ခက်ခဲကြောင်း” ပြောကြားမှုက ရန်ကုန်သူ ရန်ကုန်သားတွေ အဖို့ အလေးထားဂရုစိုက်ရမယ့် အချက်ပါ။
နောက်တစ်ချက်က ရန်ကုန်နေ မိသားစုဝင် အများအပြားက နေအိမ်ကျဉ်းကျဉ်း၊ အခန်း ကျဉ်းကျဉ်းလေးများနဲ့ နေထိုင်ကြရသူများ ဖြစ်လို့ တစ်ဦးနဲ့တစ်ဦး ရှောင်လွှဲလို့မရနိုင်တာ ကြောင့် တစ်ဦးဖြစ်လာရင် ကျန်မိသားစုများပါ မလွဲမသွေ ကူးစက်ခံရမှာကို စိုးရိမ်ရတဲ့ အချက်ပါ။
ဒါ့ကြောင့် ရန်ကုန်သူ ရန်ကုန်သားများ အားလုံး အခုအချိန်မှာ ကိုဗစ်နဲ့ပတ်သက်တဲ့ သတ်မှတ်ညွှန်ကြားချက်တွေ၊ လိုက်နာရမယ့် စည်းကမ်းတွေကို အရင်ကထက် ပိုမိုပြီး လိုက်နာထိန်းသိမ်းရင်းဖြင့် ရန်ကုန်မြို့ကြီးကို ကာကွယ်စောင့်ရှောက်ကြပါစို့။ ။
မြန်မာ့အလင်း


