mdn

သတင်းဆောင်းပါး - ဒေါက်တာသက်လွင်ဦး(MYANTRADE)

 

ကုန်အမှတ်တံဆိပ်

“Brand” ကုန်အမှတ်တံဆိပ်ဆိုသည်မှာ အခြေအနေအမျိုးမျိုးပေါ်မူတည်၍ ကွဲပြားခြားနား ကြပြီး လူပုဂ္ဂိုလ်နှင့် ကုန်ပစ္စည်း တစ်စုံတစ်ခု၏ အမှတ်လက္ခဏာအဖြစ် ကိုယ်စားပြုခြင်းကို ပြသ ကြသည်။ ကုန်အမှတ်တံဆိပ်အကောင်အထည်ဖော်ခြင်းသည် ထိုကုန်အမှတ်တံဆိပ်ကို ဈေးကွက် အတွင်း ယုံကြည်လက်ခံနိုင်မှုနှင့် သိရှိနားလည်မှုစံနှုန်းကို မြှင့်တက်စေပြီး စားသုံးသူများ၏ အလေးပေးရွေးချယ်မှုကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ကုန်အမှတ်တံဆိပ်သည် စားသုံးသူများ၏ အသိအမှတ်ပြုမှုကို လှုံ့ဆော်ပေးနိုင်သောကြောင့် အရေးပါသော ဈေးကွက်မြှင့်တင်ရေးကိရိယာ (Tool) တစ်ခုလည်းဖြစ်သည်။ 

ဒုတိယကမ္ဘာစစ်အတွင်း “အဲလိဇဘက်ဘုရင်မကြီး”သည် ဝိတိုရိယအင်ပါယာကို ကိုယ်စားပြု ပြီး၊ “ပူတင်” ဟုပြောလျင် ရုရှားနိုင်ငံကို ကိုယ်စားပြုကြောင်း သိကြမည် ဖြစ်သည်။ မြန်မာနိုင်ငံကို မသိသူ၊ အနောက်နိုင်ငံသား အများအပြားရှိကြပါသည်။ တစ်နေရာရာတွင် တွေ့ဆုံသည့်အခါ  “ငါမြန်မာပြည်ကပါ”ဟု မိတ်ဆက်လျှင် မြန်မာနိုင်ငံကို သူတို့မသိကြပါ။ ထိုအခါ မိမိတို့နိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမည်ပြောပြလျှင် သူတို့သိကြသည်။ ဆိုလိုသည်မှာ ထင်ရှားသည့်ပုဂ္ဂိုလ်တို့သည် ထင်ပေါ်ကျော်ကြားမှုဖြင့် သက်ဆိုင်ရာနိုင်ငံ၊ အသင်းအဖွဲ့၊ အဖွဲ့အစည်းများကို လူပုဂ္ဂိုလ်ဆိုင်ရာ အမှတ်လက္ခဏာ (Personal Branding) အဖြစ် ကိုယ်စားပြု နေကြသည်။ 

ထုတ်ကုန်၏ကုန်အမှတ်တံဆိပ် (Product Branding)သည် ရိုးရှင်းပြီး အခြေခံကျသည့် အမည်နာမတစ်မျိုးဖြစ်သည်။ ထုတ်ကုန်ကုန်အမှတ်တံဆိပ်သည် မိမိထုတ်ကုန်ကို အခြားထုတ်ကုန် များနှင့် ကွဲပြားခြားနားစေသည့် သင်္ကေတ သို့မဟုတ် ပုံစံတစ်ခုကို ဆိုလိုသည်။ ၎င်းကို ပြည်တွင်း နှင့်ပြည်ပဈေးကွက်များ၏ အလေ့အထများ၊ ကြိုက်နှစ်သက်မှုများပေါ်မူတည်၍ ကွဲပြား ခြားနားသော ပုံသဏ္ဍာန်၊ အရောင်အသွေးများကို ဖန်တီးထုတ်လုပ်ကြသည်။ 

ကမ္ဘာပေါ်ရှိ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းများသည် သူတို့၏ ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်ရှာဖွေမြှင့်တင်ရန် အမျိုးသားကုန်အမှတ်တံဆိပ် (National Branding) များကို အကောင် အထည်ဖော်ခဲ့ကြသည်။ ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာန (Department of International Trade Promotion-DITP) သည် Thai Trusted Brand အမည်ဖြင့် လည်းကောင်း၊ မလေးရှားပြည်ပကုန်သွယ်မှုဖွံ့ဖြိုးရေးကော်ပိုရေးရှင်း (Malaysia External Trade Development Corporation-MATRADE) သည် Malaysian Brand အမည်ဖြင့်လည်းကောင်း၊ ဗီယမ်နမ် ကုန်သွယ်မှု မြှင့်တင်ရေးအေဂျင်စီ (Vietnam Trade Promotion Agency -VIETRADE) သည် Vietnam Value  အမည်ဖြင့်လည်းကောင်း၊ သူတို့၏ထုတ်ကုန်များကို ဈေးကွက်သစ်များရရှိရေး ကူညီပံ့ပိုးပေးလျက် ရှိသည်။

ကုန်အမှတ်တံဆိပ် (Branding) သည် ဈေးကွက်ရှာဖွေရေးအတွက် အဓိကကျသည့် လက်နက် ကိရိယာ (Tool) တစ်ခုဖြစ်သည်။ ပြည်ပဝယ်လက်များနှင့် စားသုံးသူများအကြားတွင် မြန်မာ့ ထုတ်ကုန်ကို ကိုယ်စားပြုသည့် အမှတ်လက္ခဏာတစ်ခုတည်ထောင်ရန်မှာ မရှိမဖြစ် လိုအပ်ပေသည်။ မြန်မာ့ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားကုန်အမှတ်တံဆိပ် အတွေးအခေါ် ပေါ်တွင်အခြေခံ၍ ပြည်ပဝယ်လက်များနှင့် စားသုံးသူများထံမှ ယုံကြည်မှုနှင့် အသိအမှတ်ပြုမှုရရှိ နိုင်ရန် ကုန်အမှတ်တံဆိပ်မိတ်ဆက်ပွဲများကို မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ  ပြည်တွင်း/ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင် ရွက်သွားရမည်ဖြစ်သည်။ 

mdn

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့-MYANTRADE ကိုဖွဲ့စည်းခြင်း

နိုင်ငံတော်သမ္မတ၏ ၂၀၁၂ ခုနှစ် ကိုရီးယားသမ္မတနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင်  ကိုရီးယား သမ္မတနိုင်ငံအစိုးရ၏ အကူအညီဖြင့် ကိုရီးယားနိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အေဂျင်စီ (KOTRA- Korea Trade – Investment Promotion Agency)ကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနတစ်ခုထူထောင်ရန်အတွက် နှစ်နိုင်ငံအကြီးအကဲများ သဘောတူညီခဲ့ကြသည်။ 

သဘောတူညီမှုအရ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ တည်ထောင်ရေးစီမံကိန်းအတွက် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA- Korea International Cooperation Agency) ၏ ODA အထောက်အပံ့နှင့် ကိုရီးယားနိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီ ( KOTRA – Korea Trade – Investment Promotion Agency) တို့၏ အကူ အညီဖြင့်မြန်မာနိုင်ငံတွင်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment) ပိုမိုတိုးမြှင့် နိုင်စေရန်၊ ကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ၊  စက်မှုကဏ္ဍတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းပြိုင်ဆိုင်မှု ပိုမိုခိုင်မာ စေရန်၊ ကုန်ထုတ်လုပ်ငန်းမှ ပို့ကုန်အမယ်များတိုးမြှင့်ရေး ဆောင်ရွက်နိုင်ရန်၊ အသေးစား၊ အလတ် စားစက်မှုလက်မှုလုပ်ငန်းများအတွက် ပို့ကုန်ဈေးကွက်အသစ် ရှာဖွေပေးနိုင်ရန် အသေးစား၊ အလတ် စားစက်မှုလက်မှုလုပ်ငန်းများအတွက် ပို့ကုန်ဈေးကွက်သစ်ရှာဖွေနိုင်ရန်၊ သတင်းအချက်အလက် နည်းပညာ(IT)ဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင် ပြီး စီးပွားရေးစဉ်ဆက်မပြတ်တိုးတက်ရေးကို အထောက်အကူပြုနိုင်ရန်အတွက် မြန်မာကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့ (Myanmar Trade Promotion Organization-MYANTRADE) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

ပို့ကုန်ဦးဆောင်သော ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကိုကျင့်သုံး၍ မြန်မာ့စီးပွားရေးလုပ်ငန်း များကို မြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံအား ဒေသတွင်းကုန်သွယ်မှု၌  ယှဉ်ပြိုင်နိုင်စွမ်းရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်လာစေရန် မျှော်မှန်းချက်(Vision)ဖြင့် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်း ခဲ့ပါသည်။ ဌာနအသစ်ဖြစ်သော်လည်း ဌာန၏ပင်မလုပ်ငန်းများဖြစ်သော ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းများကို စနစ်တကျထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရုံးချုပ်/ ဌာနခွဲများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကုန်သွယ်မှုဗဟိုဌာနများ (Trade Centres)၊ ပြည်ပနိုင်ငံများရှိ စီးပွားရေးသံမှူးနှင့်ကွန်ယက်သဖွယ် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည်။ MYANTRADE သည် ကမ္ဘာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းများထဲတွင် သက်တမ်း အနုနယ်ဆုံး ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ သို့ရာတွင် အဖွဲ့အနေဖြင့် (၂)နှစ် တစ်ကြိမ် ကျင်းပသည့် ကမ္ဘာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့များ၏ Conference ကို ၂၀၁၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် တို့တွင် ပါဝင်တက်ရောက်ခဲ့ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (World Trade Promotion Organization- WTPO) အသိုင်းအဝိုင်းထဲတွင် ပါဝင်လာခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၈) ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်သည့် Beijing International Horticulture Expo 2019 ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ အဆိုပါ Expo တွင် ပါဝင်ပြသနေသော မြန်မာပြခန်းဆောင် သို့ လာရောက်စစ်ဆေးခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ “မြန်မာ့စားသောက်ကုန်များကို နိုင်ငံခြားသားများနှစ်သက်ကြကြောင်း၊ မြန်မာ့စိန်တလုံးသရက်သီးကို ပြည်ပနိုင်ငံများ၏ အကြီးအကဲ များထံ လက်ဆောင်အဖြစ် ပေးပို့ဖူးကြောင်း၊ မြန်မာ့ထွက်ကုန်များမှ အရည်အသွေးရှိသော ထုတ်ကုန် များကို အမျိုးသားကုန်အမှတ်တံဆိပ် (National Branding) အဖြစ် အကောင် အထည်ဖော်၍ ပို့ကုန်မြှင့် တင်ရေးအားပေး ဆောင်ရွက်သင့်ကြောင်း ” လမ်းညွှန်ခဲ့ပါသည်။

မြန်မာ့ကုန်အမှတ်တံဆိပ်မိတ်ဆက်ခြင်း၏ရည်ရွယ်ချက်

မြန်မာ့ကုန်အမှတ်တံဆိပ်ဆိုသည်မှာ မြန်မာနိုင်ငံတွင်ထုတ်လုပ်သည့် အရည်အသွေးရှိ မြန်မာ့ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို ကိုယ်စားပြုသော ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ မြန်မာ့ကုန် အမှတ်တံဆိပ်သည် နိုင်ငံတကာဝယ်ယူသူများအတွက် အကောင်းဆုံးရွေးချယ်သင့်သော မြန်မာ့ထုတ် ကုန်နှင့်ဝန်ဆောင်မှုအဖြစ် သိရှိနိုင်မည်ဖြစ်သည်။ မြန်မာ့ကုန်အမှတ်တံဆိပ်သည် ပြည်တွင်းထုတ်ကုန် လုပ်ငန်းရှင်များအတွက် နိုင်ငံတကာဈေးကွက်ဝေစုနှင့် စားသုံးသူများ၏ယုံကြည်မှုများကို တိုးပွား စေရန်အထောက်အကူပြုမည်ဖြစ်သည်။မြန်မာ့ထွက်ကုန်များမှ အရည်အသွေးရှိ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်ပဈေးကွက်သို့ ပိုမိုချိတ်ဆက်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးရန်နှင့် အရည်အသွေး အခြေပြုသည့် ပို့ကုန်မြှင့်တင်ရေးဖော်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

မြန်မာ့ကုန်အမှတ်တံဆိပ်လျှောက်ထားခြင်း

မြန်မာ့ကုန်အမှတ်တံဆိပ်(Myanmar Brand) ကို Website တွင် ဝင်ရောက်လျှောက်ထား နိုင်ပြီး၊ လျှောက်ထားသော စာရွက်စာတမ်းများ မှန်ကန်/ပြည့်စုံပါက လျှောက်ထားသူ၏ Email သို့ Confirmation Letter ပေးပို့ပေးမည်ဖြစ်သည်။ ထို့နောက် လျှောက်လွှာများကို စုစည်း၍ မြန်မာ့ကုန် အမှတ်တံဆိပ်အတည်ပြုရေး ဘုတ်အဖွဲ့သို့ တင်ပြခွင့်ပြုချက်များရယူမည်ဖြစ်ပြီး မြန်မာ့ကုန်အမှတ် တံဆိပ်လက်ခံရရှိမည့် ထုတ်ကုန်များနှင့်ဝန်ဆောင်မှုလုပ်ငန်းများသို့ လုပ်ထုံးလုပ်နည်းအတိုင်း ပြန်လည် အသိပေးအကြောင်းကြားမည်ဖြစ်သည်။ မြန်မာ့ကုန်အမှတ်တံဆိပ်ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကိုလည်း အခါအားလျော်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာ့ကုန်အမှတ်တံဆိပ်(Myanmar Brand)အသိအမှတ်ပြုလက်မှတ်ကို မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ လက်မှတ်ရေးထိုး၍ (၂)နှစ်အတွက် ထုတ်ပေးမည်ဖြစ်ပြီး၊ Myanmar Brand-MB Logo ကို မိမိတို့ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါမြန်မာကုန်အမှတ်တံဆိပ်အတွက် လိုအပ်သော Criteria အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

-    မြန်မာနိုင်ငံသားပိုင် ထုတ်လုပ်မှု/ဝန်ဆောင်မှုလုပ်ငန်းဖြစ်ရမည်။
-    ကုမ္ပဏီ (သို့မဟုတ်) လုပ်ငန်းမှတ်ပုံတင်ရှိရမည်။
-    စားသောက်ကုန်ဖြစ်ပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)  
     လက်မှတ်၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားထုတ်ကုန်ဖြစ်ပါက  သက်ဆိုင်ရာ အစိုးရဌာန ၏ ထောက်ခံချက်ရှိရမည်။
-    ထုတ်ကုန်အလိုက် ပြည်တွင်း/ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရန် သင့်လျော်သည့် ထုပ်ပိုး မှု ပုံစံရှိရမည်။ ပါဝင်ပစ္စည်းများ၊ ကုန်ပစ္စည်းအညွှန်း၊ Production Date ၊ Expired Date၊ ကုမ္ပဏီလိပ်စာ၊ ထုတ်လုပ်သည့်နိုင်ငံ၊ ဘားကုဒ်စသည့် ဖော်ပြချက်များ ပြည့်စုံစွာပါရှိရ မည်။
-    စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပါ အချက်များနှင့် ကိုက်ညီမှုရှိရမည်။
-    လွန်ခဲ့သော (၂) နှစ်ကနိုင်ငံတော်သို့ ကုမ္ပဏီဝင်ငွေခွန်ထမ်းဆောင်မှု အထောက်အထား များ တင်ပြနိုင်ရမည်။
-    ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးခြင်းနှင့် ပြည်ပသို့ ထုတ်ကုန်တင်ပို့သည့် အထောက် အထား တင်ပြနိုင်ရမည်။ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်ပါက ပြည်ပရှိ လုပ်ငန်းခွဲများ၊ ပြည်တွင်း/ပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြေအနေများ တင်ပြ ရမည်။
-    အလုပ်သမားခန့်ထားနိုင်မှုနှင့် Corporate Social Responsibility (CSR)လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု အခြေအနေတင်ပြရမည်။
-    ဌာန၏ ရည်မှန်းချက်ဖြစ်သည့် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက် မှု၊ ဆန်းသစ်ဖန်တီးမှု၊ တီထွင်ကြံဆမှုရှိရမည်။
-    
မြန်မာ့ကုန်အမှတ်တံဆိပ်မြှင့်တင်ရေးအစီအစဉ်များ

-    ပြည်တွင်း/ပြည်ပ ကုန်စည်ပြပွဲများတွင် မြန်မာ့ကုန်အမှတ်တံဆိပ်မြှင့်တင်ရေး အစီအစဉ် များ ထည့်သွင်းကျင်းပခြင်း။
-    မြန်မာ့ကုန်အမှတ်တံဆိပ်မြှင့်တင်ရေးကုန်စည်ပြပွဲများ ကျင်းပပေးခြင်း။
-    မြန်မာ့ကုန်အမှတ်တံဆိပ်ကို သက်ဆိုင်ရာနိုင်ငံများမှ အစိုးရ/ပုဂ္ဂလိက အဖွဲ့အစည်း များသို့ အသိပေးအကြောင်းကြားခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း။
-    မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန တို့၏ Website များတွင် ထည့်သွင်းဖော်ပြပေးခြင်း။
-    မြန်မာ့ကုန်အမှတ်တံဆိပ်မြှင့်တင်ရေး ဆွေးနွေးပွဲများ ကျင်းပပေးခြင်း။
-    မြန်မာ့ကုန်အမှတ်တံဆိပ်လမ်းညွှန်စာအုပ် (Myanmar Brand Directory ) အား ထုတ်ဝေခြင်း။
-    မြန်မာ့ကုန်အမှတ်တံဆိပ်ရရှိပြီးသော ထုတ်ကုန်များ၏ နိုင်ငံတကာမှ ကိုယ်စားလှယ် များ၏ အချက်အလက်များကို  Website တွင် ဖော်ပြပေးခြင်း။


အကျိုးကျေးဇူးများ

မြန်မာကုန်အမှတ်တံဆိပ်ရရှိပါက လုပ်ငန်းရှင်များအတွက် မည်သို့အကျိုးရှိနိုင်မည်ကို သိရှိလို မည်ဖြစ်ပါသည်။ မြန်မာကုန်အမှတ်တံဆိပ်ရရှိသူ လုပ်ငန်းရှင်များအနေဖြင့် အောက်ပါအကျိုးကျေးဇူး များ ရရှိနိုင်မည် ဖြစ်ပါသည်-

-    ထုတ်ကုန်နှင့်ဝန်ဆောင်မှုလုပ်ငန်းများ၏ ဈေးနှုန်းတိုးမြှင့်ရရှိနိုင်ခြင်း။
-    ထုတ်ကုန်နှင့်ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးကို နိုင်ငံတကာဈေးကွက်၏   အသိအမှတ်ပြုမှုကို ရရှိနိုင်ခြင်း။
-    မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ကုန်အမှတ် တံဆိပ် မြှင့်တင်ရေးပြပွဲများတွင် ပါဝင်ပြသရန် အခွင့်အရေးရရှိနိုင်ခြင်း။
-    နိုင်ငံတကာမှ ဝယ်ယူသူများနှင့် ချိတ်ဆက်နိုင်မည့် အခွင့်အရေးရရှိနိုင်ခြင်း။
-    ဈေးကွက်ထိုးဖောက်နိုင်မှုနှင့်ဈေးကွက်တည်ငြိမ်မှုရရှိနိုင်ရန် အထောက်အကူပြုနိုင်ခြင်း။
-    
မြန်မာ့ထုတ်ကုန်ဒီဇိုင်းစင်တာ

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် Japan Institute of Design Promotion (JDP)၊ ASEAN-Japan Center(AJC)တို့နှင့် ပူးပေါင်း၍ ပို့ကုန်မြှင့်တင်ရေးကို အထောက်အကူဖြစ်စေမည့် ထုတ်ကုန်ဒီဇိုင်းစင်တာတစ်ခုကို မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနတွင် တည်ထောင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အဆိုပါထုတ်ကုန်ဒီဇိုင်းစင်တာမှ မြန်မာ့ထုတ်ကုန်များအတွက် နိုင်ငံတကာဈေးကွက်ဝင် အရည်အသွေးရှိ ထုတ်ကုန်ဒီဇိုင်းများထုတ်လုပ်၍ မြန်မာ့အမှတ်တံဆိပ် အဖြစ် ဈေးကွက် ရရှိ ထိုးဖောက်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။    

အချုပ်အားဖြင့်ဆိုသော် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် ခေတ်စနစ်နှင့် လိုက်လျော ညီထွေ ဖြစ်စေမည့် ပို့ကုန် မြှင့်တင်ရေးလုပ်ငန်းများကို တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။ အကောင်အထည်ဖော်လျက်ရှိသော လုပ်ငန်းစဉ်အမျိုးမျိုးအနက် လုပ်ငန်း ရှင်များ၏ ထုတ်ကုန်များကို “မြန်မာ့ကုန်အမှတ်တံဆိပ် (Myanmar Brand) ရရှိအောင် အားပေး ဆောင်ရွက်ခြင်းဖြင့် မြန်မာ့ထုတ်ကုန်များ၏ အရည်အသွေးကို အာမခံပြီး ဈေးကွက်မြှင့်တင်နိုင်မည့် လုပ်ငန်းလည်း ပါဝင်ပါသည်။ မြန်မာ့ကုန်အမှတ် တံဆိပ် (Myanmar Brand) ရရှိပြီးသော ထုတ်ကုန် များအား မြန်မာနိုင်ငံနှင့် သံတမန်အဆက်အသွယ်ရှိသည့်  ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာအသင်း အဖွဲ့များ၊ စားသုံးသူများသိရှိ၍ ယုံကြည်စွာ သုံးစွဲနိုင်ရေး အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကူအညီဖြင့် မြန်မာသံရုံးများမှတဆင့် အသိပေးအကြောင်းကြား သွားမည်ဖြစ်သည်။” မြန်မာ့ကုန် အမှတ်တံဆိပ် (Myanmar Brand-MB) သည် အနာဂတ် မြန်မာ့ ပို့ကုန်ကဏ္ဍအတွက် အဓိကကျသော အမှတ်တံဆိပ်တစ်ခုဖြစ်လာမည့်အပြင် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် ထုတ်ကုန်များကို အပြည်ပြည်ဆိုင်ရာဈေးကွက်သို့ ပို့ဆောင်ပေးမည့် အမျိုးသားပို့ကုန် အမှတ်တံဆိပ်တစ်ခုအဖြစ် ပေါ်ပေါက်လာမည် ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။