mdn

သတင်းဆောင်းပါး - မြတ်သီဟစော (Australian Maritime College) (DOF)

 

ယနေ့ကမ္ဘာကြီးကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်နေကြသော ပြည်သူများ၏ နေ့စဉ်စားသုံးသော အစား အစာများတွင် ငါးရိက္ခာစားသုံးခြင်းဖြင့် ပရိုတင်း ဓာတ်များ ရရှိနေကြပါသည်။ အထူးသဖြင့် ကလေးငယ် လေးများ၏ ဉာဏ်ပညာတိုးတက်မှု၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးကောင်းမွန်ရန်အတွက် ငါးစားသုံးခြင်းဖြင့် အာဟာရဓာတ်များစွာရရှိပါသည်။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည် ပရိုတင်းဓာတ်နှင့် အခြား အာဟာရဓာတ်များရရှိစေရန်အတွက် ငါးရိက္ခာကို အဓိကအားထားနေကြပါသည်။ တိုးတက်မြင့်မားလာသော ပြည်တွင်းငါးရိက္ခာဝယ်လိုအားနှင့် နိုင်ငံခြားငွေ ရရှိနိုင်ရန်အတွက် ရေထွက်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရန် ငါးဖမ်းဆီးထုတ်လုပ်မှုသည် နှစ်စဉ်မြင့်တက် လျက်ရှိနေပါသည်။ ထို့အပြင် ရေလုပ်သားများ၊ ငါးဖမ်း ရေယာဉ်ပိုင်ရှင်များ၊ ရေထွက်ကုန်ပစ္စည်း ပြုပြင်ထုတ် လုပ်ရောင်းချသည့်လုပ်သားများ စသည်ဖြင့် သိန်းချီသော ပြည်သူများသည် ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ဆက်စပ်လုပ်ငန်းများမှတစ်ဆင့် အသက်မွေးဝမ်းကျောင်း ပြုနေကြပြီး စဉ်ဆက်မပြတ် ငါးဖမ်းဆီးထုတ်လုပ်နိုင် ရန် မျှော်လင့်နေကြပါသည်။

 

သို့သော်လည်း မြန်မာ့ပင်လယ်မှ သက်ရှိသက်မဲ့ အရင်းအမြစ်တို့သည် အဆင့်မြှင့်တင်ထားသော ငါးဖမ်း ကိရိယာများ၊ ရေဒါများအသုံးပြုပြီး နေရာမလပ်ဖမ်းဆီး နေခြင်း၊ တရားမဝင် ငါးဖမ်းရေယာဉ်များမှ ငါးဖမ်းဆီး ခြင်း၊ တရားမဝင်ကန့်သတ်ကိရိယာများ အသုံးပြုပြီး ငါးဖမ်းဆီးခြင်း၊ တားမြစ်ကန့် သတ်ဧရိယာများတွင် ငါးဖမ်းဆီးခြင်းတို့ကြောင့် နှစ်စဉ်ငါးအထိအမိလျော့နည်း လာနေပြီး အချို့ငါးမျိုးစိတ်များမှာ မျိုးသုဉ်းမည့်ဘေး ကြုံတွေ့နေရလျက်ရှိပြီး အချိန်မီထိန်းသိမ်းရန် အရေး တကြီး လိုအပ်လျက်ရှိနေပါသည်။

 

ပင်လယ်ထဲရောက်လာသော စွန့်ပစ်ငါးဖမ်းကိရိယာများ

 

မြန်မာနိုင်ငံသာမက နိုင်ငံတကာတွင်ပါ တရားမဝင် ငါးဖမ်းဆီးခြင်းသည် အရေးတကြီးဖြေရှင်းရမည့် ပြဿနာ ရပ်များအဖြစ် နိုင်ငံတကာက လက်ခံပြီး နိုင်ငံများ၊ အဖွဲ့အစည်းများ အချင်းချင်းအတူတကွ ဖြေရှင်းဆောင်ရွက် လျက်ရှိနေပါသည်။ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ကြီးနှင့် ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်မှ ထုတ်ပြန်သော အစီရင်ခံစာများအရ ပင်လယ်ထဲတွင် ငါးဖမ်းသမားများစွန့်ပစ်သော ကြီးမား ကျယ်ပြန့်ပြီး အရေအတွက်များပြားသည့် ငါးဖမ်း ကိရိယာများနှင့် ပျောက်ဆုံးပျက်စီးသော ငါးဖမ်း ကိရိယာအမျိုးမျိုးတို့ကြောင့် အဏ္ဏဝါပတ်ဝန်းကျင် ပျက် စီးမှု၊ ပင်လယ်ကူးသင်္ဘောများအား အနှောင့်အယှက် ဖြစ်စေမှုများနှင့် ငါးမျိုးစိတ်များ မျိုးသုဉ်းပျက်စီးခြင်းနှင့် ငါးနေ ငါးထိုင်များပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်လာပါသည်။

 

လေ့လာသုတေသနပြုချက်များအရ တိုးတက် မြင့်မားလာသော ငါးဖမ်းဆီးမှုနည်းပညာများနှင့် တစ်ဟုန်ထိုး ငါးဖမ်းဆီးမှုများကြောင့် ပိုင်ရှင်မဲ့(စွန့်ပစ်ပျောက်ဆုံး) ငါးဖမ်းကိရိယာများသည် ပင်လယ်ပြင်ကို တစ်စတစ်စ ညစ်ညမ်းပျက်စီးလာစေပါသည်။ ပင်လယ်ကူးသင်္ဘောများနှင့် အမျိုးမျိုးသော ငါးဖမ်းရေယာဉ်များသည် ပင်လယ်ပြင်ညစ်ညမ်းမှု ဖြစ်ပေါ်စေခြင်း၏ အဓိကအရင်းအမြစ်ဖြစ်သကဲ့သို့ ကုန်းမြေများမှ စွန့်ပစ်သော အမှိုက်များပင်လယ်ပြင်သို့ ဝင်ရောက် စီးဆင်းစေခြင်းသည်လည်း အဏ္ဏဝါပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။ ပိုင်ရှင်မဲ့(စွန့်ပစ်ပျောက်ဆုံး) ငါးဖမ်းကိရိယာများသည် ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်ခြင်းမဟုတ်နိုင်သော်လည်း၊ ဆိုးရွားသော သဘာဝဘေးများကြောင့် ငါးဖမ်းဆီးခြင်းဆောင်ရွက် နေစဉ် ပင်လယ်အတွင်း ပျောက်ဆုံးခြင်း၊ ပင်လယ်ကြမ်းပြင်နှင့် ငြိတွယ်ကျန်ရစ်ခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိနေ ပါသည်။ အဏ္ဏဝါကြမ်းပြင်၊ သန္တာ ကျောက်တန်းများသာမက ပင်လယ်ပျော်ငှက်များ မျိုးသုဉ်း စာရင်းဝင် ပင်လယ်လိပ်များ၊ ငါးမန်း၊ ငါးလိပ်ကျောက် အမျိုးမျိုးနှင့် နို့တိုက်သတ္တဝါများဖြစ်သော ဝေလငါး၊ ဖျံ၊ လင်းပိုင်၊ ရေဝက်များသည်လည်း ပိုင်ရှင်မဲ့ (စွန့်ပစ်ပျောက်ဆုံး) ငါးဖမ်းကိရိယာများကြောင့် သေကျေပျက်စီး ခြင်းများဖြစ်ပေါ်လျက်ရှိပြီး အချို့ရေနေသတ္တဝါများမှာ မသန်မစွမ်းဖြစ်ကြရပါသည်။

 

ပိုင်ရှင်မဲ့စွန့်ပစ်ပစ္စည်းများ မဖြစ်ပေါ်ရေး

 

တိုးတက်သည့်နိုင်ငံများတွင် စီးပွားဖြစ်အသုံးပြုသည့် ငါးဖမ်းကိရိယာများအားလုံးနှင့် အပျော်တမ်း ငါးဖမ်း ကိရိယာများအများစုသည် တရားဝင်မှတ်ပုံတင်ထားရပြီး မိမိတို့ကိရိယာများအတွက် တာဝန်ယူနိုင်စေရန်အလို့ငှာ သတ်မှတ်ချက်များပြဋ္ဌာန်းပြီး ထိန်းချုပ်လျက်ရှိနေကြပါ သည်။ ငါးဖမ်းရေယာဉ်များအနေဖြင့် မိမိတို့အသုံးပြုသော ငါးဖမ်းပိုက်များကို မည်သည့်နေရာတွင် အသုံးပြုခဲ့သည်။ မည်သည့်ပိုက်၊ ကိရိယာအမျိုးအစားဖြင့် အသုံးပြုခဲ့သည် စသည်တို့ဖြင့် တရားဝင်မှတ်တမ်းများ ထားရှိစေပါသည်။ ထိုသို့စနစ်တကျ မှတ်တမ်းတင် ထားခြင်းဖြင့် ငါးလုပ်ငန်း စစ်ဆေးရေးမှူးများမှ ပိုင်ရှင်မဲ့ (စွန့်ပစ်/ပျောက်ဆုံး) ငါးဖမ်းကိရိယာများ မဖြစ်ပေါ်စေရေးအတွက် စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းရှင်များကိုတွန်းအားပေးဆောင်ရွက်လျက် ရှိပါသည်။

 

မိမိတို့ငါးလုပ်ငန်းဦးစီးဌာနတွင် ဝန်ထမ်းအင်အား  နည်းပါးမှုများကြောင့်လည်းကောင်း၊ များပြားသော ငါး  ဖမ်းရေယာဉ်ပမာဏများကြောင့်လည်းကောင်း စသည့် အမျိုးမျိုးသော အခက်အခဲများကြောင့် တစ်နိုင်တစ်ပိုင် ငါးဖမ်းဆီးခြင်းမှ အစပြု၍ စီးပွားဖြစ်ဖမ်းဆီးကြသော ငါးဖမ်းရေယာဉ်များအားလုံးတွင် အသုံးပြုသော ငါးဖမ်း ကိရိယာများကို စစ်ဆေးစေရန်အတွက် လိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိနေပါသည်။

 

“သုတေသနမရှိသည့်လုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်နိုင်" ဆိုသကဲ့သို့ မြန်မာ့အဏ္ဏဝါပတ်ဝန်းကျင်ကို ပြန်လည်ကောင်းမွန်စေရန်အတွက် အားကိုးထိုက်သည့် သုတေသနရလဒ်များရရှိရန် ရေလုပ်ငန်းကို အမှီသဟဲပြု နေကြသော ပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် တာဝန်ရှိကြပါသည်။ အထူးသဖြင့် ပင်လယ်ကြမ်းပြင်နှင့် တားမြစ် ဧရိယာများအတွင်း စည်းကမ်းမဲ့ငါးဖမ်းဆီးကြသည့် ရေယာဉ်များကြောင့် ဖြစ်ပေါ်ခဲ့သော ပိုင်ရှင်မဲ့ (စွန့်ပစ် ပျောက်ဆုံး) ငါးဖမ်းကိရိယာများကို သိပ္ပံနည်းကျမှတ် တမ်းတင်သုတေသနပြုနိုင်ရန် အရေးပေါ်လိုအပ်လျက်ရှိပြီး ဝန်ထမ်းများကို ရေငုပ်သင်တန်းပေးခြင်း၊ သုတေသန ပြုလုပ်ခြင်းနည်းပညာများ ဖြန့်ဝေသင်ကြားပေးခြင်း၊ လိုအပ်သော လုံခြုံရေးနှင့် ဘဏ္ဍာရေးလိုအပ်ချက်များထောက်ပံ့ပေးခြင်းတို့ လိုအပ်လျက်ရှိပါသည်။ သို့မှသာ မြန်မာနိုင်ငံအဏ္ဏဝါရေပြင်တွင် လက်ရှိဖြစ်ပေါ်နေသော ကမ်းရိုးတန်း၊ ရေပေါ် ရေအောက်ညစ်ညမ်းမှုများကို မှတ်တမ်းတင်နိုင်မည်ဖြစ်ပြီး လုပ်ငန်းရှင်များ၊ ရေလုပ်သား များ၊ အများပြည်သူများနှင့် အစိုးရဌာနဆိုင်ရာများမှ အတူတကွလက်တွဲ၍ ပိုင်ရှင်မဲ့(စွန့်ပစ် ပျောက်ဆုံး) ငါးဖမ်းကိရိယာများ ဆက်လက်မဖြစ်ပေါ်စေရေးကို တားဆီး ကာကွယ်လျှော့ချနိုင်မည်ဖြစ်ပါသည်။

 

သန္တာကျောက်တန်းများပါ ပျက်စီးလာ

 

ယနေ့တိုးတက်နေသည့် အမေရိကန်နိုင်ငံတွင်ပင် ပိုင်ရှင်မဲ့(စွန့်ပစ်/ပျောက်ဆုံး) ငါးဖမ်းကိရိယာများကြောင့် ပင်လယ်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး Maryland ပြည်နယ် Chesapeake ပင်လယ်အော်ဒေသတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး မှပြုလုပ်ခဲ့သော လေ့လာချက်များအရ ကဏန်းမြို့ အရေအတွက် ၅၀၀၀၀၀ခန့် နှစ်စဉ်အသုံးပြုဖမ်းဆီး လျက်ရှိပြီး မြုံးတစ်သိန်းငါးသောင်းခန့်မှာ အကြောင်း အမျိုးမျိုးတို့ကြောင့် ပျောက်ဆုံးခြင်း၊ စွန့်ပစ်ခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့အပြင် မျောပိုက်၊ တန်းပိုက် နှင့် ပြုံးများသည် ပိုင်ရှင်မဲ့ (စွန့်ပစ်ပျောက် ဆုံး) ငါးဖမ်းကိရိယာများအဖြစ် အများဆုံးတွေ့ရှိရကြောင်း အရှေ့တောင်အာရှ ငါးလုပ်ငန်းဖွံ့ဖြိုးရေး ဗဟိုဌာန (SEAFDEC) ၏ သုတေသနရလဒ်များအရ သိရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် တရားမဝင် ငါးဖမ်းဆီးမှုကြောင့် ဖြစ်ပေါ်လာသော ပိုင်ရှင်မဲ့ (စွန့်ပစ်/ပျောက်ဆုံး) ငါးဖမ်း ပိုက်ကြောင့် သန္တာကျောက်တန်းများ ပျက်စီး နေပုံကိုဖော်ပြပါ ဓာတ်ပုံမှတ်တမ်းတွင် တွေ့ရှိနိုင် ပါသည်။ ပိုင်ရှင်မဲ့(စွန့်ပစ်/ပျောက်ဆုံး)ငါးဖမ်း ကိရိယာ များနှင့် သက်ဆိုင်သည့် အခြားသော စိတ်မချမ်းမြေ့ဖွယ် သာဓကများရှိနေသော်လည်း ဖော်ပြခြင်းမပြုတော့ပါ။

 

တရားမဝင်ငါးဖမ်းရေယာဉ်များနှင့် တရားမဝင် ငါး ဖမ်းဆီးမှုများရှိနေဆဲဖြစ်သော မိမိတို့နိုင်ငံအနေဖြင့် ပိုင်ရှင်မဲ့ (စွန့်ပစ်ပျောက်ဆုံး) ငါးဖမ်းကိရိယာများ မည်မျှရှိနေသည်ကို တိတိကျကျသိရှိနိုင်ရန် ခက်ခဲနေဆဲ ဖြစ်ပါသည်။

 

အချို့ NGO အဖွဲ့အစည်းများမှ သုတေသနစီမံ ကိန်းများဆောင်ရွက်နေသော်လည်း တာဝန်ရှိသော ဌာနဆိုင်ရာများအနေဖြင့် မှန်ကန်သော သုတေသနပြု ရလဒ်များဖြစ်ပေါ်နိုင်ရန်အတွက် ပိုင်ရှင်မဲ့ (စွန့်ပစ် ပျောက်ဆုံး) ငါးဖမ်းကိရိယာများနှင့်သက်ဆိုင်သည့် သုတေသနများကို ဌာနဆိုင်ရာတာဝန်ရှိ သူများမှ ပူးပေါင်း၍ အလျင်အမြန်ဆောင်ရွက်ရန် လိုအပ်နေသည် မှာ သံသယဖြစ်ဖွယ်မရှိပါ။ တရားမဝင်ငါးဖမ်းဆီးမှုများ ရှိနေဆဲဖြစ်သော အရှေ့တောင်အာရှနိုင်ငံများနှင့် မိမိတို့ မြန်မာနိုင်ငံတွင်ပါ ပိုင်ရှင်မဲ့ (စွန့်ပစ်ပျောက်ဆုံး) ကိရိယာများနှင့် ပတ်သက်၍ သုတေသနများ ဆောင်ရွက် ကြရန် အရှေ့ တောင်အာရှငါးလုပ်ငန်းဖွံ့ဖြိုးရေး ဗဟို ဌာန (SEAFDEC)မှ အဖွဲ့ဝင် နိုင်ငံများကို တွန်းအားပေး တိုက်တွန်းလျက်ရှိနေပါသည်။

 

လိုအပ်လာသော သုတေသနလုပ်ငန်း

 

မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်မှစတင်၍ ကမ်းရိုးတန်းဒေသများရှိ ရေလုပ်သား များနှင့် ၎င်းတို့၏အသိုက်အဝန်းများ တိုးတက်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ  ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ငါးလုပ်ငန်းနှင့်ပတ်သက်၍ ခေတ်  အဆက်ဆက်တွင် သုတေသနများပြုလုပ်ခဲ့သော်လည်း ပိုင်ရှင်မဲ့(စွန့်ပစ်ပျောက်ဆုံး) ငါးဖမ်းကိရိယာများနှင့် ပတ်သက်၍ သိပ္ပံနည်းကျဆောင်ရွက်သည့် သုတေသနများမှာ နိုင်ငံတကာအဆင့်ဆောင်ရွက်ရန် လိုအပ်နေသည်ကို တွေ့ရှိရပါသည်။ လက်ရှိအနေဖြင့် သုတေသနပြုနေသော နိုင်ငံတကာအဖွဲ့အစည်းများ  သာမက မြန်မငါးလုပ်ငန်းဆိုင်ရာအဓိကတာဝန်ရှိသော ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပိုင်ရှင်မဲ့ (စွန့်ပစ်/ပျောက် ဆုံး)နှင့် ပတ်သက်သော သုတေသနများဆောင်ရွက်တော့မည်ဖြစ်ပါသည်။ သို့ဖြစ်၍ လုပ်ငန်းရှင်များ၊ ရေလုပ်သားများ၊ တာဝန်ရှိဌာနဆိုင်ရာများ၊ ဒေသဆိုင်ရအာဏာပိုင်များနှင့် အများပြည်သူတို့အနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနနှင့် လက်တွဲပြီး မိမိတို့နိုင်ငံ၏ အဏ္ဏဝါရေပြင်သန့်ရှင်းရေး၊ ရေသယံဇာတ ထိန်းသိမ်း ရေးနှင့် ရေရှည်တည်တံ့သော ငါးလုပ်ငန်းဖော်ဆောင် နိုင်ရေးတို့အတွက် ဦးတည်ကာ ဝိုင်းဝန်းကူညီ၍ သုတေသနပြုဆောင်ရွက်နိုင်ပါရန် အကြံပြုရေးသား တင်ပြလိုက်ရပါသည်။ ။