အောက်ဆီဂျင်အက်တမ် သုံးခုပါဝင်သော မော်လီကျူးတစ်ခုဖြစ်သည့် အိုဇုန်းဓာတ်ငွေ့သည် အပြာရောင် ဖျော့ဖျော့ရှိပြီး အလွန်အနံ့ပြင်း၍ မြေပြင်ပေါ်တွင် တည်ရှိ ပါက လေထုညစ်ညမ်းမှု ဖြစ်စေပါသည်။ စက်ရုံအလုပ်ရုံ များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံများ၊ မော်တော်ယာဉ်များမှ ထုတ်လွှတ်သော ဓာတ်ဆီငွေ့များ တွင် အဓိကပါဝင်သည့် နိုက်ထရိုဂျင်နှင့် အောက်ဆီဂျင် ဒြပ်ပေါင်းများ (Oxide of Nitrogen) နှင့် အငွေ့ပျံလွယ် သော အော်ဂဲနစ်ဒြပ်ပေါင်း (Volatile Organic Compound-VOC) များနေရောင်ခြည်နှင့် ဓာတ်ပြု၍ ဖြစ်ပေါ်လာရသည့် အိုဇုန်းဓာတ်ငွေ့များသည် ကမ္ဘာ့မြေမျက်နှာပြင်မှ ငါးမိုင်အတွင်းရှိ ထရိုပိုစဖီးယား (Troposphere) အလွှာတွင် တည်ရှိနေပါသည်။
သို့ရာတွင် ကမ္ဘာ့မြေပြင်အထက် ခြောက်မိုင်မှ ၃၁ မိုင်အတွင်း ကမ္ဘာ့လေထု၏ ဒုတိယအလွှာဖြစ်သော စထရာတိုစဖီးယား (Stratosphere) အလွှာတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် အိုဇုန်းလွှာသည် နေရောင် ခြည်နှင့်အတူပါလာသည့် ခရမ်းလွန်ရောင်ခြည် သုံးမျိုးအနက် လူနှင့် သက်ရှိတို့ကို အန္တရာယ်ဖြစ်စေသော ခရမ်း လွန်ရောင်ခြည် UV-B ကို ၉၅ ရာခိုင်နှုန်းအထိ လည်းကောင်း၊ UV-C ကို ၁၀၀ ရာခိုင်နှုန်းအထိလည်းကောင်း စုပ်ယူ စစ်ထုတ်ပေးနေသည့် အငွေ့စစ်ကိရိယာတစ်ခုအနေဖြင့် အကျိုးပြုလျက်ရှိပါသည်။
အိုဇုန်းလွှာ ပျက်စီးခြင်း
လူနှင့် သက်ရှိတို့ကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ပေးနေသော စထရာတိုစဖီးယားအလွှာရှိ အိုဇုန်းလွှာသည် ရေခဲသေတ္တာနှင့် လေအေးပေးစက်များတွင် အများဆုံးအသုံးပြုသည့် ကလိုရင်း၊ ဖလိုရင်းနှင့် ကာဗွန်ဒြပ်ပေါင်း ကလိုရိုဖလူရိုကာဗွန် (CFCs) ကြောင့် ပျက်စီးကြောင်း ၁၉၇၄ ခုနှစ်တွင် သိပ္ပံပညာရှင်များက စတင်တွေ့ရှိခဲ့ကြပြီး နောက်ပိုင်းတွင် ကလိုရင်း၊ ဖလိုရင်း၊ ဘရိုမင်းများ ပါဝင်သောဒြပ်ပစ္စည်းများကလည်း အိုဇုန်း လွှာပျက်စီးမှုကို ဖြစ်ပေါ်စေကြောင်း ဆက်လက်တွေ့ရှိခဲ့ကြပါသည်။
အိုဇုန်းလွှာ၏ အနိမ့်ဆုံး ပျမ်းမျှအထူမှာ ၂၂၀ ဒေါ့ဘ်ဆန်ယူနစ် (၂ ဒသမ ၂ မီလီမီတာ) ဖြစ်ပြီး ၎င်းပျမ်းမျှ အထူထက် လျော့နည်းလာခြင်းကို အိုဇုန်းလွှာပျက်စီးခြင်း/ အိုဇုန်းလွှာပေါက်ပြဲခြင်း (Ozone Hole) ဟု သတ်မှတ် ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။
၁၉၈၅ ခုနှစ်တွင် သိပ္ပံပညာရှင်များက ကမ္ဘာ့ပထမဆုံး အိုဇုန်းလွှာအပေါက်ကို အန္တာတိကတိုက်အပေါ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ၉၄ ဒေါ့ဘ်ဆန်ယူနစ်နှင့် ၂၀၁၆ ခုနှစ်တွင် ၁၂၄ ဒေါ့ဘ်ဆန် ယူနစ်သာရှိကြောင်း တွေ့ရှိရပါသည်။
အိုဇုန်းလွှာ ပျက်စီးမှု၏ ဆိုးကျိုးသက်ရောက်မှုများနှင့် ရာသီဥတုပြောင်းလဲမှု
အိုဇုန်းလွှာပျက်စီးမှုကြောင့် အရေပြားကင်ဆာ ရောဂါ၊ မျက်စိတိမ်စွဲရောဂါနှင့် ကိုယ်ခံအားကျဆင်းမှုများ ဖြစ်ပေါ်စေ နိုင်သည့်အပြင် သီးနှံအထွက်နှုန်းကျဆင်းမှု၊ အဏ္ဏဝါဂေဟစနစ်ပျက်စီးမှုနှင့် ရုပ်ဝတ္ထုပစ္စည်း ယိုယွင်း ပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုကြောင့် ကမ္ဘာတစ်ဝန်း နှစ်စဉ်လူဦးရေ နှစ်သန်းမှ သုံးသန်းအထိ အရေပြားကင်ဆာရောဂါ ဖြစ်ပွားလျက်ရှိပြီး နှစ်စဉ်ခန့်မှန်းခြေလူဦးရေ ၆၆၀၀၀ ခန့် သေဆုံးမှု ဖြစ်ပေါ်လျက်ရှိကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (UNEP) ၏ အစီရင်ခံစာအရ သိရှိရပါသည်။
ယင်းအပြင် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်း အများစုသည် ကမ္ဘာ့ပူနွေးမှုညွှန်းကိန်း (Global Warning Potential- GWP) မြင့်မားကြပြီး အင်အားကြီးသော မှန်လုံ အိမ်အာနိသင်ဓာတ်ငွေ့ (GHGs) များဖြစ်ကြသောကြောင့် ယင်းဒြပ်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုသည် ရာသီဥတုပြောင်းလဲမှုဖြစ်စေသည့် အဓိကအကြောင်းတစ်ရပ်ဖြစ်ပါ သည်။
အိုဇုန်းလွှာပျက်စီးမှု ထိန်းချုပ်ခြင်းဆောင်ရွက်ချက်များ
အိုဇုန်းလွှာပျက်စီးခြင်းကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ၁၉၈၅ ခုနှစ်တွင်လည်းကောင်း၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ထိန်းချုပ်ရေး ဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ကို ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင်လည်းကောင်း အတည်ပြု ချုပ်ဆိုခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ အားလုံး ပူးပေါင်းပါဝင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့သော စက်တင်ဘာလ ၁၆ ရက်နေ့ ကို ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံသည် အိုဇုန်းလွှာပျက်စီးစေသော အဓိက ဒြပ်ပစ္စည်းဖြစ်သည့် ကလိုရိုဖလူရိုကာဗွန် (CFCs) ထုတ်လုပ်အသုံးပြုမှုကို ၂၀၁၀ ပြည့်နှစ်ကပင် ရပ်ဆိုင်းခဲ့ပြီး ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) များအသုံးပြုမှုကို ၂၀၄၀ ပြည့်နှစ်တွင် အပြီးသတ်ရပ်ဆိုင်းနိုင်ရန် ၂၀၁၅ ခုနှစ် မှစ၍ နှစ်အလိုက် ကန့်သတ်ပမာဏအတိုင်း ခွဲတမ်းစနစ် ဖြင့်သာ တင်သွင်းခွင့်ပြုလျက်ရှိပါသည်။
မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်အရ ကမ္ဘာ့နိုင်ငံအားလုံး၏အိုဇုန်းလွှာ ကာကွယ်ရေးကြိုးပမ်းမှုများကြောင့် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ကာဗွန်ဒိုင် အောက်ဆိုက် ၁၃၅ ဘီလီယံ တန်ခန့်နှင့်ညီမျှသည့် အိုဇုန်းလွှာ ပျက်စီးစေသော ဓာတ်ငွေ့များလေထုအတွင်း ထုတ်လွှတ်မှုကို တားဆီးပေးနိုင်ခဲ့ခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်။
ယခုအခါ အိုဇုန်းလွှာပျက်စီးစေသော အအေးပေးဒြပ်ပစ္စည်းများအစား အစားထိုးအသုံးပြုနေသည့် ဟိုက်ဒရို ဖလူရိုကာဗွန် (HFCs) များသည် အင်အားကြီးသော မှန်လုံ အိမ်အာနိသင်ရှိသည့် (Greenhouse Gas- GHGs) ဓာတ်ငွေ့ များဖြစ်ကြောင်း တွေ့ရှိချက်များအရ ယင်း HFCs များ ထုတ်လုပ်မှု၊ သုံးစွဲမှုတို့ကို လျှော့ချနိုင်ရန် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ (၂၈) ကြိမ်မြောက် အစည်းအဝေးတွင် ကီဂါလီပြင်ဆင် ချက်ကို ချမှတ်ခဲ့ကြပြီး HFCs များထုတ်လုပ်သုံးစွဲမှုကို ဖွံ့ဖြိုးပြီးနိုင်ငံများ တွင် ၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်တို့မှစ၍လည်းကောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂၀၂၉ ခုနှစ်မှ စ၍လည်းကောင်း လျှော့ချခြင်းဖြင့် အိုဇုန်းလွှာပျက်စီးမှုကာကွယ်ထိန်းချုပ်ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းကိုပါ တစ်ကမ္ဘာလုံး၏ ပူးပေါင်းမှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများနှင့် ၎င်းဒြပ်ပစ္စည်းများအသုံးပြုသည့်ပစ္စည်းများ
ကလိုရိုဖလူရိုကာဗွန်(CFC)
- ရေခဲသေတ္တာ၊ မော်တော်ယာဉ် လေးအေးပေးစက်၊ အအေးခန်း စူပါမားကတ် ကုန်တိုက်ကြီးများရှိ Chiller များတွင် အအေးပေးပစ္စည်းအဖြစ် အသုံးပြုသည်၊
- ဆိုဖာရေမြှုပ် ထုတ်လုပ်ရာတွင် အမြှုပ်ထစေသော ပစ္စည်းအဖြစ်အသုံးပြုသည်၊
- ရင်ကြပ်ရောဂါ ဝေဒနာရှင်များအတွက် ရှူဆေးများတွင် အသုံးပြုသည်၊
- လျှပ်စစ်ပစ္စည်းများကို သန့်စင်ရာတွင် အသုံးပြုသည်၊
- ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်(HCFC)
- အိမ်သုံး/အဆောက်အုံသုံး လေအေးပေးစက်များ၊ အအေးခန်း စူပါမားကတ်၊ ကုန်တိုက်ကြီးများရှိ Chiller များတွင် အအေးပေးပစ္စည်းများအဖြစ် အသုံးပြုသည်၊
- ဆိုဖာရေမြှုပ် ထုတ်လုပ်ရာတွင် အမြှုပ်ထစေသော ပစ္စည်းအဖြစ် အသုံးပြုသည်၊
ကာဗွန်တက်ထရာ ကလိုရိုဒ် (CCl4)
- သတ္တုပစ္စည်းများ သန့်စင်ရာတွင် အသုံးပြုသည်၊
- မီသိုင်း ကလိုရိုဖောင်း (CH3CCl3)
- အီလက်ထရောနစ်ပစ္စည်းသန့်စင်ရာတွင် အသုံးပြုသည်၊
- မီသိုင်းဘရိုမိုဒ် (CH3Br)
- စိုက်ပျိုးမြေများကိုပိုးသတ်ခြင်း၊ စိုက်ပျိုးရေးထုတ်ကုန်များပိုးသတ်ခြင်းတွင် အသုံးပြုသည်၊
ဟေလွန် (CBr F3)
- မီးသတ်ဆေးဘူးများတွင် အသုံးပြုသည်၊
အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးအတွက် တစ်ဦးချင်းစီ ပါဝင်ဆောင်ရွက်ရန်အချက်များ
ပြည်သူတစ်ဦးချင်း အနေဖြင့် အောက်ပါအချက် များကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် အိုဇုန်းလွှာ ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုကို ကာကွယ် ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်-
- ရေခဲသေတ္တာ၊ လေအေးပေးစက် စသည့် အအေးပေး အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရာတွင် Ozone Friendly (သို့) CFC/ HCFC Free (သို့) Energy Efficiency အမှတ်အသားပါသော ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြပါ၊
- ဟေလွန်ပါဝင်သည့် မီးသတ်ဆေးဘူးများ သုံးစွဲမှုကို ရှောင်ကြဉ်ပါ၊
- ပန်းနာရောဂါနှင့် နာတာရှည် အဆုတ်ရောဂါအတွက် ကလိုရိုဖလူရိုကာဗွန်-CFC ပါဝင်သော ရှူဆေးများအစား အခြားခေတ်မီ အစားထိုးကုသနည်းများကို ခံယူပါ၊
- ပြည်ပသို့တင်ပို့သည့် သီးနှံထုတ်ကုန်များကို ပိုးသတ် ရာတွင် မီသိုင်းဘရိုမိုဒ် - CH3Br အစား အခြား အိုဇုန်း လွှာထိခိုက်မှုမရှိသည့် အစားထိုးပစ္စည်းများကို အသုံး ပြုပါ၊
- မှန်လုံအိမ် အာနိသင်ရှိသည့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများကို လျှော့ချသုံးစွဲခြင်း၊
စနစ်တကျသုံးစွဲခြင်းဖြင့် အိုဇုန်းလွှာထိခိုက်ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲခြင်းတို့ကို လျှော့ချ ကာကွယ်ပါ၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန


