လင်းနို့တို့သည် ထူးခြားသောပျံသန်းနိုင်သည့် နို့တိုက်သတ္တဝါတစ်မျိုးဖြစ်ရုံမက နေ့ဘက်တွင်ခိုအောင်းနေကာ ညဘက်တွင်မှ ပျံသန်းလှုပ်ရှားကြသဖြင့် nocturnal mammals များဟုလည်း ခေါ်ပါသည်။ ယင်းတို့တွင် အလွန်ထူးခြားသည့် သဘာဝများရှိရာ သိပ်သည်းစွာအုပ်ဖွဲ့နေတတ်ကြခြင်း၊ မှောင်မိုက်သောလိုဏ်ဂူများ၊ သစ်ခေါင်း များ၊ အဆောက်အအုံများ စသည်တို့တွင် နေထိုင်တတ်ကြခြင်းတို့က ဗိုင်းရပ်စ်ကဲ့သို့သော ရောဂါပိုးတို့ ခိုအောင်းနိုင်စရာနေရာတစ်ခုကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် လင်းနို့များကို ဗိုင်းရပ်စ်ပိုးချစ်သူများဟုလည်း သိပ္ပံပညာရှင် အချို့က ဆိုကြပါသည်။ သူတို့သည် သူတို့ပတ်ဝန်းကျင်ရှိ သစ်သီးသစ်စေ့များမှတစ်ဆင့် မျိုးပြန့်ပွားစေခြင်း၊ ဝတ်မှုန် ကူးခြင်း၊ စိုက်ခင်းများရှိ သီးနှံဖျက်ပိုးများကို ရှင်းလင်းစေ ခြင်း၊ သဘာ၀မြေဩဇာထုတ်လုပ်ခြင်းစသည့် ဂေဟစနစ်နှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အကျိုးပြုနေခြင်းများ တွေ့နိုင်ပါသည်။ သို့သော် ယင်းတို့၏ တည်ဆောက်နေထိုင်မှု ပုံစံများကလည်း ရောဂါပိုးများ ခိုနားနိုင်စရာနေရာဖြစ်နေစေပါသည်။

 

လင်းနို့မှ ဗိုင်းရပ်စ်များ ကူးစက်နိုင်

 

ခေတ်သစ်ကမ္ဘာအတွက် Emerging Infectious Diseases ခေါ် အသစ်ဖြစ်ပွားလာသည့် ကူးစက်ရောဂါများ ၏ အဓိကတရားခံများတွင် လင်းနို့တို့ ထိပ်ဆုံးမှပါဝင်နေကြောင်းလည်း သိရသည်။ လင်းနို့တို့၏ ကိုယ်ခံအားစနစ်က တစ်မူထူးခြားပြီး ကိုရိုနာဗိုင်းရပ်စ်များကဲ့သို့ လူနှင့် အခြားသတ္တဝါများကို အန္တရာယ်ပြုနိုင်သည်။ ဗိုင်းရပ်စ်များ ကို သူတို့အတွက် မည်သည့်အကျိုးသက်ရောက်မှုမျိုးမှ မဖြစ်အောင် ဖန်တီးထားနိုင်သည်ကို လေ့လာတွေ့ရ ကြောင်း သိရပါသည်။ Canada Simon Fraser University မှ Evolutionary Biology Professor Bernard Crespi ပါမောက္ခဘားနပ်ခရစ်စ်ပီဆိုသူက လေ့လာခဲ့သည်။ လင်းနို့တို့တွင် ဗိုင်းရပ်စ်ပိုးတို့နှင့် ယဉ်ပါးနေအောင် သူတို့ ၏ ကိုယ်ခံအားစနစ်က ဖန်တီးပေးထားသည်။ပါမောက္ခကြီးက ယင်းကို Bat Immunology လင်းနို့ ကိုယ်ခံအားစနစ်ဗေဒဟုပင် ဆိုလိုက်သည်။ ကိုရိုနာ ဗိုင်းရပ်စ်တို့သည် လင်းနို့တို့ထံ ခိုအောင်းနေခဲ့ကြသည် မှာ နှစ်ပေါင်းထောင်သောင်းမက သန်းဂဏန်းမျှပင် ရှိနိုင် သည်ဟုဆိုသည်။ ထိုဗိုင်းရပ်စ်တို့ကို အခြေအနေပေးပါက ကြားခံတိရစ္ဆာန်တစ်မျိုးမျိုးမှတစ်ဆင့် လူသားတို့ထံ ကူးစက်စေနိုင်သည်။ ယခုအခါ ကိုရိုနာဗိုင်းရပ်စ် SARS-Cov-2 ခေါ် COVID-19 (Coronavirus Disease 2019) ကို ကူးစက်နေစေခြင်းဖြစ်သည်။ Ebola, Marburg,Nipah စသည့်ဗိုင်းရပ်စ်ပိုးတို့ကို ဖြန့်ဝေခြင်းဖြင့် အီဘိုလာ၊ ဆားစ်၊ မားစ်နှင့် ယခု ကိုဗစ်-၁၉ ရောဂါတို့ကို ဖြစ်ပွားစေပါသည်။ အလွန်ထူးခြားသည်မှာ သူတို့၏ ကိုယ်ခံအားစနစ် (Immune System)တွင် Innate Immune System ခေါ် နဂိုရှိပြီးသား ခုခံအားစနစ်ပါဝင် ဖွံ့ဖြိုးနေခြင်းဖြစ်သည်ဟု Standford University မှ Virral Immunologist ဗိုင်းရပ်စ်ခုခံအားစနစ်ပါရဂူ Catherine Blish ကလည်း ဆိုပါသည်။

 

ထိုစနစ်သည် လူသားများတွင်လည်းရှိပြီး ပြင်ပမှ ဝင်ရောက်လာသည့် ပဋိပစ္စည်းတို့ကို အမျိုးအမည် မခွဲခြားရသေးမီ ဦးစွာတိုက်ခိုက်သည့်သွေးဖြူ ဥဆဲလ်များ ဖြစ်သည်။ ယင်းတို့တွင် သွေးဖြူဥများနှင့် အင်တာဖီယာရွန် (Interferons)များ ပါဝင်ပါသည်။

 

Interferonsတို့သည် ကျယ်ပြန့်သော ခုခံအားရှိမှုကို ဖြစ်စေရုံမက လင်းနို့တို့ရှိ ဗိုင်းရပ်စ်ပိုးတို့ ပြန့်ပွားမှုကိုပါ တားဆီးပေးနိုင်သည်ကို တွေ့ရပါသည်။ ထို့ကြောင့်ပင် လင်းနို့နှင့် ဗိုင်းရပ်စ်တို့ ပူးပေါင်းရှင်သန်နေနိုင်ကြပါသည်။ သို့သော် ထိုဗိုင်းရပ်စ်တို့သည် လူ့ခန္ဓာကိုယ်ထဲရောက်သွားသောအခါတွင်မူ လင်းနို့ကိုယ်ထဲမှာလို မဟုတ်တော့ဘဲ မူလအသွင်ကို ဆောင်ကာ ပြင်းထန်သောအခြေအနေကို ဖြစ်စေပါသည်။ နို့တိုက်သတ္တဝါတို့တွင် ပြင်ပမှရောဂါပိုး တစ်ခုခု ဝင်ရောက်လာပါက ကိုယ်တွင်းဇီဝကမ္မဖြစ်ပျက်မှုနှင့် ကိုယ်တွင်းအပူချိန် မြင့်မားလာမှုတို့ဖြင့် မိမိ၏ ကိုယ်ခံအားစနစ်များဖြစ်သော Innate Immunity ခေါ် စဖြစ်လာကတည်းက ပါလာပြီးဖြစ်သော ခုခံအားစနစ်နှင့် Adaptive Immunity (T-Cells,B-Cells စသည်များ)ဝင်လာသည့် ရောဂါပိုးကို သတ်မှတ်ခုခံကာကွယ်သည့် ဒုတိယအဆင့် ကာကွယ်ရေးစနစ်တို့က နိုးကြားလာရပါသည်။ ထိုအခါ ရောဂါပိုးကို ခုခံနိုင်စွမ်းရှိလာပါသည်။

 

လင်းနို့တို့မှာပင် တစ်နေ့လျှင် ကိုယ်အပူချိန် အမြင့်မားဆုံးဖြစ်ပေါ်မှု နှစ်ကြိမ်မျှဖြစ်ပေါ်နေတတ်သည် ဟုလည်း သိရသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာ ခံစားနေရသူတို့၏ ကိုယ်ခံအားစနစ်တို့ သည် မူလကကဲ့သို့ ပုံမှန်နိုးထနေနိုင်ခြင်း မရှိဘဲ ဗိုင်းရပ်စ်ပိုးတို့ က စနစ်တစ်ခုလုံး ကမောက်ကမဖြစ်သွားအောင်လုပ် ထားသည်ကိုလည်း တွေ့ရသည်ဟု Professor Angrew Cunnigham, London’s Istitute of Zoology က ဆိုပါသည်။ ကိုဗစ်ပိုးကြောင့် ခန္ဓာကိုယ်၏ တုံ့ပြန်မှုက နောက်ကျသွားသည့်အပြင် အင်တာဖီယာရွန်များ အပါအဝင် ခုခံအားစနစ်တို့က ရန်သူ၊ မိတ်ဆွေမခွဲခြား တော့ဘဲ အပြင်းအထန်တုံ့ပြန်တိုက်ခိုက်ကြသဖြင့် ကိုယ် တွင်း မုန်တိုင်းတစ်ခုသဖွယ် ဖြစ်ခဲ့ရသည်။ ယင်းကို Cytokine storm ဟုခေါ်ပြီး cytokine ခေါ် ရောင်ရမ်းမှု ကိုဖြစ်စေသည့် ဓာတ်များစွာ ဖြစ်ပေါ်စေခြင်းကြောင့် ကိုယ်တွင်းအင်္ဂါများပင် ထိခိုက်ပျက်စီးစေနိုင်သည်အထိ ဖြစ်တတ်ပါသည်။ လေ့လာသောပညာရှင်တို့က ကိုဗစ် - ၁၉ ကုသရာတွင် အင်တာဖီယာရွန်များကို အသုံးပြုသည့် ကုသမှုကို ဆက်လက်ဆောင်ရွက်လျက်ရှိ သည်ဟု သိရသည်။ ယင်းသည် ဗိုင်းရပ်စ်တို့ကို အစောပိုင်း အချိန်များမှာကတည်းက လက်ဦးမှုရယူကာ တိုက်ခိုက်နိုင်မည်ဟု ယုံကြည်ကြ၍ဖြစ်ကြောင်း သိရပါသည်။

 

လင်းနို့တို့နှင့် ကူးစက်ရောဂါများ

 

လင်းနို့ငှက်တို့သည် Rodents ခေါ် သွားဖြင့် ကိုက်ဖြတ်စားသောက်တတ်သော သတ္တဝါများပြီးလျှင် ဒုတိယ အရေအတွက်အများဆုံးဖြစ်သော နို့တိုက်သတ္တဝါများ ဖြစ်သည်။ နို့တိုက်သတ္တဝါတို့၏ ၂၀ ရာခိုင်နှုန်းမျှ အရေအတွက်ရှိပြီး မျိုးစိတ်ပေါင်း ၁၂၄ဝ ခန့်ရှိသည်ဟု သိရသည်။ ယင်းတို့၏ ၇၀ ရာခိုင်နှုန်းခန့်သည် အင်းဆက် ပိုးများကို စားသောက်ရှင်သန်ကြပြီး ကျန်အများစုက သစ်သီးစားလင်းနို့များ ဖြစ်သည်။ အနည်းစုတို့က ငါးစား တတ်ကြပြီး Vampire အမျိုးအစားလင်းနို့တို့က သွေးစုပ် တတ်ကြသည်ဟုလည်း သိရသည်။ လင်းနို့များသည် ကမ္ဘာတစ်ဝန်း နေရာဒေသတိုင်းတွင် နေထိုင်ကြပြီး အလွန်အေးသော ဒေသများတွင်သာ နေထိုင်ကြခြင်း မရှိသည်ကို တွေ့ရသည်။ သက်တမ်းမှာ နှစ် ၂ဝ မှ နှစ် ၃ဝ ခန့်ရှိကြသဖြင့် သက်တမ်းရှည်သတ္တဝါတစ်မျိုးလည်း ဖြစ်သည်။ လင်းနို့တို့၏ ထူးခြားချက်မှာ ဗိုင်းရပ်စ်ပိုးများကို သယ်ဆောင်ထားနိုင်ခြင်း ဖြစ်သည်။ Zoonotic pathogens ခေါ် တိရစ္ဆာန်မှ လူသို့ကူးစက်စေနိုင်သော ခွေးရူးပြန်ရောဂါပိုး (Rabies virus, Histoplasmosis) ခေါ် ဖန်းဂပ်စ်မှိုစွဲရောဂါ၊ နီပါးဗိုင်းရပ်စ်များ (Nipah Hindra Viruses )၊ အီဘိုလာဗိုင်းရပ်စ်(Ebola Viruses)စသည်တို့ကို သယ်ဆောင်ကြလေ့ရှိသည်ကို တွေ့ရပြီး ဖြစ်သည်။ ထို့ပြင် သန်း၊ လှေး၊ ကြမ်းပိုးစသည့် အင်းဆက် ပိုးတို့ကို သယ်ဆောင်ထားနိုင်ကြသည်။ သူတို့၏ ခုခံအား စနစ်ကလည်း ဗိုင်းရပ်စ်ပိုးတို့ကို ကောင်းစွာခံနိုင်ရည် ရှိကြသည်။

 

SARS (Severe Acute Respiratory Syndrome) ဆားစ်ရောဂါဖြစ်ပွားစေသော ဗိုင်းရပ်စ်မျိုးသည် ကိုရိုနာဗိုင်းရပ်စ် (Coronavirus) အုပ်စုဝင် ပိုးတစ်မျိုးသာ ဖြစ်သည်။ မူလက ထိုပိုးသည် အသက်ရှူလမ်းကြောင်းကို အနည်းငယ်သာ ဒုက္ခပေးနိုင်သည်။ SARS ဖြစ်ပွားမှုတွင် CoronaVirus Group ခေါ် ကိုရိုနာဗိုင်းရပ်စ် တစ်မျိုး ကြောင့် ဖြစ်ပွားရသည်ကိုတွေ့ရပြီး တရုတ်နိုင်ငံရှိ လင်းနို့ ငှက် အချို့တွင် တွေ့ခဲ့ရသည်။ ယခုအခါ ကပ်ရောဂါတစ်ခု အဖြစ်တွေ့နေရသည့် COVID-19 သည်လည်း ကိုရိုနာဗိုင်း ရပ်စ်ပိုးသစ်တစ်မျိုးသာဖြစ်သည်။ ယင်းကို Rhinolophus affinis လင်းနို့များတွင် တွေ့ရသည့် CoV(Bat CoV Ra TG13) နှင့် မျိုးရိုးဗီဇ ၉၆ ရာခိုင်နှုန်းတူသောကြောင့် ကိုဗစ်-၁၉ ၏ အစပြုရာသည် လင်းနို့များဖြစ်နိုင်သည်ဟု ပညာရှင်တို့ ယူဆကြပါသည်။ တရုတ်ပညာရှင်တို့ကလည်း သင်းခွေချပ် (pangolin) တွင် တွေ့ရသော Corona- virus(Pangolin-CoV) သည် မျိုးဗီဇအားဖြင့် ကိုဗစ်-၁၉ နှင့် ၉၁ ရာခိုင်နှုန်း၊ လင်းနို့ CoV(Bat CoV RaT13) နှင့် ၉ဝ ဒသမ ၆ ရာခိုင်နှုန်း တူညီသည်ဟု ဆိုပါသည်။ ထို့ကြောင့် သင်းခွေချပ်သည် ကြားခံ သတ္တဝါ (Intermediate Host) ဖြစ်နိုင်သည်ဟု ယူဆကြပါသည်။ အခြားကူးစက် ရောဂါတစ်ခုမှာ ခွေးရူးပြန်ရောဂါ (Rabies) ဖြစ်သည်။

 

၂၀၁၆ ခုနှစ်အတွင်းက အမေရိကန်နိုင်ငံတောင်ပိုင်း ပြည်နယ်အချို့တွင် လင်းနို့များ အထူးအခြေချနေထိုင် ကြပြီး ထိုဒေသတို့တွင် ခွေးရူးပြန်ရောဂါဖြစ်ပွားမှု အချို့ ရှိခဲ့ကြောင်း သိရသည်။ ၁၉၉၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်တစ်နိုင်ငံလုံးတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားသူ ၃၆ ဦးရှိခဲ့ပြီး ခွေးကိုက်ခံရမှုကြောင့် နှစ်ဦး၊ ကိုယ်အင်္ဂါ အစားထိုးခံယူရာတွင် ပေးလှူသူက ခွေးရူးပြန်ရောဂါဖြင့် သေဆုံးခဲ့ရာ ယင်းမှခွေးရူးပြန်ရောဂါ ကူးစက်ခံရသူ လေးဦး၊ ကျန်သူများမှာ လင်းနို့အကိုက်ခံရသဖြင့် ကူးစက်ခံရခြင်း ဖြစ်သည်ဟု သိရသည်။ ကင်တပ်ကီပြည်နယ် မြို့ကလေး တစ်မြို့ရှိ ဘုရားကျောင်းတွင် မိန်းကလေးငယ် တို့ကို ကျောင်းပိတ်ရက်အတွင်း ရက်ရှည်ဘာသာရေး ဆိုင်ရာ သင်တန်းပေးရာ ဘုရားကျောင်းအတွင်းရှိ လင်းနို့ငှက်များကြောင့် အချို့မှာ ခွေးရူးရောဂါသံသယ ဖြစ်ဖွယ် အခြေအနေများ တွေ့ရသဖြင့် ကာကွယ်ဆေးထိုးမှုများ ဆောင်ရွက်ခဲ့ရကြောင်း သတင်းထွက်လာသဖြင့် လင်းနို့ငှက်များနှင့် ပတ်သက်သည့် သတင်းကြီးလာ ခဲ့သည်။ လင်းနို့ငှက်တို့သည် တောတောင်ထဲရှိသဘာဝဂူ များ၊ တောအုပ်ကြီးများတွင် အုပ်စုဖွဲ့နေတတ်ကြသလို လူများနှင့် နီးကပ်သည့် ဘုရာကျောင်းများ၊ အဆောက်အအုံ ကြီးများ၊ ဘုရားကျောင်းကန်များတွင်လည်း အများစုဝေး နေတတ်ကြသည်ကို တွေ့နိုင်ပါသည်။ လူနေမှုနှင့် နီးကပ်နေပါက ယင်းတို့မှ မလိုလားအပ်သော ကူးစက်ရောဂါများ ကူးပြောင်းရောက်ရှိလာနိုင်သည်ကို သတိပြုရပါမည်။

 

ယခုကြုံတွေ့နေရသော ရောဂါ ကိုဗစ်-၁၉၏ မူလအစတည်ရာသည် လင်းနို့များဟု ပညာရှင်များက ယူဆကြပါသည်။ သို့သော် ယင်းတို့သည် လူသားတို့နှင့် ကမ္ဘာမြေကိုလည်း အကျိုးပြုနေသည့် နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လူသားတို့ကို များစွာ အကျိုးမဲ့စေသော ကိုဗစ်-၁၉ ကဲ့သို့ ရောဂါဆိုးမျိုး ထပ်မံမပေါ်ပေါက်လာအောင် လူသားတို့၏ ကံ၊ ဉာဏ်၊ ဝီရိယ၊ စည်းလုံးညီညွတ်မှုတို့ဖြင့် ကာကွယ်တားဆီး ကြရမည်သာ ဖြစ်ပေသည်။ ။

 

ဒေါက်တာမြင့်သန်း(ညောင်လေးပင်)