မောင်ပျင်းရိ၏မေးခွန်း

 

အလုပ်သင်ရှေ့နေမောင်ပျင်းရိက “ပဋိညာဉ်အက်ဥပဒေမှာ လွဲမှားပြီးပြောတာနဲ့ ပတ်သက်လို့ ပြဋ္ဌာန်းချက်ရှိပါသလား။ ဆက်ပြီးရှင်းပြပါဦး” ဟု မေးမြန်းလာပြန်ပါသည်။ ထို့ကြောင့် ဤစာကို ရေးပါသည်။

 

အလွဲအမှားတင်ပြပြောဆိုခြင်း

 

အလွဲအမှား တင်ပြပြောဆိုခြင်းကို အင်္ဂလိပ်ဘာသာအားဖြင့် MISREPRESENTATION ဟုဆိုသည်။ ပဋိညာဉ်အက်ဥပဒေပုဒ်မ ၁၈ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းသည်-

အလွဲအမှားတင်ပြပြောဆိုခြင်းဆိုသည်တွင် အောက်ပါတို့ပါဝင်သည်-

(၁) မဟုတ်မမှန်သော အကြောင်းတစ်စုံတစ်ရာကို သိရှိရသော သတင်းအရ ဟုတ်မှန်ကြောင်း၊ ယုံကြည်ရန်လုံလောက်သည့်အကြောင်းမရှိဘဲ ဟုတ်မှန်သည်ဟု ယုံကြည်မိသဖြင့် ဧကန်ဟုတ်မှန်ကြောင်း အခိုင်အမာပြောဆိုခြင်း။

(၂) မိမိတွင် လိမ်လည်ရန် ရည်ရွယ်ချက်မရှိဘဲ အခြားပုဂ္ဂိုလ်တစ်ဦးဦး (သို့မဟုတ်) ထိုပုဂ္ဂိုလ်အားအမှီပြု၍ တောင်းဆိုပိုင်ခွင့်ရှိသူ တစ်ဦးဦးကို ထိခိုက်နစ်နာစေပြီး မိမိအတွက် (သို့မဟုတ်) မိမိအား အမှီပြု၍ တောင်းဆိုပိုင်ခွင့်ရှိသူ တစ်ဦးဦးအတွက် အကျိုးအမြတ် ရရှိစေရန်၊ ထိုအခြားပုဂ္ဂိုလ်အား လမ်းလွဲကို ညွှန်ပြခြင်းဖြင့် မိမိစောင့်ထိန်းရမည်ဖြစ်သော တာဝန်ဝတ္တရားတစ်ရပ်ရပ်ကို ဖောက် ဖျက်ခြင်း။

(၃) မည်သို့ပင် ရိုးသားဖြောင့်မတ်စွာ ပြုလုပ်စေကာမူ သဘောတူ ညီချက်တစ်ရပ်တွင် ပါဝင်သူပုဂ္ဂိုလ်တစ်ဦးအား အဆိုပါ သဘောတူ ညီချက်တွင် ပါဝင်သည့် အဓိကအကြောင်းခြင်းရာ၏ ဆိုလိုရင်းအဓိပ္ပာယ်နှင့်စပ်လျဉ်း၍ မှားယွင်းစေရန်ပြုလုပ်ခြင်း။

 

တူသလိုလိုနှင့်မတူ

 

တူသလိုလိုနှင့် မတူသော လိမ်လည် လှည့်ဖြားခြင်းနှင့် အလွဲပြောဆိုခြင်း အကြောင်းကို မောင်ပျင်းရိတို့အဖွဲ့ ဆက်လက်လေ့လာစေ လိုပါသည်။ ဥပဒေပညာသည် စဉ်းစားတွေးခေါ်ရသော ပညာဖြစ်သည့်အတွက် ဉာဏ်ကူပြီး စဉ်းစားပါ၊ သုံးသပ်ပါ။ သို့မှသာ အတွေးအခေါ် ထက်မြက်လာပါ လိမ့်မည်။

 

လိမ်လည်လှည့်ဖြားခြင်းနှင့် အလွဲပြောဆိုခြင်း

 

လိမ်လည်လှည့်ဖြားခြင်းနှင့် အလွဲပြောဆိုခြင်းတို့၏ အဓိကခြားနားချက်သည် လှည့်လည် လှည့်ဖြားသူက မိမိကိုယ်တိုင် မယုံကြည်သည့်ကိစ္စကို သူ တစ်ပါးအား ယုံကြည်ရန်ပြောဆိုခြင်းဖြစ်သည်။ အလွဲပြောသူသည် မိမိပြောဆိုသောအရာ၏ မမှန်ခြင်းကို မိမိကိုယ်တိုင်က မသိသည့်အပြင် တစ်ဖက် သားကိုလည်း မှန်ကန်သည်ဟု ယုံကြည်သွားအောင် ပြောဆိုမိခြင်းဖြစ်သည်။ သို့သော် ဤသို့ပြောသည့် သူတို့နှစ်ဦးစလုံးသည် မမှန်သောအကြောင်းအရာကို မှန်သည်ဟု ပြောသည့်လူများသာ ဖြစ်ကြသည်။ ထိုအကြောင်းကို စီရင်ထုံးများ တွင် လေ့လာဖတ်ရှုနိုင်မည်ဖြစ်ပါသည်။

 

အကြောင်းခြင်းရာနှင့်စပ်လျဉ်း၍မှားယွင်းခြင်း

 

ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၀ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းသည်-

သဘောတူညီချက်တစ်ရပ်တွင် ပါဝင်သည့် နှစ်ဖက်ပုဂ္ဂိုလ်တို့က ထိုသဘောတူညီချက်၏ အဓိကဖြစ်သော အကြောင်းခြင်းရာနှင့်စပ်လျဉ်း၍ နှစ်ဖက်လုံးက မှားယွင်းယူဆခဲ့ကြလျှင် ထိုသဘောတူညီချက်သည် ပျက်ပြယ်၏။

 

ရှင်းလင်းချက်

 

သဘောတူညီချက်၏ အခင်းဖြစ်အကြောင်းအရာဖြစ်သော ပစ္စည်းတန်ဖိုး နှင့်ပတ်သက်၍ မှားယွင်းသောထင်မြင်ယူဆချက်သည် အကြောင်းခြင်းရာ နှင့်စပ်လျဉ်း၍ မှားယွင်းခြင်းဟု မမှတ်ယူရ။

 

မှားယွင်းခြင်း

 

မှားယွင်းခြင်းဟုဆိုရာတွင် အကြောင်းခြင်းရာမှားယွင်းခြင်း (mistake of fact)နှင့် တရားဥပဒေအရ မှားယွင်းခြင်း( Mistake of Law ) ဟူ၍ နှစ်မျိုး နှစ်စား လေ့လာတွေ့ရှိရပါသည်။

 

နှစ်ဦးစလုံးက အခြေခံအကြောင်းခြင်းရာမှားယွင်းခြင်း(Common Mistake)

 

သဘောတူညီချက်တွင် ပါဝင်သူနှစ်ယောက်လုံးသည် သဘောတူညီချက် နှင့် ပတ်သက်၍ အဓိကအကြောင်းခြင်းရာကို အယူအဆလွဲနေခဲ့သည်ဆိုလျှင် သဘောတူညီချက်သည် ပျက်ပြယ်သည်။

 

ဥပမာ

 

မန္တလေးက ရန်ကုန်သို့လာသော သင်္ဘောနှင့် တင်ဆောင်လာသော ကုန်စည်တစ်ရပ်ကို ဦးဖြူက ဦးမဲကို ရောင်းမည်ဟု သဘောတူထားကြသည်။ သို့သော် သူတို့နှစ်ယောက်သည် ပဋိညာဉ် မပြုကြခင်ကတည်းက သင်္ဘောမြုပ်ပြီး ကုန်စည်များ ဆုံးရှုံးသွားပြီးဖြစ်ကြောင်းကို မသိကြပါ။ ထို့ကြောင့် အဆိုပါ ပဋိညာဉ်သည် ပျက်ပြယ်ပါသည်။

 

(ပဋိညာဉ်ဥပဒေပုဒ်မ ၂၀ ကို ရည်ညွှန်းပါသည်။ )

နှစ်ဦးနှစ်ဖက်အလွဲယူဆခြင်း(Mutual Mistake)

 

ဥပမာ

 

စားပွဲရောင်းသူနှင့် စားပွဲဝယ်သူတို့သည် ပဋိညာဉ်လုပ်လိုက်ကြတာ မှန်သော်လည်း တစ်ဖက်သည် စားပွဲအဝိုင်းများကို ရောင်းရမည်ဟု မှတ်ယူထားပြီး နောက်တစ်ဖက်သည် လေးထောင့်ပုံစားပွဲ ကြိုဝယ်ထားသည်ဟု မှတ်ယူထား၍ နှစ်ဦးနှစ်ဖက် ယူဆကြတာလွဲနေသည့်အတွက် ဤသို့ ပဋိညာဉ် မျိုးသည် ပျက်ပြယ်နေသည့် ပဋိညာဉ်ဖြစ်သည်။

 

ဥပဒေနှင့်စပ်လျဉ်း၍မှားယွင်းခြင်း

 

ပုဒ်မ ၂၁။ ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေတစ်ခုခုကို အယူအဆလွဲမှားခြင်းကြောင့်ပြုလုပ်သော ပဋိညာဉ်တစ်ရပ်အား ပျက်ပြယ် ခွင့်မရချေ။ သို့ရာတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အာဏာမတည် သော ဥပဒေတစ်ရပ်ကို အယူအဆလွဲမှားခြင်းသည် အကြောင်းခြင်းရာနှင့် စပ်လျဉ်း၍ မှားယွင်းခြင်းကဲ့သို့ ပဋိညာဉ်တစ်ရပ်ကို ပျက်ပြယ်စေသည်။

 

ဥပမာ

 

A နှင့် B တို့သည် ကြွေးမြီတစ်ရပ်တွင် ကာလစည်းကမ်းသတ် အက်ဥပဒေအရ သတ်မှတ်ထားသော အချိန်ကာလကုန်ဆုံးသွားပြီဟု မှားယွင်းယုံကြည်လျက် ပဋိညာဉ်တစ်ရပ်ကို ပြုလုပ်ကြသည်။ ဤကိစ္စတွင် ပဋိညာဉ်ကို ပျက်ပြယ်ခွင့် ရသည်မဟုတ်။

 

မှတ်ချက်

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အတည်ဖြစ်နေသော တရား ဥပဒေကို မှားယွင်းပြီး ပြုလုပ်သော ပဋိညာဉ်တစ်ရပ်သည် ပျက်ပြယ်စေနိုင်သော ပဋိညာဉ်မဟုတ်။ သို့သော် နိုင်ငံခြားဥပဒေကို မှားယွင်းခြင်းသည် အကြောင်းခြင်းရာကို မှားယွင်းခြင်းသဘော သက်ရောက်သဖြင့် သဘောတူညီ သူ ပုဂ္ဂိုလ်နှစ်ဦးစလုံးက မှားယွင်းလျှင် ထိုပဋိညာဉ်ကို ပျက်ပြယ်စေနိုင်သည်။ ဥပဒေကို သိလျက်နှင့် အလွဲအမှားတင်ပြပြောဆိုခြင်းဖြင့် ပဋိညာဉ်တစ်ရပ်ကို ပြုလုပ်စေလျှင် ၎င်းကို ပျက်ပြယ်စေနိုင်သည်။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို မှားယွင်းပြီးပြုလုပ်သော ပဋိညာဉ်ကို ပျက်ပြယ်စေနိုင်သည်။

 

အကြောင်းခြင်းရာနှင့် စပ်လျဉ်း၍ မှားယွင်းခြင်း

 

ပဋိညာဉ်တွင် ပါဝင်သူတစ်ဦးထဲက အကြောင်းခြင်းရာနှင့် စပ်လျဉ်း၍ မှားယွင်းခြင်းအကြောင်းကို ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၂ တွင် ပြဋ္ဌာန်းထားပါသည်။ ဆိုလိုရင်းမှာ ပဋိညာဉ်ပြုသူ ပုဂ္ဂိုလ်နှစ်ဦးစလုံးက မှားယွင်းမှသာလျှင် ပဋိညာဉ်သည် ပျက်ပြယ်သည် သို့မဟုတ် ပျက်ပြယ်ခွင့်ရှိသည်ဟူ၍ ဖြစ်သည်။ အကျယ်ကို မောင်ပျင်းရိတို့ ဆက်လက်လေ့လာကြပါ။

 

စေတနာ

 

အလုပ်သင်ရှေ့နေ မောင်ပျင်းရိမေးမြန်းသည့် အလွဲအမှား တင်ပြပြောဆိုခြင်း MISREPRESENTATION အကြောင်း ဥပဒေပြဋ္ဌာန်းချက် အပေါ် တွေးခေါ်စဉ်းစားမိသော ကျွန်တော်၏ စေတနာ ဥပဒေအတွေး မျှသာပါ-- ။ ။

 

ဦးဟန်ညွန့် (ဥပဒေ)