နေပြည်တော် ၃၀ စက်တင်ဘာ
ကမ္ဘာ့ဘဏ်က အောက်တိုဘာလအတွင်း အရှေ့အာရှ ပစိဖိတ်ဒေသ စီးပွားရေးသုံးသပ်ချက်၊ ကန့်သတ်ထိန်းချုပ် မှုမှ ပြန်လည်ထူထောင်ရေးသို့.. အစီရင်ခံစာထုတ်ပြန် သွားရန်ရှိပြီး ယင်းနှင့်ပတ်သက်သည့် သတင်းထုတ်ပြန် ချက်တစ်စောင်ကို ယနေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စီးပွားရေး တိုးတက်မှု ၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော် လတ်တလောတွင် ဖြည်းဖြည်း ပြန်လည်လည်ပတ်လာသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များနှင့် လျှပ်စစ်ဓာတ်အား၊ စွမ်းအင်နှင့် ဒစ်ဂျစ်တယ် နည်းပညာကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု အရှိန်မြင့်လာ ခြင်းကြောင့် ပြန်လည်တိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်က မျှော်လင့်ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်၍ လက်ရှိ ကိုဗစ်-၁၉ ရောဂါကို ကြံ့ကြံ့ခံရင်ဆိုင် နေရချိန်တွင် အန္တရာယ်များ၊ စိန်ခေါ်မှုများကိုလည်း ဖြတ်သန်းနေရကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
ကိုဗစ်-၁၉ ကြောင့် ဖွံ့ဖြိုးဆဲအရှေ့အာရှ ပစိဖိတ် ဒေသရှိ နိုင်ငံများအား ကပ်ရောဂါသက်ရောက်မှု၊ ကန့်သတ်တားဆီးရမှုများကြောင့် တိုင်းပြည်စီးပွားရေးအပေါ်သက်ရောက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှောင့်နှေးမှုများကြောင့် သက်ရောက်မှုဟူသည့် သက်ရောက်မှုသုံးမျိုး ကျရောက်ကြောင်း အစီရင်ခံစာ အရ သိရှိရသည်။ အဆိုပါအစီရင်ခံစာတွင် ကပ်ရောဂါ ကြောင့် လာမည့်နှစ်များတွင် ဆင်းရဲနွမ်းပါးမှုဆိုးရွားလာ နိုင်ပြီး ဟန့်တားနိုင်ရေးအတွက် အရေးတကြီး ဆောင်ရွက် ရန် လိုအပ်ကြောင်း ထောက်ပြထားသည်။


ကမ္ဘာ့ဘဏ်၏ ယနေ့ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက်တွင် ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ထိန်းချုပ်နိုင် သည့် အချို့နိုင်ငံများ၏ ပြည်တွင်းစီးပွားရေးမှာ ပြန်လည် ထူထောင်လာနိုင်ကြောင်း၊ သို့သော် ဒေသတစ်ခု၏ စီးပွားရေးသည် အခြားနိုင်ငံများပေါ်တွင် မှီခိုနေရခြင်း ကြောင့် လက်ရှိ ကမ္ဘာ့ဝယ်လိုအားများ ငြိမ်သက်လျက် ရှိသည်ကိုလည်း ဖော်ပြထားသည်။ ဒေသတွင်း မျှော်မှန်း ချက်များအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ပြန်လည်ထူထောင် ရေး ပုံမှန်ဆက်လက်ရှိနေခြင်း၊ ပင်မစီးပွားရေးလုပ်ငန်း များ ပုံမှန်ပြန်လည်ပတ်လာခြင်း၊ ကာကွယ်ဆေး ထွက်ပေါ် လာနိုင်မှုအခြေအနေတို့အပေါ်မူတည်၍ တရုတ်နိုင်ငံ တွင် ၇ ဒသမ ၉ ရာခိုင်နှုန်းနှင့် အခြားဒေသများတွင် ၅ ဒသမ ၁ ရာခိုင်နှုန်းခန့် စီးပွားရေးပြန်လည်လည်ပတ်လာနိုင်ကြောင်း ၎င်းတို့က ခန့်မှန်းသည်။


သို့သော် နှစ်နှစ်တာအတွင်း ရလဒ်များသည် ကပ်ရောဂါမတိုင်မီကာလ ခန့်မှန်းချက်များအောက်တွင် သာ ဆက်လက်တည်ရှိနေနိုင်ပြီး ရောဂါထိတွေ့မှု ပြင်းထန်သည့် ပစိဖိတ်ကျွန်းနိုင်ငံများတွင်မူ အလားအလာ မှာ ၂၀၂၁ ခုနှစ်အထိ ကပ်ရောဂါမတိုင်မီအဆင့်၏ ၁၀ ရာခိုင်နှုန်းအောက်တွင်သာရှိနိုင်မည်ဟု ဆိုထား သည်။


ဒေသတွင်းဆင်းရဲနွမ်းပါးမှုသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်မြင့်တက်လာမည်ဟု ကမ္ဘာ့ ဘဏ်က ဟောကိန်းထုတ်ပြီး လူဦးရေ ၃၈ သန်းနီးပါးသည် အကျပ်အတည်းရှိနေဦးမည်ဟု ဆိုသည်။ ကိုဗစ်-၁၉ ကာလအလွန်တွင် အရှေ့အာရှပစိဖိတ်ဒေသ၏ အစိုးရ တို့သည် လူထုကျန်းမာရေးစနစ်များ မြှင့်တင်ရန်၊ အိမ်ထောင်စုများကို ပံ့ပိုးရန်နှင့် ကုမ္ပဏီများကို ဒေဝါလီ မခံရစေရန် ရည်ရွယ်၍ ယေဘုယျအားဖြင့် နိုင်ငံ၏ ဂျီဒီပီ ၅ ရာခိုင်နှုန်းခန့်အသုံးပြုရန် ကတိပြုထားလျာထားကြ သော်လည်း နိုင်ငံအများအပြားသည် ယခင်က ဂျီဒီပီ ၁ ရာခိုင်နှုန်းအောက်ကိုသာ အသုံးပြုသော အကန့်အသတ် ရှိနေသည့် လူမှုကဏ္ဍကာကွယ်ရေးအစီအစဉ်များကို မြှင့်တင်ရန်ခက်ခဲပြီး စဉ်ဆက်မပြတ်သော ပံ့ပိုးပေးရခြင်း ကြောင့် အစိုးရများ၏ ဝင်ငွေအခြေခံအပေါ်၌လည်း ဖိအားပေးခံလာရကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ တွင် သုံးသပ်ဖော်ပြထားသည်။


အစီရင်ခံစာအတွင်း ကနဦးလုပ်ငန်းဆောင်ရွက်မှုများ မလုပ်ကိုင်နိုင်ပါက ကပ်ရောဂါကြောင့် နောင် ဆယ်စုနှစ် တစ်ခုအတွင်း တစ်နှစ်လျှင် ၁ ရာခိုင်နှုန်းဖြင့် ဒေသ တွင်း တိုးတက်မှုနှုန်းလျော့ကျလာနိုင်ပြီး ဆင်းရဲသော အိမ်ထောင်စုများက ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာ ရေး၊ အလုပ်အကိုင်နှင့် ဘဏ္ဍာရေး လက်လှမ်းမီမှု နည်းပါး သောကြောင့် ထိုမိသားစုများ သက်ရောက်မှုအမြင့်ဆုံးခံရနိုင်ကြောင်း ဖော်ပြထားသည်။


ကိုဗစ်-၁၉ကြောင့် စာသင်ကျောင်းများ ပိတ်ရခြင်း သည် အစီရင်ခံစာ၏ ဆန်းစစ်ချက်အရ အရှေ့အာရှပစိဖိတ် နိုင်ငံများတွင် သင်ယူမှုချိန်ညှိရသော စာသင်နှစ်ကို ၀ ဒသမ ၇ ရာခိုင်နှုန်းအထိ ဆုံးရှုံးစေပြီး ဒေသတွင်း သာမန်ကျောင်းသားများသည် အလုပ်လုပ်ရသည့်နှစ် များတွင် နှစ်စဉ်ခန့်မှန်း လုပ်အားခရနိုင်ခြေ၏ ၄ ရာခိုင် နှုန်း လျော့နည်းစေကြောင်း အစီရင်ခံစာအရ သိရှိရသည်။ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့၏ ကြွေးကျန်များသည် ဘဏ်တို့၏ စီးပွားရေးတည်ငြိမ်မှုကို ထိခိုက်စေနိုင်ပြီး ဒေသတွင်း ဘဏ္ဍာရေးလိုငွေသည် ၂၀၂၀ ပြည့်နှစ်တွင် ပျမ်းမျှဂျီဒီပီ၏ ၇ ရာခိုင်နှုန်း အစိုးရအကြွေးဖြင့် တိုးမြင့်လာနိုင်သည်ဟု ၎င်းတို့က ခန့်မှန်းထားကြ သည်။
ခင်ရတနာ