သောင်းထွန်း
ယနေ့အချိန်အခါတွင် ကျွန်ုပ်တို့အနေဖြင့် အကျပ်အတည်းတစ်ခုအတွင်းသို့ ကျရောက်လျက်ရှိနေသည်ကို အားလုံးအနေဖြင့် ကောင်းစွာသိရှိ ခံစားနားလည်ထားကြပြီးဖြစ်မည်ဟု မျှော်လင့်ပါသည်။ COVID-19 ကမ္ဘာ့ ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို တစ်ဦးတစ်ယောက်ချင်းသာမက အစုအဖွဲ့လိုက်ခံစားရလျက်ရှိပါသည်။ ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာအနေဖြင့် ရောဂါကူးစက်ခံရလျက်ရှိပြီး အချို့မှာ မိမိတို့၏ချစ်ခင်မြတ်နိုး ရသူများ ဆုံးရှုံးရလျက်ရှိသကဲ့သို့ လူဦးရေအများအပြားမှာလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးကြရ လျက်ရှိပါသည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် COVID-19 ကပ်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ထိန်းချုပ်ကန့်သတ်မှုများကို အဆင့်အမျိုးမျိုးဖြင့် ဆောင်ရွက်ရလျက်ရှိရာ ဗိုင်းရပ်စ်ကူးစက်မှုမှသည် ကျွန်ုပ်တို့၏ စီးပွားရေးအပေါ်များစွာ ထိခိုက်စေခဲ့ပြီး နှစ်ကာလရှည်လျားစွာ ကြိုးစားခဲ့ရသည့် ဖွံ့ဖြိုးတိုးတက်မှုများမှာ လအနည်းငယ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ရပါသည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်ခံစားရပြီးသူများအတွက် မူလရှိရင်းစွဲ စိန်ခေါ်မှုများ၊ ပထဝီအနေအထားခြားနားမှုနှင့် စီးပွားရေးကွာဟချက်များကို ပိုမိုကြီးထွားလာစေခဲ့ပါသည်။
ဆိုးရွားစွာထိခိုက်စေခဲ့
ဝယ်လိုအားကျဆင်းခဲ့သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးလျက်ရှိသည့်ကုန်ထုတ် လုပ်မှုကဏ္ဍအပေါ် ဆိုးရွားစွာ ထိခိုက်စေခဲ့ပါသည်။ ထို့အတူ နိုင်ငံအချင်းချင်း ခရီးသွားလာမှုမရှိသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားတစ်ခုဖြစ်သည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုလည်း များစွာထိခိုက်စေ ခဲ့ပါသည်။ အမှန်စင်စစ် ၂၀၂၀ ပြည့်နှစ်အတွက် အာရှဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုး(GDP)တိုးတက်မှုနှုန်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ အတွင်း (၀.၇) ရာခိုင်နှုန်းထိ ကျဆင်းနိုင်ဖွယ်ရှိ ကြောင်း ခန့်မှန်းထားပါသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံများနည်းတူ COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို စီးပွားရေး၊ ပြည်သူများ၏ဘဝနှင့် လူမှုအသိုက်အဝန်းများအပေါ် အလားတူခံစားရလျက်ရှိပါသည်။ ကျွန်ုပ်တို့နိုင်ငံ၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် မှီခိုနေကြရသည့် သန်းပေါင်းများစွာသောဘဝများ၏ အသက်ရှင် ရပ်တည်မှုအပေါ် ဆိုးရွားစွာ ရိုက်ခတ်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ မျိုးဆက်သစ် ကျောင်းသားလူငယ်များ ၏ ပညာသင်ကြားမှုကိုလည်း အဟန့်အတားဖြစ်စေခဲ့သကဲ့သို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်လည်း နေရပ်သို့ ပြန်လာရလျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP)တိုးတက်မှုနှုန်းမှာ လွန်ခဲ့သည့်နှစ်အတွင်း၆.၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၁.၈ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါသည်။ ယင်းအချက်ကပင် ကျွန်ုပ်တို့အနေဖြင့် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးနှင့် ပြန်လည် ထူထောင်ရေးစီမံချက်(COVID-19 Economic Relief and Recovery Plan)ကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းဖြင့် နောက်ထပ်ကြုံတွေ့လာရမည့် စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်ဖြတ်ကာ ပိုမိုကောင်းမွန်သောအနာဂတ်ကို တည်ဆောက်သွားရန်လိုအပ်ကြောင်း ပြသလိုက်ခြင်းပင်ဖြစ်ပါသည်။ အာရှဖွံ့ဖြိုးရေးဘဏ်ကမူ ၂၀၂၁ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်းကို COVID-19 မဖြစ်ပွားမီက ရရှိခဲ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းနီးပါးဖြစ်သည့် ၆ ရာခိုင် နှုန်းသို့ ပြန်လည်ရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။
မြန်မာနိုင်ငံအနေဖြင့် တံခါးပိတ် စီးပွားရေးပုံစံ ကျင့်သုံးခဲ့စဉ်က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ၏ သက်ရောက်မှုများကို အတိုင်းအတာတစ်ခုအထိ အကာ အကွယ်ပေးနိုင်မည်ဖြစ်သော်လည်း ယနေ့ခေတ်ကာလ တွင် မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် ချိတ်ဆက် ပူးပေါင်းကာ စီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးပွားလာခဲ့သည့်အတွက် COVID-19 ကဲ့သို့သော မမျှော် မှန်းနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။
အစဉ်ထာဝရ ကျေးဇူးတင်ရှိနေမည်
ကျွန်ုပ်တို့နိုင်ငံအနေဖြင့် ဆေးရုံ၊ ဆေးခန်းများနှင့် Quarantine Centers များတွင် တာဝန်ထမ်းဆောင် လျက်ရှိကြသူများနှင့် COVID-19 ရောဂါ တိုက်ဖျက်ရေး ရှေ့တန်းနှင့်နောက်တန်း စစ်မျက်နှာများအတွက် စဉ်ဆက် မပြတ် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေသူများအားလုံးကို အစဉ်ထာဝရ ကျေးဇူးတင်ရှိနေမည်သာ ဖြစ်ပါသည်။
ကျွန်ုပ်အနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ လျင်မြန်စွာ ဝယ်ယူပံ့ပိုးရေးကော်မတီဥက္ကဋ္ဌဖြစ်သည်နှင့်အညီ ယခုလအစောပိုင်းတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လူနာတင် ယာဉ်အသစ်များ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် လူနာတင်ယာဉ်များကိုလည်း လာမည့်ရက်သတ္တပတ် များအတွင်း ဆက်လက်လွှဲပြောင်းပေးမည်ဖြစ်၍ ဝမ်းသာရပါသည်။
ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရေး ကော်မတီသည် မြို့ပြနှင့် ကျေးလက်ကျန်းမာရေးစင်တာများသို့ အထူးကြပ်မတ် စောင့်ရှောက်မှုဆိုင်ရာပစ္စည်းများနှင့် တစ်ကိုယ်ရေ အကာအကွယ်ပေးသည့်ပစ္စည်းများ(PPEs)ကို မြန်ဆန်စွာ ပံ့ပိုးပေးနိုင်ရန်အတွက် ကုလသမဂ္ဂစီမံကိန်းလုပ်ငန်းများဆိုင်ရာရုံး (UNOPS)ကဲ့သို့သော မိတ်ဖက် အဖွဲ့အစည်းများ နှင့်ပူးပေါင်းကာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်များမှတစ်ဆင့် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို ပွင့်လင်းမြင်သာစွာဖြင့် မြန်ဆန်ထိရောက်စွာ ဝယ်ယူရရှိနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ ကပ်ရောဂါကာလအတွင်း လိုအပ်လာမည့် ဆေးနှင့်ဆေးပစ္စည်းများကို တတ်အားသရွေ့ ဖြည့်ဆည်းပေးခြင်းအားဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လုပ်ဖော်ကိုင်ဖက်များ ရင်ဆိုင်ရလျက်ရှိသည့် ဖိအားအချို့ကို ကူညီဖြေလျှော့ပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဖွံ့ဖြိုးမှုအကူအညီများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(DACU)နှင့် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီတို့ကလည်း အားသွန်ခွန်စိုက် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ယခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးရောဂါ ကူးစက်အတည်ပြုလူနာကိုတွေ့ရှိခဲ့ပြီးနောက် စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက်(CERP)ကို ရေးဆွဲဆောင်ရွက်ခဲ့ရာ စီးပွားရေးလျင်မြန်စွာ ပြန်လည် ဦးမော့ လာစေရေး အခြေခံအုတ်မြစ်များ ချမှတ်နိုင်ခဲ့ရုံမျှမက COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးအရ ထိခိုက်မှုများကို လျှော့ချနိုင်ခဲ့ပါသည်။
နှစ်ထရီလီယံကို ထုတ်ချေးပေးခဲ့
အဆိုပါ COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP)နှင့်အညီ ယနေ့အချိန်အထိ မြန်မာ ကျပ်ငွေစုစုပေါင်း နှစ်ထရီလီယံကို ထုတ်ချေးပေးခဲ့ပါသည်။ အဆိုပါ ထုတ်ချေးငွေများအနက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အထောက်အကူပြုစေရန် ထုတ်ချေးပေးခဲ့သည့် မြန်မာကျပ်ငွေ ၂၀၀ ဘီလီယံ၊ လယ်တစ်ဧကလျှင် မြန်မာကျပ်ငွေငါးသောင်းနှုန်းဖြင့် တောင်သူလယ်သမားများထံသို့ ထုတ်ချေးပေးခဲ့သည့် မြန်မာကျပ်ငွေ ၆၀၀ ဘီလီယံ၊ အသေးစားငွေချေး လုပ်ငန်းများသို့ ထုတ်ချေးပေးခဲ့သည့် မြန်မာကျပ်ငွေ ၁၀၀ ဘီလီယံ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ထုတ်ချေးပေးခဲ့သည့် မြန်မာ ကျပ်ငွေ ၂၀၀ ဘီလီယံနှင့် လက်ဖက်ရည်ဆိုင်ငယ်များနှင့် လမ်းဘေးဈေးဆိုင်ငယ်များသို့ ထုတ်ချေးပေးခဲ့သည့် မြန်မာကျပ်ငွေ ၁၀၀ ဘီလီယံတို့ ပါဝင်ပါသည်။
ရေတိုကာလတွင် စီးပွားရေး ထိခိုက်မှုသက်သာရေးကို အမြန်ဆုံးကုစားနိုင်ရန်နှင့် ရေရှည်ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်ပက အတိုးနှုန်းသက်သာသော ချေးငွေနှင့် အကူအညီအထောက်အပံ့ များအတွက် အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ရရှိစေရန် ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့(DACU)နှင့် အတူတကွ လက်တွဲဆောင်ရွက်လျက်ရှိပါသည်။
ပြီးခဲ့သည့်နှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် ဘဏ္ဍာရေးနှစ်(၁)နှစ်အတွက် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ငါးဘီလီယံ ကျော်ကို ခွင့်ပြုပေးခဲ့ရသည်ကို သုံးသပ်ပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားမှု လျော့ကျသွားခြင်းမရှိသေးကြောင်း သိရှိရသဖြင့် ကျွန်ုပ်အနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် အသစ်ထပ်မံ အဆိုပြုထားသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အဦ ဖွံ့ဖြိုးမှုကဏ္ဍဆိုင်ရာ စီမံကိန်းကြီးများကို အလေးအနက်ထား လေ့လာသုံးသပ်လျက်ရှိပါသည်။ လွယ်ကူသည့်ကိစ္စရပ်တစ်ခု မဟုတ်သော်လည်း သင့်လျော်ပြီး တာဝန်ယူမှု/တာဝန်ခံမှုရှိသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စဉ်ဆက်မပြတ် စီးဝင်လာစေခြင်းအားဖြင့် ရေရှည် တည်တံ့ခိုင်မြဲမှုရှိပြီး ပိုမိုခံနိုင်ရည်ရှိသည့် စီးပွားရေးနာလန်ထူမှုအတွက် မရှိမဖြစ်အရေးပါသည့်ကဏ္ဍမှ အထောက်အပံ့ပြုလျက်ရှိပါသည်။
လွန်ခဲ့သောလအနည်းငယ်အတွင်း၌လည်း မိမိတို့ မျှော်မှန်းထားသည့်အတိုင်း ရေရှည်တည်တံ့သည့် ဖွံ့ဖြိုး တိုးတက်မှုများရရှိစေရန်အတွက် အရေးပါသောခြေလှမ်းများကို အစပြုနိုင်ခဲ့ပါသည်။ ပထမဦးစွာ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဂျပန်ကုမ္ပဏီများဖြစ်သည့် Marubeni ၊ Sumitomo Corp. နှင့် Mitsui & Co. တို့က အဆိုပြု ထားသည့် ကျောက်မီးသွေးအစားထိုး စီမံကိန်းဖြစ်သော LNG ဓာတ်ငွေ့အသုံးပြု လျှပ်စစ်ဓာတ်အားထုတ်လုပ် မည့်စီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါစီမံကိန်းတွင် ဓာတ်ငွေ့ လောင်စာကို အသုံးပြု၍ ၁၂၅၀ မဂ္ဂါဝပ်ပမာဏရှိ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးနိုင်သည့် မြန်မာနိုင်ငံ၏ လက်ရှိ လျှပ်စစ်ထုတ်လုပ်မှုပမာဏ၏ (၅)ပုံ(၁)ပုံကို ထုတ်လုပ်ပေးသွားနိုင်မည့် မြန်မာ့အကြီးဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေးလည်း ပါဝင်ပါသည်။ နိုင်ငံတော်အစိုးရက ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် ဖြန့်ဖြူးပေးနိုင်ရေး ချမှတ်ထားသည့် မဟာဗျူဟာနှင့်အညီ ဗို့အားတည်ငြိမ်မှုရှိသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှတစ်ဆင့် အလားတူ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် အခြားသောကဏ္ဍများ အတွက် အနာဂတ်ရင်းနှီးမြှုပ်နှံမှုများကို လမ်းဖွင့်ပေးနိုင်မည်ဖြစ်ရာ မျိုးဆက်သစ်လူငယ် များအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုဖန်တီးဖော်ဆောင်ပေးနိုင်တော့မည် ဖြစ်ပါသည်။
ဒုတိယဆောင်ရွက်ချက်အနေဖြင့် အစိုးရ၏ ရည်မှန်းချက်ဖြစ်သည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန်အတွက် နေရောင်ခြည်စွမ်းအင်အသုံးပြု လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းစီမံကိန်း ၃၀ နီးပါး အတွက် နိုင်ငံတကာကုမ္ပဏီများ ပါဝင်သည့် ဈေးပြိုင် တင်ဒါကို ခေါ်ယူနိုင်ခဲ့ပါသည်။
COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများ ကြုံတွေ့ရလျက်ရှိသော်လည်း တင်ဒါအဆိုပြုလွှာ(၁၅၅)ခုကိုရရှိခဲ့ပြီး ပျမ်းမျှတင်ဒါဈေးနှုန်း တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၀.၀၄၂၂ နှုန်းဖြင့် တင်ဒါအောင်မြင် ခဲ့သည့်အတွက် ယှဉ်ပြိုင်မှုမြင့်မားသည့် တင်ဒါလုပ်ငန်းစဉ် ဖြစ်ခဲ့ပါသည်။ အဆိုပါ ဈေးနှုန်းမှာ ခန့်မှန်းနှုန်းထားအောက် များစွာလျော့နည်းခဲ့ပြီး လျှပ်စစ်သုံးစွဲသူများအတွက် အထူးသက်သာသည့် ဈေးနှုန်းဖြစ်လာခဲ့ပါသည်။
အဆိုပါ နေရောင်ခြည်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်စီမံကိန်းများ အကောင်အထည်ဖော်ခြင်း ဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း အမြောက်အမြား ပေါပြည့်လျှံနေမှုနှင့် ယခုရင်းနှီးမြှုပ်နှံ ထားသူများအနေဖြင့်လည်း အဆိုပါအခွင့်အလမ်းများကို အမိအရ ဖမ်းဆုပ်နိုင်ကြသူများဖြစ်ကြောင်း မီးမောင်း ထိုးပြလျက်ရှိပါသည်။
ယနေ့မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ် ချက်မှာ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် အာရှ တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု အနည်းဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။ ယခုကဲ့သို့ အမျိုးသားအဆင့် ထူးခြား ထင်ရှားသည့် စွမ်းအင်စီမံကိန်းများကို အကောင်အထည် ဖော်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ မျိုးဆက်သစ်ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့၏ နေအိမ်များ၌ပင် အဆင်ပြေ လုံခြုံစွာ ပညာဆည်းပူးနိုင်မည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေး ကဏ္ဍကိုလည်း စက်မှုလယ်ယာစနစ်ကို လွယ်ကူစွာ ပြောင်းလဲဆောင်ရွက်လာနိုင်မည် ဖြစ်သည့်အပြင် အင်တာနက်မှတစ်ဆင့် ဝေးလံခေါင်ဖျားဒေသရှိ အသိုက် အဝန်းများထံ သတင်းအချက်အလက်နှင့် နည်းပညာများ ပံ့ပိုးပေးနိုင်တော့မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရင်းနှီး မြှုပ်နှံမှုဝန်းကျင်ကို ရင်းနှီးမြှုပ်နှံသူများက ပိုမိုယုံကြည် လာစေရန်တည်ဆောက်ရင်း အခြားသော စီးပွားရေး ဆိုင်ရာအကျိုးအမြတ်များ ပေးစွမ်းနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိပါသည်။
တတိယအရေးအကြီးဆုံး သမိုင်းမှတ်တိုင်တစ်ခုမှာ ရန်ကုန်မြို့၏ အနောက်ဘက်ကမ်း၌ တန်ဖိုးနည်းအိမ်ရာ များ၊ ရေပေးဝေရေးစနစ်၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်နှင့် အခြားသောလိုအပ်သည့် အခြေခံအဆောက်အဦများ ပါဝင်သော စက်မှုဇုန်သစ်ထူထောင်ရေး ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ဆွစ်ယှဉ်ပြိုင်တင်ဒါလုပ်ငန်းစဉ် (Swiss Challenge tender process) ကို ကြီးကြပ်ရန် နိုင်ငံတကာ ထိပ်တန်းအကြံပေး ကုမ္ပဏီတစ်ခုဖြစ်သည့် Roland Berger ကုမ္ပဏီကို ပြီးခဲ့သည့်လက ရွေးချယ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါဆောင်ရွက်ချက်ကြောင့် တရားမျှတ သည့် ယှဉ်ပြိုင်မှုအောက်တွင် ပိုမိုကောင်းမွန်သော အရည်အသွေးပြည့်ဝသည့် စီမံကိန်းတစ်ခု ပေါ်ထွန်းစေမည် ဖြစ်ပြီး အလားတူစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် စံနမူနာကောင်းတစ်ရပ် ဖြစ်စေမည်ဖြစ်ပါသည်။
အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမည့် ယင်းစီမံကိန်းတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးမှာ အဓိကအချက် ဖြစ်ပါသည်။ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဇီဝမျိုးစုံ/ မျိုးကွဲများနှင့် ရေဝပ်ဒေသများကို ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်သကဲ့သို့ စီမံကိန်း၏ Master Plan နှင့်အညီ ရေလွှမ်းမိုးမှုဒဏ် ခံနိုင်ရည်ရှိသော တည်ဆောက်မှုပုံစံ၊ သဘာဝနှင့် ဖန်တီးထားသည့် ပန်းခြံများ၊ တူးမြောင်းများနှင့် ရေစီးရေလာ ကောင်းမွန်စေရေး စနစ်များကိုပါ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပါသည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် လုပ်သာကိုင်သာရှိသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း ဖော်ဆောင်ရာတွင် အထောက်အပံ့ဖြစ်စေမည့် ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ ဥပမာတစ်ခုမှာ များမကြာမီကပင် အွန်လိုင်းမှတစ်ဆင့် ရန်ကုန်မြို့တော် အဆောက်အဦ ဆောက်လုပ်ရန် ခွင့်ပြုမိန့်လျှောက်ထား မှုစနစ် (YBPS)ကို စတင် အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပါသည်။ အဆောက်အဦ ဆောက်လုပ်ခွင့်ပါမစ်များ လျှောက်ထား ရာတွင် အဆင့်ဆင့်တင်ပြလျှောက်ထား ရမှုများကို လျှော့ချစေခြင်းဖြင့် လုပ်ငန်းများ ပိုမိုမြန်ဆန်ချောမွေ့ မှုရှိစေရန် ရည်ရွယ်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါ သည်။ အဆိုပါစနစ်ကို စတင်အသုံးပြုပြီး ငါးလ အတွင်း မှာပင် လျှောက်ထားလွှာ ၁,၀၀၀ ကျော် လက်ခံရရှိထားပြီး ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားလိုပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် လာမည့်နှစ်ကာလများအတွင်း အနာဂတ်ဒစ်ဂျစ်တယ်စနစ် အသုံးပြုမှုများနှင့်ပတ်သက်၍ အစိုးရဝန်ကြီးဌာနများအကြား ရှေ့ဆောင်ဝန်ကြီးဌာန တစ်ခုဖြစ်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူ ချောမွေ့မှု အဆင့်သတ်မှတ်ချက်တွင် အဆင့်အနေအထား တိုးတက်ကောင်းမွန်လာစေမည်ဖြစ်ပြီး ကျား/မ ခွဲခြားမှု၊ အုပ်ချုပ်မှုနှင့် ပထဝီအနေအထားအရ ကွာဟမှုများကို လျော့နည်းစေနိုင်မည်ဖြစ်ကာ အမှန်တကယ် လိုအပ်နေသူများထံသို့လည်း အစိုးရ၏ဝန်ဆောင်မှုများ ပံ့ပိုး ပေးသွားနိုင်မည်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏အားထုတ်မှုများမှာ COVID-19 စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ စီမံချက်ချမှတ်ဆောင်ရွက်ခဲ့သည်မှာ ခြောက်လတာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ကျွန်ုပ်တို့အနေဖြင့် အဆိုပါ စီမံချက်နှင့်အညီ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန် ကျန်ရှိသည်များနှင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို စစ်တမ်းကောက်ယူလျက်ရှိပါသည်။ ထို့အတူ လွန်ခဲ့သော လေးနှစ်တာ ကာလကတည်းက မိမိတို့ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများကို ထိန်းသိမ်းနိုင်ရန်နှင့် အလယ်အလတ်ကာလမှသည် ကာလရှည်အတွက် ပြီးပြည့်စုံပြီး၊ အားလုံးပါဝင်နိုင်မည့် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးနှင့် ပြန်လည်ထူထောင်ရေး စီမံချက် (Covid-19 Economic Relief and Recovery Plan-CERRP) အသစ်ကို ရေးဆွဲလျက်ရှိပါသည်။ အဆိုပါ စီမံကိန်း တွင် ရေရှည်တည်တံ့ပြီး စစ်မှန်သည့်စီးပွားရေးပြန်လည် ထူထောင်မှုဖြစ်စေရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲရေးအယူအဆကို အဓိကထား ထည့်သွင်းရေးဆွဲထားပါသည်။ အခြေခံ အဆောက်အဦနှင့် စွမ်းအင်ကဲ့သို့သောကဏ္ဍများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားမည် ဖြစ်ပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုများ မှတစ်ဆင့် ပိုမိုကောင်းမွန်သောအနာဂတ်ကို ဖော်ဆောင်သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် COVID-19 ပထမလှိုင်း၏ အဆိုးရွားဆုံးအခြေအနေမှ လွတ်မြောက်ခဲ့သော်လည်း ဒုတိယလှိုင်း၏ ရိုက်ခတ်မှုဒဏ်ကို ဆိုးရွားစွာ ခံစားရလျက်ရှိပါသည်။ အဆိုပါအခက်အခဲကို ကျော်လွှားရာတွင် အစိုးရနှင့်ပြည်သူ အပြန်အလှန်ရိုင်းပင်းကူညီ၍ အတူတကွ လက်တွဲ တွန်းလှန်သွားကြရမည်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့်လည်း အဆိုပါစိန်ခေါ်မှုများကို ဦးဆောင်မှုအခန်းကဏ္ဍမှ ဖြေရှင်းပေးသွားမည်ဖြစ်သကဲ့သို့ နိုင်ငံသူ/နိုင်ငံသားများ အနေဖြင့်လည်း အစိုးရ၏ ဆောင်ရွက်ချက်များကို အပြုသဘောဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြမည်ဆိုသည်ကို ယုံကြည်ထားပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ကြုံတွေ့ရသည့်စိန်ခေါ်မှုကို ရုတ်ချည်းဖြေရှင်း၍ မရနိုင်သေးသဖြင့် ရှေ့ဆက်ရမည့် လမ်းခရီးမှာ ရှည်လျားနေမည်သာ ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့အနေဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိ အခြားသူများနှင့် ထိတွေ့ဆက်ဆံခြင်းမပြုဘဲ တတ်နိုင် သမျှ မိမိအိမ်တွင်နေထိုင်ခြင်းဖြင့် COVID-19 ကပ်ရောဂါ အပြီးမသတ်ခင်ကာလအထိ ကြံ့ကြံ့ခိုင် ရင်ဆိုင်သွား ကြရမည်သာ ဖြစ်ပါသည်။
မီးနာမှ သံကောင်းမည်ဆိုသည့် ဆိုရိုးစကားအတိုင်း COVID-19 ကာလအတွင်း ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ဖြေရှင်းခြင်းအားဖြင့် ကျွန်ုပ်တို့ ပြည်သူ များအားလုံး၏ အမျိုးသားရေးစိတ်ဓာတ်နှင့် စရိုက် လက္ခဏာများ ပိုမိုခိုင်မာအားကောင်းလာစေမည် ဖြစ်ပါ သည်။ ထိုနည်းအားဖြင့် ထိုသို့ ပိုမိုခိုင်မာကောင်းမွန်မှု၊ ပိုမို ခံနိုင်ရည်စွမ်းရှိမှု၊ ပိုမိုစာနာရိုင်းပင်းမှုတို့ဖြင့် ပိုမိုကောင်းမွန်သောအနာဂတ်ကို အတူတကွဖန်တီးပုံဖော် ကြရန်အတွက် အလေးအနက်ထား တိုက်တွန်းနှိုးဆော်အပ်ပါသည်။


