အန်ကယ်ပညာ

 

လက်တွဲဖော် လုပ်ဖော်ကိုင်ဖက် ညီငယ်နှစ်ဦး ရာထူးတိုးဖြင့် ပြောင်းရွှေ့ရသည်ကို ကြားသိရသည့်အတွက် သူတို့ကို ဖုန်းဖြင့်ဆက်သွယ်ပြီး ဝမ်းမြောက်ဂုဏ်ယူသည့်အကြောင်း ပြောဖြစ်ခဲ့ပါသည်။ သူတို့ကလည်း ထိုသို့ဆက်သွယ် အားပေးသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်းနှင့် လိုအပ်သည်များ သွန်သင်ဆုံးမပါရန် ပြန်လည် ပြောကြားကြပါသည်။


စာရေးသူအနေဖြင့် ထိုညီငယ်နှစ်ယောက်စလုံးကို “ရှည်ရှည်ဝေးဝေး မှာစရာမရှိပါဘူးကွာ၊ ဘယ်နေရာရောက်ရောက် “ကူညီပါရစေ” ဆိုတဲ့ ဆောင်ပုဒ်ကလေးကိုသာ အမြဲနှလုံးသွင်းပြီး လုပ်သွားပါ၊ အောင်မြင်ပါလိမ့်မယ်”ဟု တူညီသည့် စကားတစ်ခွန်းကို ပြောဖြစ်ခဲ့ပါသည်။


ထိုညီငယ်နှစ်ယောက်ကို စာရေးသူပေးခဲ့သည့် စကားလက်ဆောင် ဆောင်ပုဒ်ကလေးသည် ပြည်သူလူထု အကြား စတင်ပျံ့နှံ့ခဲ့သည့် အချိန်ကာလနှင့် နှိုင်းယှဉ်ကြည့်လျှင် သူသည်လည်း အိုမင်းဟောင်းနွမ်းနေလေပြီဟု ဆိုနိုင်ပါသည်။ သို့ရာတွင် ထိုဆောင်ပုဒ်၏ ဆိုလိုရင်းအဓိပ္ပာယ်နှင့် ဆက်စပ်လျက်ရှိသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသည့် ညီငယ်နှစ်ဦး၏ နှလုံးသားတွင် ထိုဆောင်ပုဒ်သည် မည်သည့်အခါမျှ မဟောင်းနွမ်း ထာဝစဉ် သစ်လွင်တောက်ပနေပါသည်ဟု သဘောဆောင်သော တုံ့ပြန်စကားများကို ကြားရသည့်အတွက်လည်း ဝမ်းမြောက် ဝမ်းသာဖြစ်ရပါသည်။


ညီနောင်သဖွယ် လက်တွဲ၍

မှန်ပါသည်။ ထိုဆောင်ပုဒ်သည် စာလုံးရေ ငါးလုံးမျှဖြင့် တိုတုတ်စွာ ဖွဲ့စည်းထားသည့် ဝါကျတစ်ကြောင်းသာ ဖြစ်သော်လည်း ဆောင်ပုဒ်နှင့် ဆက်စပ်လုပ်ကိုင်နေကြသူအားလုံး၏ လုပ်ငန်းတာဝန်မှန်သမျှအပေါ် ဆုံချက် သဖွယ် လေးနက်စွာ လွှမ်းမိုးသက်ရောက်လျက်ရှိသည်ကို သတိပြုမိကြရန်လိုပါသည်။ ထိုမျှသာမကသေး၊ ပြည်သူ လူထုတစ်ရပ်လုံးကလည်း ထိုဆောင်ပုဒ်ကလေးကို အစဉ် အမြဲသစ်လွင်တောက်ပနေသည်ကို မြင်ချင်ကြမည် ထင် ပါသည်။ ဝါကျတိုကလေးဖြစ်သော ထိုဆောင်ပုဒ်သည် မည်သည်တို့ကို ဆုံချက်သဖွယ် လွှမ်းမိုးသက်ရောက်နေပါ သနည်း။ မည်သူတို့နှင့် သက်ဆိုင်ပြီး ပြည်သူလူထုက သက်ဆိုင်သူတို့၏ နှလုံးသားတွင် မည်သည့်အတွက် အစဉ်အမြဲ သစ်လွင်တောက်ပနေစေလိုကြပါသနည်း။


စာရေးသူအနေဖြင့် ဤမျှစကားခံနေသော်လည်း စာဖတ်သူတို့အနေဖြင့် ထိုဆောင်ပုဒ်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ကြောင်း သိနှင့်နေပြီး ဖြစ်ပါလိမ့်မည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံတော်အစိုးရနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့က ချမှတ်သည့် မူဝါဒများနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက် ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် နယ်စပ် ဒေသလုံခြုံရေး၊ ပြည်တွင်းလုံခြုံရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေး တာဝန်များကို တပ်မတော်နှင့် ညီနောင်သဖွယ် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည် ဟူသည့်မူဝါဒ (၃) ရပ်ကို အခြေခံလျက် ပြည်တွင်း လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟူသည့် ရည်မှန်းချက် တာဝန် (၄)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
ထိုရည်မှန်းချက်တာဝန် (၄) ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သစ္စာ (၄)ချက် ကို ဦးထိပ်ပန်ဆင်လျက် ပြစ်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားပြီးပြစ်မှုများကို စုံစမ်းစစ်ဆေးဖော် ထုတ်တရားစွဲတင်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေး၊ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ်တားဆီးနှိမ်နင်းရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး ဟူသည့် လုပ်ငန်းတာဝန် (၆)ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။


နှလုံးသားတွင် ထာဝစဉ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄)ရပ်နှင့် လုပ်ငန်းတာဝန် (၆) ရပ်တို့သည် အထက်တွင် ဖော်ပြခဲ့သော ဆောင်ပုဒ်နှင့်သက်ဆိုင်သည့် မေးခွန်းများ၏ အဖြေများပင် ဖြစ်ပါသည်။ ကူညီပါရစေဟူသည့် ဆောင်ပုဒ်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်နှင့် လုပ်ငန်းတာဝန်တို့နှင့် ပတ်သက်၍ ဆောင်ရွက်သမျှသော ကိစ္စအဝဝနှင့် သက်ဆိုင်နေသည်ကို တွေ့ကြရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ထိုဆောင်ပုဒ်သည် ရဲတပ်ဖွဲ့ဝင်တိုင်းနှင့် သက်ဆိုင်ပြီး မိမိတို့၏ အသက် အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချစွာဖြင့် တရားဥပဒေစိုးမိုးမှု အရိပ်အောက်တွင် အေးချမ်းစွာ နေထိုင်လိုကြသော ပြည်သူလူထုကလည်း သူတို့ဘက်က ရပ်တည်အကူအညီပေးမည့် အဖွဲ့အစည်းဖြစ်၍ ရဲတပ်ဖွဲ့ဝင်တို့၏ နှလုံးသားတွင် ထာဝစဉ်သစ်လွင်တောက်ပစေလိုကြခြင်း ဖြစ်ပါသည်။
တစ်ဖန် “ကူညီပါရစေ” ဆိုသော ဆောင်ပုဒ်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို တာဝန်အရ ဆောင်ရွက်နေခြင်းဖြစ်သလို တစ်ဖက်တွင်လည်း ပြည်သူလူထုကို ဝန်ဆောင်မှုပေး နေခြင်းဖြစ်သည်ဟု မြင်ကြရပေသည်။ ဤသည်မှာ ပြည်သူကို အခြေပြုသည့် ရဲလုပ်ငန်းဝန်ဆောင်မှုပင်ဖြစ် ပါသည်။ ဤသို့ဆိုလျှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ကုန်လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း ပြည်သူလူထုကို ရဲလုပ်ငန်းဝန်ဆောင်မှု မည်မျှဆောင်ရွက်ပေးနိုင်ခဲ့ပါသနည်း။ ဤမေးခွန်းအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက် တာဝန် (၄) ရပ် အပေါ် ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ချက်များနှင့် ချိန်ထိုး အဖြေရှာကြည့်လိုပါသည်။ ထိုဆောင်ရွက်ချက်များ သည်ပင်လျှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကူညီပါရစေဆိုသည်မှာ မည်သည့်အကြောင်းအရာများဖြစ်သည် ဟူသည့်အချက်များကိုပါ တွေ့မြင်ကြရမည်ဖြစ်ပါသည်။


ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ၂၀၁၉ ခုနှစ် တစ်နှစ်တာ ကာလအတွင်း အချိန်အခါအရ ဆောင်ရွက်ရသည့် နိုင်ငံတော်အခမ်းအနားများ၊ နိုင်ငံတော်အဆင့် အကြီးအကဲများ၏ သွားလာလှုပ်ရှားမှုများ၊ ပြည်ပ ဧည့်သည်တော်၏ ခရီးစဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံမှုအပြည့်အဝပေးနိုင်ရေး ဆောင်ရွက်ကြသည်များ ရှိပါသည်။ ထို့အပြင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ၊ အမြန်လမ်းမကြီးနှင့် လမ်းအသုံးပြုသူများ၊ ငွေကြေးဆိုင်ရာမှုခင်းကိစ္စရပ်များ၊ ရေကြောင်းနှင့် လေကြောင်း ဆိုင်ရာကိစ္စရပ်များအတွက်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ပြည်သူလူထုကို လုံခြုံမှုဆောင်ရွက်ပေးလျက် ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပညာပေးခြင်း၊ တားဆီးကာကွယ်ပေးခြင်း၊ ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်ခြင်း စသည့်ဝန်ဆောင်မှုလုပ်ငန်းစဉ်များဖြင့် ပြည်သူလူထုကိုဗဟိုပြုကာ တပ်ဖွဲ့များအချင်းချင်း ပေါင်းစပ် ဆောင်ရွက်လျက်ရှိပါသည်။


ဤသို့ လူပုဂ္ဂိုလ်လုံခြုံရေးသာမက အရေးကြီး အဆောက်အအုံ၊ ငွေကြေး၊ ယာဉ်ယန္တရားပစ္စည်းများအပြင် နိုင်ငံတော်၏ သယံဇာတများ လုံခြုံရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြပါသည်။


တရားဥပဒေစိုးမိုးရေး
ပြည်တွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက် လျက် အကြောင်းအကျိုးဆက်စပ်နေကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များ ဖြစ်ကြပါသည်။ ထို့အပြင် ထိုရည်မှန်းချက်တာဝန်များကို ပြစ်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပွားပြီး ပြစ်မှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေး ဟူသည့် လုပ်ငန်းတာဝန်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ အမှုကြီး (၁၀) မျိုးအတွက် ၅၉၉၃ မှု၊ အခြားအမှု (၁၀) မျိုးအတွက် ၉၃၄၆၁ မှု၊ ကြိုတင်ကာကွယ် မှု (၁၀) မျိုးအတွက် ၃၀၈၃၃၃ မှုတို့ကို တရားစွဲတင်နိုင်ခဲ့ပါသည်။


မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် လူထုအတွင်းပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို တားဆီးနှိမ်နင်းရေးအတွက် အထူးစစ်ဆင်ရေးကြီးများ ဆင်နွှဲဆောင်ရွက် လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်အတွင်း အထူးစစ်ဆင်ရေး သုံးခုဖြင့် ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးမှု ၁၃၃၁ မှု၊ တရားခံ ၁၇၉၂ ဦးနှင့် ငွေကျပ်သန်းပေါင်း ၁၃၁၇၆၁ ဒသမ ၃၁၆ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ပါသည်။ ထို့အပြင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်း၍ ဘိန်းစိမ်း ၁၅၅၂ ဒသမ ၆၉ ကီလိုဂရမ်၊ ဘိန်းဖြူ ၆၉၀ ဒသမ ၂၄ ကီလိုဂရမ်၊ ဘိန်းညို မှုန့် ၅ ဒသမ ၅၆ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၁၀၈ ဒသမ ၇၂ သန်းကျော်၊ အိုက်စ် ၉၄၂၆ ဒသမ ၁၉၃ ကီလိုဂရမ်နှင့် ကဖင်း ၁၉၂၂၆ ကီလိုဂရမ် ဖမ်းဆီးရမိပြီး အမှု ပေါင်း ၁၃၀၀၀၊ တရားခံပေါင်း ၁၈၄၀၇ ဦး ဖမ်းဆီးရမိခဲ့ပါသည်။


ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုအပေါ် သဘာဝဘေးအန္တရာယ်များကျရောက်သည့်အခါ လုံခြုံ ရေးနှင့် ကူညီကယ်ဆယ်ရေးအတွက် အစောဆုံး ရောက်ရှိကြသူများ ဖြစ်ပါသည်။ ထိုနေရာများတွင် ဘေးအန္တရာယ် ကျရောက်နေသူများအား ကူညီကယ်ဆယ် ခြင်း၊ လူနှင့် ပစ္စည်းများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ခြင်း၊ အပျက်အစီးများ ရှင်းလင်းဖယ်ရှားပေးခြင်းနှင့် အဆောက်အအုံများ ပြုပြင်တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြပါသည်။


ထို့အပြင် အခါကြီးရက်ကြီးများတွင် စုပေါင်းသန့်ရှင်း ရေး ဆောင်ရွက်ပေးခြင်း၊ ရေရှားပါးသည့် နေရာများသို့ သောက်သုံးရေလှူဒါန်းခြင်း၊ သွေးလှူခြင်းတို့ကိုလည်း ဆောင်ရွက်ပေးကြပါသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်မှု ၅၆၃၄ ကြိမ်တွင် ပါဝင်အင်အား ၁၄၄၉၁၃ ဦးဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။


ပြည်သူလူထု၏ ပူးပေါင်းပါဝင်သည့် အကူအညီလိုအပ်

ဤမျှဆိုလျှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကုန်လွန်ခဲ့သည့် တစ်နှစ်တာအတွင်း ပြည်သူလူထုအတွက် ဆောင်ရွက် ခဲ့ကြသည့် ရဲလုပ်ငန်းဝန်ဆောင်မှုများကို အကြမ်းအားဖြင့် တွေ့မြင်ကြရပြီ ထင်ပါသည်။ ရဲလုပ်ငန်းဝန်ဆောင်မှုများ ကောင်းမွန်စေရေးအတွက် “ကူညီပါရစေ” ဆိုသည့် ဆောင်ပုဒ်သည် နှလုံးသားတွင် ထာဝစဉ်သစ်လွင် တောက်ပနေရမည်ဆိုသည့်အချက်ကိုလည်း သတိထားမိကြမည် ထင်ပါသည်။ ပြည်သူလူထုကလည်း ဘယ်လို ကိစ္စရပ်များအတွက် ဘယ်လိုကူညီမှုရနိုင်သည်ဆိုသည်ကိုလည်း သိမြင်နိုင်ကြလိမ့်မည် ထင်ပါသည်။ ထိုအချက် များကို ဆက်စပ်စဉ်းစားကြည့်လျှင် ရဲလုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ပြီးမြောက်စေရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်သည့် အကူအညီများစွာ လိုအပ် သည် ဆိုသည့် အသိအမြင်တစ်ခုလည်း ရရှိကြမည် ထင်ပါသည်။
မည်သို့ပင်ဆိုစေကာမူ ဖြတ်သန်းခဲ့ပြီးဖြစ်သည့် တစ်နှစ်တာကို မူတည်၍ ဖော်ပြခဲ့သော ဆောင်ရွက်ချက် များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအပေါ် ထားရှိသော သစ္စာတရား၊ တည်ကြည် ဖြောင့်မတ်မှုနှင့် စွမ်းရည်သတ္တိများပင်ဖြစ်ကြောင်း ရေးသားရင်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုအပ်ပါသည်။    ။