ဝမ်းတွင်း ၃၀ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဒေသထွက်အထည်များ အရောင်းအဝယ် အေးနေ၍ စက်ယက္ကန်းစင်များ ပြုလုပ်ရောင်းချနေသော တွင်ခုံ(စက်မှုလက်မှု)လုပ်ငန်းများ ရပ်နားထားရကြောင်း သိရသည်။
ဝမ်းတွင်းမြို့သည် စက်ယက္ကန်းကို အဓိကထား လုပ်ကိုင်သော မြို့ဖြစ်ပြီး စက်ယက္ကန်းစင်မှ ထွက်ရှိသည့် အမျိုးသားဝတ်ပုဆိုး၊ ထမိန်များ ယက်လုပ်၍ မြန်မာနိုင်ငံ အနှံ့အပြားကို ဖြန့်ဖြူးရောင်းချပေးနေသော ယက္ကန်းမြို့တော်လည်းဖြစ်သည်။
ယခုအခါ ချည်ထုပ်ဈေးများတက်ပြီး အထည်ဈေးကွက်အေးကာ အရောင်းအဝယ်များ ပါးနေသဖြင့် ယက္ကန်းလုပ်ငန်းများ အဆင်မပြေဖြစ်နေပြီး အထည်၏ အရည်အသွေးကိုမူတည်ကာ ဈေးနှုန်းများ သတ်မှတ် ရောင်းချနေရကြောင်း သိရသည်။
“ပေါက်ဈေးအနေနဲ့ ငွေကျပ် ၃၂၀ဝ မှ ၃၈၀ဝ ကျပ်အထိ ရောင်းချနေသည်ကို တွေ့ရပါတယ်၊ အရောင်းဝယ်ပါးပြီး လုပ်ငန်းတွေမဖြစ်တော့ စက်ရုံအလုပ်သမားတွေအတွက် အခက်အခဲတော့ ရှိတာပေါ့” ဟု ယက္ကန်းလုပ်ငန်းရှင် ဒေါ်မျိုးယုယုနွယ်က ပြောသည်။
“မြို့နယ်ရဲ့အဓိကစီးပွားရေးက ယက္ကန်းလုပ်ငန်း ဖြစ်ပါတယ်၊ အခုလို အထည်ဈေးတွေနဲ့ယက္ကန်းလုပ်ငန်းတွေက အေးနေတော့ တွင်ခုံ(စက်မှုလက်မှု) လုပ်ငန်း လုပ်ကိုင်နေသူတွေလည်း နားနေကြရတယ်၊ အရင်ကဆိုလျှင် တစ်လ ယက္ကန်းစင်(၅)စင်လောက် အရောင်းအဝယ်ဖြစ်သော်လည်း အခုနားနေရတဲ့အတွက် မှာသူရှိမှ လုပ်ကြရတယ်၊ ယက္ကန်းစင်ပြုလုပ်ရာမှာ ကုန်ကြမ်း(အရည်ကြို)ကို ပျော်ဘွယ်မြို့နယ် ကျီနီကျေးရွာမှ မှာယူပြီး ဝမ်းတွင်းမြို့ရှိတွင်ခုံ(စက်မှုလက်မှု)လုပ်ငန်းများတွင် ရောင်းတမ်းဝင် အချောထည်များပြုလုပ်ပြီး ယက္ကန်းတစ်စင်လျှင်ငွေကျပ်(၁၆)သိန်း ရောင်းရတယ်၊ ထွက်ရှိလာတဲ့ယက္ကန်းစင်များကို ဆိတ်ခုံမြို့၊ တောင်မြို့၊ တောင်ကြီး မြို့များရှိ လုပ်ငန်းရှင်များက လာရောက်ဝယ်ယူတာတွေ ရှိပါတယ်၊ ယက္ကန်းတစ်စင်လျှင် အမြတ်ငွေ (၁၅၀ဝ၀ဝ) ကျပ်ခန့် အမြတ်ငွေ ရရှိပါတယ်၊ ယခုအချိန်ဆိုရင် တစ်လနေလို့မှ ယက္ကန်းတစ်စင် မရောင်းရတဲ့အတွက် တွင်ခုံလုပ်ငန်းများလည်း နားနေကြရတယ်” ဟု ယက္ကန်းစင်များကို ထုတ်လုပ်ရောင်းချနေသော DENNY & JACK Co.ltd မန်နေဂျာ ဦးအောင်မိုးက ပြောကြားသည်။
ဌေးလှိုင်(ဝမ်းတွင်း)


