နေပြည်တော် ဩဂုတ် ၂၆

 

(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (12 ASEAN Minist-erial Meeting on Social Welfare and Development-AMMSWD and Related Meetings)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဩဂုတ် ၂၆ ရက်မှ ၂၉ ရက်အထိ နေပြည်တော်ရှိ M-Gallery Hotel ၌ ဗီဒီယို ကွန်ဖရင့်ဖြင့် လက်ခံကျင်းပသည်။

 

အဆိုပါ အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ အာဆီယံလူမှု ဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး အလှည့်ကျဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

 

ဖွင့်ပွဲအပြီးတွင် အကြိမ်(၂၀) မြောက် အာဆီယံအစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများဖိုရမ် (20 ASEAN GO-NGO Forum)ကို ဆက်လက်ကျင်းပရာ အာဆီယံအတွင်းရေးမှူးချုပ်ရုံး ဒုတိယအတွင်းရေးမှူးချုပ် ဦးစံလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး အာဆီယံနိုင်ငံများရှိလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ အစိုးရဌာနများ၊ နိုင်ငံတကာနှင့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အဆိုပါ ဖိုရမ်တွင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အတွက် ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအပေါ် အာဆီယံဒေသတွင်း နိုင်ငံအသီးသီးနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ Speaker များက ကဏ္ဍအလိုက် ဆွေးနွေးကြပြီး အကြံပြုချက်များကို ဖော်ထုတ်ခဲ့သည်။

 

ဩဂုတ် ၂၇ ရက်တွင် (၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3 ASEAN Outstanding Social Welfare and Develop-ment Award-AOSWADA) ပေးပွဲအခမ်းအနား၊ (၂၁)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (21th SOMSWD Meeting) ကို လည်းကောင်း၊ ၂၈ ရက်တွင်အကြိမ် (၂၀)မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ+၃ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (20 SOMSWD +3 Meeting)များ (၇)ကြိမ်မြောက် အာဆီယံဒေသတွင်းအားလုံး အကျုံးဝင်ပါဝင်နိုင်သော စွန့်ဦးတီထွင်မှုဆိုင်ရာ ကျွမ်းကျင်သူများ ကွန်ရက်အစည်း အဝေး (7th Network of Experts on Inclusive Entrepreneurship for ASEAN-NIEA) တို့ကိုလည်း ကောင်း၊ ၂၉ ရက်တွင် (၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (12th ASEAN Ministerial Meeting on Social Welfare and Develop-ment-AMMSWD)နှင့် (၈)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ+၃ ဝန်ကြီးများအဆင့် အစည်းအဝေး (8 AMMSWD+3 Meeting) တို့ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။

 

ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အား ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNFPA တို့အကြား လက်မှတ်ရေးထိုးထားသည့် လုပ်ငန်းစီမံချက်အရ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများ ပေးအပ်ခဲ့မှု၊ အဆိုပါ လုပ်ငန်းစီမံချက် သက်တမ်းတိုး ဆောင်ရွက်ရေး၊ ငလျင်ဘေးသင့် ပြည်သူများအတွက် အကူအညီ ပေးအပ်ခဲ့မှု၊ မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော UNFPA ဝန်ထမ်းများ၏ ဗီဇာနှင့် နေထိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များအတွက် ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးနေမှုနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်