မန္တလေး၊ ဩဂုတ် ၇
(၁၂)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အိန္ဒိယနိုင်ငံ AYUSH ဝန်ကြီးဌာန၏ အကြံပေး၊ အာယုဗ္ဗေဒဆေးပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr.Manoj၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို)နှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့တို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးပညာရှင်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး နဝရတ်ကတိသစ္စာကို သံပြိုင်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲများသည် မြန်မာ့တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခြေလှမ်းဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးသုတေသနများကို ဆောင်ရွက်ရန် နိုင်ငံတော်မှ အလေးထားအားပေး ချီးမြှောက်နေပါကြောင်း၊ စာတမ်းဖတ်ပွဲတွင် တိုင်းရင်းဆေးပညာရှင်များနှင့် သိပ္ပံသုတေသီ ပညာရှင်များ၏ စာတမ်းများပါဝင်ခြင်းကြောင့် ပညာရှင်များ တွေ့ဆုံဆွေးနွေးသုံးသပ် အဖြေရှာ၍ အသုံးချနိုင်သည်အထိ သုတေသနများ ဆက်လက်ဆောင်ရွက်နိုင်မည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တိုင်းရင်းဆေးသုတေသန ပိုစတာများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
စာတမ်းဖတ်ပွဲအား ဩဂုတ် ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ အာယုဗ္ဗေဒ ဆေးပညာဆိုင်ရာ စာတမ်းအပါအဝင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နီးနွယ်ဆက်စပ်ဝန်ကြီးဌာနများ၊ တပ်မတော်ဆေးသုတေသနတပ်တို့မှ သုတေသနစာတမ်းများ စုစုပေါင်း (၂၆)စောင်၊ ပိုစတာ(၈)စောင် တင်သွင်းဖတ်ကြားကြမည်ဖြစ်ပြီး အကောင်းဆုံး တိုင်းရင်းဆေးသုတေသနစာတမ်း၊ သိပ္ပံသုတေသနစာတမ်း၊ ကျန်းမာရေးစနစ် သုတေသနစာတမ်းနှင့် ပိုစတာများမှ အရည်အသွေးအဆင့်မီသည့် သုတေသန စာတမ်းများကို စိစစ်အကဲဖြတ်ပြီးဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


