နေပြည်တော် စက်တင်ဘာ ၂၅
(၁၅) ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များညီလာခံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၌ စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပရာ အဆိုပါ ညီလာခံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ် H.E. Mr. Ying Yong နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ် H.E. Mr.Paul T K Lam တို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါညီလာခံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ်၊ အာဆီယံ ၁၀ နိုင်ငံမှ ရှေ့နေချုပ်များ၊ တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ်နှင့် မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရှေ့နေချုပ်တို့ တက်ရောက်ကြသည်။
(၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များညီလာခံကို “နည်းပညာခေတ်တွင် ငွေကြေး ခဝါချမှုနှင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ခြင်းနှင့် ပိုင်ဆိုင်မှုပစ္စည်းများကို ပြန်လည်ရယူခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက တရုတ်-အာဆီယံ ရှေ့နေချုပ်များညီလာခံသည် ၂၀၀၄ ခုနှစ်တွင်စတင်ခဲ့ပြီး နှစ်ပေါင်း(၂၀) ရှိပြီဖြစ် ပါကြောင်း၊ ဤညီလာခံသည် နိုင်ငံတကာဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် နိုင်ငံ ဖြတ်ကျော်ပြီး ကျူးလွန်သော ပြစ်မှုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် အရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်ပါကြောင်း၊ ညီလာခံခေါင်းစဉ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြားတွင်သာမက တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများအကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ပါကြောင်း၊ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းကို အတည်ပြုချမှတ်နိုင်ခြင်းသည် အဂတိလိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းရန် ပြီးပြည့်စုံသော ချဉ်းကပ်မှုတစ်ခုဖြစ်ပါကြောင်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံဖြတ်ကျော် မှုခင်းများဖြစ်သော ငွေကြေးခဝါချမှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့အား တိုက်ဖျက်နိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈) ကို ချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆိုင်ရာ ပြစ်မှုများနှင့် ဆက်နွှယ်သည့် သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းရန် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်၌ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit-FIU) ကိုလည်း ဖွဲ့စည်းထားရှိပါကြောင်း။
မြန်မာနိုင်ငံသည် အထူးသဖြင့် တရုတ်၊ လာအို နှင့် ထိုင်းနိုင်ငံတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ နိုင်ငံဖြတ်ကျော် ငွေကြေးဆိုင်ရာပြစ်မှုများ အွန်လိုင်း အသုံးပြု လိမ်လည်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ပူးပေါင်း၍ အွန်လိုင်းလိမ်လည်မှုများနှင့် တယ်လီကွန်း လိမ်လည်မှုများကဲ့သို့သော နယ်စပ်ဖြတ်ကျော် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုခင်းများကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် အာဆီယံ တရားခံလွှဲပြောင်းရေးစာချုပ် (AET)နှင့် အာဆီယံ ရာဇဝတ်မှု တရားစီရင်ရေးနှင့် ရာဇဝတ်မှုများ တိုက်ဖျက်ရေးဆိုင်ရာ ညီလာခံ (ACCPCJ)တို့ ကဲ့သို့သော ASLOM ၏ ပဏာမခြေလှမ်းများကို အကောင်အထည်ဖော်ရာတွင် အခြားအဖွဲ့ဝင် နိုင်ငံများနှင့်အတူ အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ထို့နောက် ညီလာခံသို့ တက်ရောက်လာကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ်၊ အာဆီယံ ၁၀ နိုင်ငံမှ ရှေ့နေချုပ်များ၊ တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ်နှင့် မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ်တို့က (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များ ညီလာခံ၏ ပူးတွဲကြေညာချက်(JOINT DECLA-RATION OF THE 15th CHINA-ASEAN PROSECU-TORS-GENERAL CONFERENCE)ကို လက်မှတ် ရေးထိုးကြသည်။
ညီလာခံကျင်းပစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံ ဥပဒေရေးရာ ဝန်ကြီးဌာနတို့အကြား ကျင်းပသည့် နှစ်နိုင်ငံ အစည်းအဝေး၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ် H.E. Mr. Ying Yong နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဥပဒေရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များ ညီလာခံ၏ ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုးခြင်းအားဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ငွေကြေးခဝါချမှုနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးတို့တွင် နည်းပညာအသုံးပြုမှု တိုးတက်အောင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုရရှိစေနိုင်ခြင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများရှိ ရှေ့နေချုပ်ရုံးများအကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ခြင်း၊ တရုတ်နိုင်ငံနှင့်လည်း ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမို မြှင့်တင်နိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


