mdn

မိုးသည် ရွာချည် စဲချည် ရှိခဲ့ပြီး မိုးလုံးပတ်လည် အုံ့ဆိုင်း ညိုမှိုင်းနေသော နံနက်ခင်းသည်ကား မြန်မာ့ရာဇဝင် တွင်သာမက ကမ္ဘာ့ရာဇဝင်မှာပင် မှတ်တမ်းတင်ထားရ မည့် ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးကြီးတစ်ခုကို စောင့်မျှော်နေဘိသကဲ့သို့ ရှိလေ၏။

 

ထိုနေ့ကအတွင်းဝန်များရုံး၌ ဘုရင်ခံ၏အမှုဆောင် အစည်းအဝေးရှိလေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုဘုရင်ခံ၏အမှုဆောင်အဖွဲ့တွင် ဒုတိယ သဘာပတိ ဖြစ်သည်။ သို့ရာတွင် အောင်ဆန်း-အက်တလီစာချုပ် လက်မှတ်ရေးထိုးကြပြီးသည့် နောက်ပိုင်း၌ သဘာပတိ ဖြစ်သူဘုရင်ခံသည် အစည်းအဝေးများသို့ တက်ရောက် ခြင်း မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ သည် မုချလွတ်လပ်ရေးရတော့မည်ဖြစ်ရာ မြန်မာ့ တိုင်းရေးပြည်ရာတွင် ဗြိတိသျှအာဏာပိုင်များက ဝင်ရောက်ခြယ်လှယ်ခြင်း မပြုတော့ပါဟူသော သဘောကို ပြလိုသောကြောင့်တည်း။

 

ထိုသို့ဖြင့် အတွင်းဝန်များရုံး၌ ကျင်းပသော အမှုဆောင်အစည်းအဝေးတိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းပင် သဘာပတိအဖြစ် ဆောင်ရွက်ရမြဲဖြစ်လေသည်။ ထိုနေ့ ကလည်း ဗိုလ်ချုပ်သည် ဘုရင်ခံ၏အမှုဆောင် အစည်း အဝေးသို့ သဘာပတိအဖြစ် တက်ရောက်ရန် အဝတ် အစားဝတ်နေ၏။ ဗိုလ်ချုပ်သည် ထိုနေ့က စစ်ဝတ် စစ်စကို မဝတ်။ ဘန်ကောက်လုံချည် သနပ်ခါးရောင်၊ မန္တလေးပိုးတိုက်ပုံအင်္ကျီ၊ သဲကြိုးအဖြူရောင် လေယာဉ်ပျံ ဖိနပ်ကိုဝတ်သည်။ အိမ်မှအထွက်တွင် သမီးကလေး မမစုကို ယုယပိုက်ထွေးခဲ့သေး၏။

 

အစည်းအဝေးသို့သွားနေသော ဗိုလ်ချုပ်

 

နံနက်၁၁ နာရီသာသာခန့်တွင် တာဝါလိန်းခြံကြီးထဲ မှ စလီကားကြီးထွက်လာလေသည်။ ကားပေါ်တွင်ကား ဖဆပလအဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌ၊ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်၊ ဘုရင်ခံ၏အမှုဆောင်အဖွဲ့ ဒုတိယ သဘာပတိ အတိုင်ပင်ခံအစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် တည်ငြိမ်စွာ လိုက်ပါလာလေသည်။

 

ကျောင်းသားဘဝ သခင်ဘဝ၊ ဂျပန်ခေတ် ဗမာ့တပ်မတော် စစ်သေနာပတိချုပ်ဘဝ၊ တော်လှန်ရေး ခေါင်းဆောင်ကြီးဘဝ၊ လူထုခေါင်းဆောင်ကြီးဘဝ စသည်ဖြင့် ဘဝသက်တမ်းတစ်လျှောက်လုံး “မြန်မာ နိုင်ငံလွတ်လပ်ရေးရရမည်”ဟူသော ရည်မှန်းချက် ကြီးဖြင့် မနားမနေ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဗိုလ်ချုပ် ခမျာမှာ စားလည်း သည်စိတ်၊ သူလည်း သည်စိတ်၊ အိပ်လည်း သည်စိတ်၊ “လွတ်လပ်ရေး... လွတ်လပ် ရေး... မလွဲမသွေ မုချရရမည်” စိတ်ဇောဖြင့် မောပန်း နွမ်းလျ မျက်နှာများပင် အနည်းငယ်ချိုးကျလျက် ရှိပေ သည်။

 

ယခု သူကားဖြင့် ဦးတည်နေသည်မှာလည်း သူ၏ ဖဆပလအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဤလွတ်လပ်ရေး ကိစ္စကိုပင် အရေးတကြီး ဆွေးနွေးရန် အတွင်းဝန်များရုံး သူ့ရုံးခန်းရှိရာသို့ သွားနေခြင်း ဖြစ်သည်။

 

ဝူစလီကားကြီးပေါ်တွင် တည်ငြိမ်လေးနက်စွာ လိုက်ပါလာသော ဗိုလ်ချုပ်၏ စိတ်ထဲတွင် နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးကို ပြန်လည်ရယူရန် မလွယ်ကူ လှကြောင်းကို စဉ်းစားကောင်း စဉ်းစားနေပေလိမ့်မည်။

 

သူသည် ၁၉၄၀ ပြည့်နှစ်သြဂုတ်လ ၈ရက် အသက် ၂၆ နှစ်သားအရွယ်လောက်တွင် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲသည် ပြည်ပအင်အားနှင့် ပြည့်စုံသော နိုင်ငံ တစ်ခုခု၏ အကူအညီကိုမရလျှင် မအောင်မြင်နိုင် ကြောင်းကို သဘောပေါက်မိသည့်အတွက် မြန်မာနိုင်ငံ တွင်းမှ တရုတ်လူမျိုးယောင်ဆောင်၍ ထွက်ခဲ့လေသည်။ အမွိုင်မြို့၌ ဂျပန်ကိုယ်စားလှယ်များနှင့် ဆက်သွယ်မိ ရာက ဂျပန်ပြည်တွင် ဗိုလ်မိုးကြိုးခေါ်ကာနယ်ဆူဇူကီးနှင့် တွေ့ပြီး ဗမာ့လွတ်လပ်ရေးကို ပူးပေါင်း တိုက်ခိုက်ရန် ပထမ ဆုံးအကြိမ် ဆွေးနွေးခဲ့လေသည်။

 

 အကွဲကွဲအပြားပြားဖြစ်နေမှုကို စည်းရုံးနိုင်ခဲ့

 

ထို့နောက် သွေးသောက်ရဲဘော် သုံးကျိပ်တို့နှင့်အတူ ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးကို ဖွဲ့စည်းကာ ဂျပန်စစ်တပ်များ အကူအညီဖြင့် မြန်မာနိုင်ငံ ကို နယ်ချဲ့အင်္ဂလိပ်တို့လက်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ သည်။ သို့ရာတွင် ဂျပန်တို့ မြန်မာများကို ညှဉ်းပန်းနှိပ်စက် ကြသည်ကို တွေ့လာရသည့်အခါတွင်မူကား ဗိုလ်ချုပ် အောင်ဆန်းသည် ဂျပန်များပေးသည့် ဟန်ဆောင် လွတ်လပ်ရေးကို လုံးဝ တန်ဖိုးမထားတော့ဘဲ ဂျပန်ရုပ်သေး အစိုးရ၏ စစ်ဝန်ကြီးမျက်နှာဖုံးကိုဆောင်းကာ ဂျပန်ဓား အောက်မှအကွဲကွဲအပြားပြားဖြစ်နေသည့် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များအား အောင်အောင်မြင်မြင် စည်းရုံးခဲ့ လေသည်။ ထို့နောက်တွင်မူ ပြည်သူ့အရေးတော်ပုံ ပါတီ၊ ကွန်မြူနစ်ပါတီ၊ ဗမာ့လက်နက်ကိုင်တပ်မတော် စသည် များကို ပူးပေါင်းစေပြီး တစ်ခုတည်းသော ယုံကြည်ချက် ဖြစ်သည့် ဖက်ဆစ်ဂျပန် တော်လှန်ရေးကြီးအတွက်  ဖဆပလ အဖွဲ့ချုပ်ကြီးကို ဖွဲ့စည်းကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဖက်ဆစ်ဂျပန်များကို ဗြောင်တော်လှန်ခဲ့လေသည်။

 

အဆိုပါ ဗမာ့တော်လှန်ရေးအောင်မြင်မှုကြီးကို မဟာမိတ်များကသာမက ကမ္ဘာတစ်ခုလုံးက ပဲ့တင်ရိုက်ဟည်း ကောင်းချီးပေးခဲ့ကြ၏။ သို့ရာတွင် ဗိုလ်ချုပ် မျှော်မှန်းအားခဲထားသည့် လွတ်လပ်ရေးကြီးကိုကား မရနိုင်ခဲ့သေး ချေ။ တော်လှန်ရေးကြီးပြီးခဲ့သည့်နောက် အင်္ဂလိပ်တို့၏ စက္ကူဖြူစီမံကိန်းကို ဆက်လက်တိုက်ဖျက်ကာ လုံးဝ လွတ်လပ်ရေးကို ရယူရန်အတွက် လွတ်လပ်ရေးကို အပြင်းအထန်လိုလား တောင့်တနေကြသော ပြည်သူ လူထုကြီး တစ်ရပ်လုံးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် စည်းရုံးနိုင်ခဲ့ပြီး ဖဆပလ အမျိုးသားတပ်ပေါင်းစုကြီးကို ဖွဲ့စည်းနိုင်ခဲ့ပေသည်။ ဖဆပလ အလံတော်အောက်သို့ မြန်မာလူထုကြီးတစ်ရပ်လုံး စည်းလုံးညီညွတ်လာသော အင်အားကြီးဖြင့် ယာယီအစိုးရဖွဲ့စည်းရန် ဗြိတိသျှအစိုးရ၏  ဖိတ်ခေါ်ချက်ကို ရသည့်အခါတွင်မူကား ဗိုလ်ချုပ်သည် “လွတ်လပ်ရေး မရရင် ပြန်ချမယ်” ဟူသော ကြုံးဝါးချက်ဖြင့်  လန်ဒန်မြို့သို့ သွားရောက်ခဲ့ပြီး အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပေသည်။

 

တစ်နှစ်အတွင်းလွတ်လပ်ရေးရစေရမယ်

 

ထို့နောက် ဗိုလ်ချုပ်သည် မြန်မာတိုင်းရင်းသားအားလုံး ညီညွတ်ရေးအတွက် ရှမ်း၊ ကရင်၊ ကချင်၊ ချင်း စသည့် တိုင်းရင်းသားလူမျိုးစုများအားပင်လုံကွန်ဖရင့်ကြီးကျင်းပ ၍ စည်းရုံးသိမ်းသွင်းခဲ့ပြီးနောက် “တစ်နှစ်အတွင်း  လွတ်လပ်ရေး ရစေရမယ်” ဆိုသော ကတိပြုချက်ဖြင့် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကြီး၌ သူ၏  ဖဆပလ အဖွဲ့ဝင် အမတ်အားလုံးကို အနိုင်ရရှိစေခဲ့သည်။

 

ယခု အတွင်းဝန်များရုံးဖဆပလအတိုင်ပင်ခံအစိုးရအဖွဲ့ အစည်းအဝေးသို့ ကားဖြင့်သွားနေစဉ်တွင် ဗိုလ်ချုပ်သည် အထက်ပါ သူ၏ကြိုးပမ်းမှုများကို ပြန်လည်စမြုံ့ပြန်မိရင်း “တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေရမယ်” ဟူသော ကတိ ကို အကောင်အထည် မည်သို့ဖော်ရမည်ကို စဉ်းစားလာပေ လိမ့်မည်။

 

ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံလွတ်လပ်ရေးကိုသာ အချိန်မလပ်စဉ်းစားကြံစည်နေသူဖြစ်သောကြောင့်လည်း ထိုအချိန် ထိုအခါသမယက သူ၏အသက်အန္တရာယ်ကို တိုင်းပြည်သစ္စာဖောက်လူတစ်စုက သဲသဲမဲမဲ ကြိတ်၍ အကြံကြီး ကြံစည်နေကြသည်ကို လုံးဝဂရုမစိုက်ခဲ့မိချေ။ ထိုကဲ့သို့ကြံစည်နေကြခြင်းကို ဗိုလ်ချုပ်မသိ၍တော့ မဟုတ်။ ဗိုလ်ချုပ်နှင့်တကွ ဝန်ကြီးများအား သတ်ဖြတ်ရန် ကြံစည် နေကြကြောင်း အစီရင်ခံစာတွေ အကြိမ်ကြိမ်ရခဲ့ဖူးသော် လည်း ဗိုလ်ချုပ်က “ကျွန်တော်တို့လို စေတနာသန့်သန့် ရှင်းရှင်းနဲ့ အဘက်ဘက်က စင်ကြယ်တဲ့လူတွေကို သတ်မယ်ဆိုတာ မဟုတ်နိုင်ပါဘူး။ ကျွန်တော်တို့ကိုသတ်ရင် တစ်နိုင်ငံလုံးက အုံကြွပြီး သူတို့ကို မသတ်ဘဲနေပါ့မလား။ ကျွန်တော်တို့က လူထုအစိုးရပါ” ဟု ပြန်ပြောခဲ့ဖူး၏။

 

ဗိုလ်ချုပ်သည် တိုင်းပြည်အပေါ်ဝယ်ထားရှိသော မိမိ စေတနာကို ယုံကြည်သူဖြစ်ရာ မိမိအသက်ကို မကြံစည် တန်ရာဟူ၍ ယုံမှတ်ခဲ့လေသည်။ သို့သော် ဗိုလ်ချုပ်က  တိုင်းပြည်ကို သစ္စာရှိသလောက် တိုင်းပြည်ကိုသစ္စာမဲ့တဲ့ သူတို့လည်း ရှိလေသည်။ ထိုသူတို့သည် လွတ်လပ်ရေး၏ မီးရှူးတန်ဆောင်ဖြစ်သော ဗိုလ်ချုပ်ကို ချေမှုန်းသတ်ဖြတ် လိုကြသည်။ သဲကြီးမဲကြီးကြိတ်၍ ကြံစည်ခဲ့ကြသည်။

 

ဗိုလ်ချုပ် အစည်းအဝေးသို့ ရောက်ရှိချိန်နှင့် မရှေး မနှောင်းမှာပင် အင်းလျားကန်စောင်း အေဒီလမ်းထဲမှ မောင်းထွက်လာသော အာစီ ၁၈၁၄ အမှတ်တပ် အစိမ်း ရောင် ဂျစ်ကားတစ်စီးသည် အတွင်းဝန်များရုံးဘက်ဆီသို့ ဦးတည်မောင်းနှင်လာလေသည်။ အဆိုပါ ဂျစ်ကားထဲတွင် ဂဠုန်ဦးစော၏ သြဇာခံဖြစ်သော လူသတ်သမားငါးဦးတို့ စီးနင်းလိုက်ပါလာကြ၏။ သူတို့သည် မိုးကာအင်္ကျီ ကိုယ်စီခြုံထားကြပြီး အတုန်လှုပ်ဆုံးမျက်နှာများနှင့် သူတို့သွားမည့်နေရာကို စိတ်စောနေကြပုံရ၏။ ရက်စက်ခြင်း၊ ကြမ်းကြုတ်ခြင်း၊ ရိုင်းစိုင်းခြင်းတည်း ဟူသော လက္ခဏာဆိုးများ ယှက်သန်းနေသည်။ သူတို့ မျက်နှာထားများ မှာလည်း ပိုမိုခက်တေရာနေ၏။

 

စောစောက တဖွဲဖွဲရွာ စွေနေသောမိုးသည် တစ်စတစ်စနှင့် သည်းထန်လာလေပြီ။

 

အကယ်စင်စစ် မြေအစ မိုးအဆုံး ညှိုးချိုး ရိုက်ဟည်း ငိုညည်းသံဝေရမည့် အချိန်သို့ ရောက်လာ နီးလာပြီ ဖြစ်သတည်း။

 

အစည်းအဝေး စတင်ကျင်းပကြပြီ

 

ဤကဲ့သို့ အစိမ်းရောင်ဂျစ်ကားဖြင့် လူသတ်သမား ငါးဦးတို့က အတွင်းဝန်များရုံးဘက်သို့ ရှေးရှုလာနေ ကြစဉ် အချိန်မှာပင် အတွင်းဝန်များရုံးထဲရှိ ဗိုလ်ချုပ် အောင်ဆန်း၏ အစည်းအဝေးခန်းမထဲ၌လည်း ဗိုလ်ချုပ်နှင့်တကွ အပေါင်းပါခေါင်းဆောင်ကြီးများသည် အမှုဆောင်အဖွဲ့ဝန်ကြီးများအစည်းအဝေးကို စတင် ကျင်းပနေဆဲဖြစ်၏။

 

ဗိုလ်ချုပ်အောင်ဆန်း၏ အစည်းအဝေးခန်းမဆောင်သည် အတွင်းဝန်များရုံး၏ အနောက်ဘက်ဆောင်တွင် ရှိသည်။ အစည်းအဝေးစားပွဲသည် ခန်းမဆောင်၏ တောင်ဘက်ကျကျတွင်ရှိသည်။ ဗိုလ်ချုပ်သည် စားပွဲထိပ်၌ နေရာယူပြီး ဗိုလ်ချုပ်၏ ဘယ်ဘက်တွင် ဦးဘ ဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြ၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းတို့ ထိုင်ကြသည်။ ညာဘက်တွင် သခင် မြ၊ ဦးရာဇတ်၊ ဦးဘဝင်း၊ ဦးဘချို တို့ထိုင်ကြသည်။ အမှု ဆောင်အဖွဲ့၏ အတွင်းဝန်ဦးရွှေဘော်၊ သယ်ယူပို့ဆောင်ဌာန ဒုအတွင်းဝန် ဦးအုန်းမောင်တို့လည်း အစည်း အဝေး၌ကူညီရန် အဆင်သင့်ရှိကြသည်။

 

အစည်းအဝေးစားပွဲကြီးမှာ စားပွဲရှည်သုံးခုကို ထောင့်ချိုး(ဂ)ပုံသဏ္ဌာန် သုံးဖက်ပိတ်၍တစ်ဖက်ဖွင့်ပြီး ဆက်ထားခြင်းဖြစ်၏။ ထိပ်ဆုံးစားပွဲ၏အလယ်၌ ဗိုလ်ချုပ်အောင်ဆန်း နေရာယူထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်၏ ဘယ်ဘက်တွင် ထိုင်နေသော လမ်းပန်းအဆောက်အအုံနှင့် ပြန်လည်ထူထောင်ရေးဌာနဝန်ကြီး ဦးဘဂျမ်းသည် ဗိုလ်ချုပ်မျက်နှာကို မကြာခဏ အကဲခတ်လျက်ရှိ၏။ ထိုနေ့က ဝန်ကြီး ဦးဘဂျမ်းသည် နေထိုင် မကောင်းလျက်နှင့် သတင်းထူးတစ်ခုကို ဝန်ကြီးများ  အစည်းအဝေးတွင် တင်ပြချင်လွန်းသဖြင့် ကြိုးစား၍ တက်ရောက်လာခြင်းဖြစ်၏။

 

လွတ်လပ်ရေးကို အသက်သွေးစတေးပေးခဲ့

 

ထိုသတင်းထူးကား အခြားမဟုတ်၊ ဂဠုန်ဦးစော တို့အဖွဲ့သည် ဘရင်းဂန်း အလက် ၂၀၀ ကို စစ်တပ်မှ မလိမ့်တပတ်လုပ်၍ ထုတ်ယူသွားပြီး လက်နက်ဖြင့် အာဏာသိမ်းရန် ကြံစည်နေသည့် သတင်းပင်တည်း။ ဝန်ကြီး ဦးဘဂျမ်းသည် ထိုနေ့က အစည်းအဝေး၌ ထိုသတင်းကို ဖွင့်ပြောမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်၏။ သို့သော် သူ၏အကြံအစည်မှာ နောက်ကျသွားလေပြီ။

 

အတွင်းဝန်များရုံးမှ နာရီသည် ၁၀ နာရီခွဲတွင် ပြလျက်ရှိပြီ။ ထိုအချိန်မှာပင် အမှတ် ၁၂ တပ်မတော် ယူနီဖောင်းအစိမ်း၊ ခြင်္သေ့ပခုံးချိတ်၊ ဆောင်းဦးထုပ်ဆင်ထားသော လက်နက်ကိုင် လူ လေးယောက် တို့သည်အော်တိုမက်တစ် မောင်းပြန်စစ်သေနတ်များကို အဆင်သင့်ကိုင်လျက် ဗိုလ်ချုပ်တို့အစည်းအဝေးခန်းမထဲ သို့ လှေကားမှ အပြေးတက်လာကြ၏။ ထို့နောက် အခန်းတွင်းသို့ ဝင်မည် ပြုသည်။ မင်းစေ မောင်သောင်းက အခန်းဝမှတား၏။ လက်နက်ကိုင် လူသတ်သမားတို့၏ မျက်နှာများသည် သုန်မှုန်နေသည်။ မင်းစေကို သေနတ်နှင့် ချိန်သည်။ တွန်းဖယ်ပစ်သည်။ ထို့နောက် အစည်း အဝေးခန်းတံခါးကို တွန်းဖွင့်၍ အခန်းတွင်းသို့ ဇွတ် အတင်း ပြေးဝင်သွားကြ၏။

 

ဗိုလ်ချုပ်သည် လူသတ်သမားများကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဖြုန်းခနဲထ၍ မတ်တပ်ရပ်လိုက်သည်။ တစ်ချိန်တည်းမှာပင်သေနတ်သံများ တစ်ခဲနက် ဆူညံသွားကာ ကျည်ဆန်တို့သည် အစည်းအဝေးခန်း အတွင်းရှိဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဝန်ကြီးခြောက် ဦးတို့၏ ကိုယ်တွင် အနှံ့အပြား ဖောက်ထွင်းဝင်ကုန်ကြ သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လူမသမာတို့ ပစ်ခတ်လိုက်သော သေနတ်ဒဏ်ရာ ၁၃ ချက်ဖြင့် ထိုနေ့ ထိုနေရာမှာပင် ကျဆုံးခဲ့ရလေသည်။

 

ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများသည် သူတို့ ရည်မှန်းခဲ့သော လွတ်လပ်ရေးကြီးကို သူတို့ အသက် သွေးဖြင့် စတေး၍ ပေးအပ်ခဲ့ခြင်းပင်ဖြစ်သတည်း။

ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးနေ့။

ရန်ကုန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ထိန်းသိမ်း ရေးကော်မတီ၊ ၁၉၆၃။ စာ ၃