၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ကော်ဇောနီပေါ်လျှောက်လှမ်းခဲ့တဲ့ တေလာဆွစ်

၂၃ မေ

 

ကျော်ကြားတဲ့ အမေရိကန်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဟာ အနုပညာနဲ့ ပတ်သက်တဲ့ အခမ်းအနားတွေရဲ့ ကော်ဇောနီပေါ် ပါဝင်လျှောက်လှမ်းခဲ့ခြင်း မရှိတာ နှစ်နှစ်ခန့်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ လတ်တလော မှာကျင်းပခဲ့တဲ့ နိုင်ငံတကာ တေးဂီတထူးချွန်ဆုပေးပွဲတစ်ပွဲဖြစ်တဲ့ “Billboard Music Awards”ဆုပေးပွဲမှာတော့ ကော်ဇောနီပေါ်ပါဝင်လျှောက်လှမ်းခဲ့တာကို တွေ့ရကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ မေ ၂၀ ရက်မှာတော့ လတ်စ်ဗီးဂတ်စ်မှာ ကျင်းပခဲ့တဲ့ယခုနှစ်ရဲ့ “Billboard Music Awards”ဆုပေးပွဲကို တေလာဆွစ်က တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အခမ်းအနားတွေကို မတက်ရောက်ခဲ့တာအတော်ကြာခဲ့ပြီဖြစ်ပြီး ယင်းဆုပေးပွဲကြီးမှာ တက်ရောက်မယ့်အကြောင်း ကြိုတင်ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိတာကြောင့် ဆုပေးပွဲနေ့မှာ ကော်ဇောနီပေါ်လျှောက်လှမ်းလာတဲ့ တေလာဆွစ်ကို အများကအံ့အားသင့်ခဲ့ရပါတယ်။ ဒါ့အပြင် ယခုနှစ်မှာတော့ တေလာဆွစ်ဟာ ယခင်နှစ်တွေကနဲ့မတူတဲ့ ဖက်ရှင်ဒီဇိုင်းနဲ့ ပွဲတက်လာတာကိုလည်း တွေ့ရပါတယ်။

 

ဒီနှစ်မှာတော့ တေလာဆွစ်ဟာ မရန်းဖျော့ရောင်ဂါဝန်ရှည်ကို ဝတ်ဆင်လာတာပါ။ ရှည်လျားလွန်းတဲ့ဂါဝန်ကို ရှေ့ခြမ်းမှာ ပေါင်ရင်း ရောက်သည်အထိ ခွဲထားတာကိုတွေ့ရပြီး ဇာပန်းပွင့်တွေနဲ့ အလှဆင်ဖန်တီးထားတာကိုလည်း တွေ့ရပါတယ်။ ဆံပင်ကိုတော့ စည်းထားပြီး သူ့ရဲ့ အမှတ်အသားတစ်ခုလိုဖြစ်နေတဲ့ နှုတ်ခမ်းနီရဲရဲကိုတော့ ဆိုးလာတာတွေ့ရပါတယ်။

 

ယခုနှစ်ရဲ့ “Billboard Music Awards” ဆုပေးပွဲကြီးမှာတော့ တေလာဆွစ်ဟာ ဆုငါးဆုအတွက် အမည်စာရင်းတင်သွင်းဖော်ပြခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် မေ ၂၀ ရက်ညမှာတော့ တေလာဆွစ်ဟာ ယခုနှစ်ရဲ့ “အမျိုးသမီးတေးသံရှင်”ဆုကို သိမ်းပိုက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီထူးချွန်ဆုကို လက်ခံရယူအပြီး အမှတ်တရစကားပြောကြားချိန်မှာ တေလာဆွစ်က လတ်တလော ပြုလုပ်နေတဲ့ သူ့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေမှာ သူနဲ့လက်တွဲကာ ဖျော်ဖြေကူညီခဲ့ကြတဲ့ အမျိုးသမီးတေးသံရှင်တွေကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။


အေးပြည့်