၂၀၁၅ ခုနှစ် ရာသီဥတုဆိုင်ရာ ပါရီသဘောတူညီမှုကို အကောင်အထည်ဖော်ဆောင်ရန် စည်းမျဉ်းများချမှတ်

ကုလသမဂ္ဂရာသီဥတုဆိုင်ရာဆွေးနွေးပွဲတွင် ပါဝင်ကြသည့် နိုင်ငံများက ၂၀၁၅ ခုနှစ် ပါရီသဘောတူညီမှု တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရန် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး သဘော တူညီခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။ 

ပိုလန်နိုင်ငံ မြို့တော်ကာတိုဝိုက်စ်၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပသည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံများက ၂၀၁၅ ခုနှစ် ရာသီဥတုဆိုင်ရာ ပါရီသဘောတူညီ မှု တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်မည့် စည်းမျဉ်း စည်းကမ်းများသတ်မှတ်မှုကို တညီတညွတ်တည်း ထောက်ခံ ခဲ့ကြသည်။ 

ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် နိုင်ငံအားလုံးက ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို လျှော့ချပစ်ရန် ကြိုးပမ်း ချက်များနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက် များကို အစီရင်ခံစာတစ်ရပ် တင်သွင်းရန် လိုအပ်ကြောင်း ၎င်းတို့သဘောတူညီခဲ့ကြသည့် စည်းမျဉ်းစည်းကမ်းထဲတွင် ပါရှိသည်။ 

အဆိုပါအချက်အလက်ဆိုင်ရာ ပထမဆုံး အစီရင်ခံစာတစ်ရပ်ကို နိုင်ငံအားလုံးအနေဖြင့် ၂၀၂၄ ခုနှစ်မကုန်မီ တင်သွင်းရမည်ဖြစ်သည်။ ယင်းသို့သတ်မှတ် ခြင်းသည် စက်မှုထွန်းကားသောနိုင်ငံများ၏ အခန်းကဏ္ဍ ကို ပိုမိုပါဝင်လာစေသည်။ 

ထို့ပြင် စက်မှုထွန်းကားသော နိုင်ငံများက ၎င်းတို့ အနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ဘဏ္ဍာရေးအထောက်အပံ့မည်မျှ ကူညီထောက်ပံ့မှုပေးသလဲဆိုသည့် အစီရင်ခံစာတစ်ရပ်ကို ကုလသမဂ္ဂအဖွဲ့သို့ နှစ်စဉ်တင်သွင်းရမည်ဖြစ်သည်။ 

ကျွန်းနိုင်ငံများနှင့် အချို့သောနိုင်ငံများက ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချပစ်ရန် ယခုထက်သာမက အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရန် ဆန္ဒရှိသော်လည်း အစည်းအဝေးသို့တက်ရောက်ကြ သည့် နိုင်ငံများက စည်းမျဉ်းစည်းကမ်းများကိုသာ ချမှတ်နိုင် ခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် သဘောတူညီခဲ့ကြသည့် စည်းမျဉ်းစည်းကမ်းများသည် ၂၀၂၀ ပြည့်နှစ်တွင် စတင် အသက်ဝင်မည်ဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှုကို ရာသီဥတု ဆိုင်ရာ ပါရီသဘောတူညီချက်နှင့်အညီ အတူတကွ ပူးပေါင်းဖြေရှင်းကြရန် အစည်းအဝေးတက်ရောက်ကြသည့် နိုင်ငံများက ထပ်မံအတည်ပြုခဲ့ကြကြောင်း သိရသည်။

 အေအက်ဖ်ပီ