၂၀၁၇ ခုနှစ် ပခုက္ကူ ဦးအုန်းဖေစာပေဆု ရရှိထားသူ စာရေးဆရာ အကြီးကိုကို (ကသာ) ၏ “လူငယ်တွေအတွက် အောင်မြင်မှုအတွေးစကား(၆၆)” စာအုပ် မိတ်ဆက်

ရန်ကုန် ၂၁ စက်တင်ဘာ 

 

ဆောင်းဆုရတီ စာပေတိုက်ကနေ စတင်ထုတ်ဝေမည့် စာရေးဆရာကြီး ကိုကို(ကသာ)၏ ပြည်သူ့နီတိ ပုံစံအဖြစ် ရေးသားထားသော “လူငယ်တွေအတွက် အောင်မြင်မှု အတွေးစကား (၆၆)” စာအုပ်ကို စက်တင်ဘာ ၁၇ ရက်က မိတ်ဆက်ခဲ့ပြီး ဆရာကြီးသည် ၂၀၁၇ ခုနှစ် ပခုက္ကူ ဆရာဦးအုန်းဖေစာပေဆု ရရှိခဲ့သည့်အပြင် စာအုပ်ပေါင်း(၇)အုပ် ရေးသားထားကြောင်း သိရသည်။ 

 

"ကျွန်တော် စာရေးဆရာ တစ်ယောက်အဖြစ် မခံယူခင်က ကျွန်တော်က စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဆိုလည်း မမှားပါဘူး၊ ကျွန်တော် အကြီးကိုကို (ကသာ) ဆိုပြီး ကလောင်ဖြစ်လာတာကတော့ ကျွန်တော်က အသက် (၄၀) ကျော်မှ အိမ်ထောင်ကျတာကို အိမ်ထောင်ကျပြီး သားတစ်ယောက်၊ သမီးတစ်ယောက်ထွန်းကားတယ်၊ ကျွန်တော်သားလေးကို ကျွန်တော် အရမ်းချစ်တယ်ဗျာ၊ အခုသားက အရွယ်ရောက်လာတော့ သူ့ကို ပညာတက်တစ်ယောက် ဖြစ်စေချင်တယ်၊ လိမ္မာစေချင်တယ်၊ သူ့ကိုစာများများ ဖတ်စေချင်တာကြောင့် ကျွန်တော် စာရွက်အလွတ်လေးတွေပေါ်မှာ ဖခင်တစ်ယောက်ရဲ့ ဆုံးမစာလေးတွေ ရေးရင်းရေးရင်းကနေ၊ နောက်ပိုင်း ကျွန်တော်စာအုပ်လေးတစ်အုပ် ထုတ်ဖို့အထိ အကြောင်းဖန်လာတယ်၊ အဲ့တော့ ကျွန်တော်ကလေးတွေအတွက် စာအုပ်လေးတစ်အုပ်ကို ပထမဆုံး " သားဖတ်ဘို့စာ" အဖြစ် ဆောင်းစုရတီစာပေတိုက်မှာ ပထမဆုံး ထုတ်ဝေခဲ့ပါတယ်၊ အဲ့စာအုပ်လေးမထုတ်ခင် ကျွန်တော်အကြောင်းအရာလေးတွေ ရှာဖွေတဲ့အခါ ကျွန်တော်ကိုယ်တိုင် မိဘအပေါ်အရမ်းဆိုးခဲ့တယ်။ အဲ့လိုအချိန်မှာ ကျွန်တော် စာအုပ်လေးတစ်အုပ် ဖတ်ဖြစ်ခဲ့တယ် စာရေးဆရာကြီး ချစ်စံဝင်းရဲ့ "အမေနဲ့ အမေအကြောင်း" စာအုပ်လေးကို ကျွန်တော် ဖတ်ဖြစ်ခဲ့တယ်။ အဲ့အချိန်က ကျွန်တော်အသက် (၃၆) နှစ်ရှိပြီ စာအုပ်လေးဖတ်ခဲ့ပြီးကတည်းက မိဘတွေအပေါ်ကို လုပ်ကိုင်ကျွေးမွေးချင်စိတ်၊  ပြုစုချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ကျွန်တော်အိမ်ထောင်ကျပြီး ကျန်းမာရေးက မကောင်းတဲ့အချိန် သားအတွက် စာလေးတွေ ရေးရင်းရေးရင်းနဲ့ အခုတော့ စာတွေကို အတွေးကနေ ပေါ်လာတာနဲ့ ချက်ချင်း ချရေးဖြစ်ခဲ့တာပါဘဲ" ဟု ပြောသည်။ 

 

၎င်းစာအုပ်အပြင် ၂၀၁၇ ခုနှစ်ကနေ ဆက်တိုက်ထုတ်ဝေခဲ့ရာ " မြန်မာလူငယ်များ မအောင်မြင်ရခြင်း အကြောင်းများနှင့် လူငယ်တွေအတွက်  အောင်မြင်မှုအတွေးစကား (၆၆)”  ကို (၇)အုပ်မြောက်အဖြစ် ထုတ်ဝေခဲ့ကြောင်း သိရသည်။

 

ကိုလင်း