၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၅၀ ၌ ကျောင်းစာကြည့်တိုက်များ ဆောင်ရွက်နိုင်ခဲ့

ရန်ကုန် ၃၁ ဇန်နဝါရီ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းနှင့် ပူးပေါင်းပြီး အခြေခံပညာဦးစီးဌာန၏ ရန်ပုံငွေဖြင့်  မန္တလေး၊ ရန်ကုန်၊ နေပြည်တော်ရှိ စာသင်ကျောင်း ၁၀ ကျောင်းတွင် စာကြည့်တိုက်များကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာသင်ကျောင်းပေါင်း ၅၀ ကို ရန်ပုံငွေခွဲဝေပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရန်ကုန်တိုင်းဒေသကြီး) ဒေါ်ခင်မာဆွေက ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည့် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းက အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက် မိတ်ဆက်ပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

"စာကြည့်တိုက်က အခြေအနေအားလုံးကို ဆရာတွေ၊ ဆရာမတွေက မှတ်တမ်းယူမယ်၊ စုဆောင်းမယ်၊ ပြန်လည်ဆွေးနွေးခိုင်းမယ်၊ ဒီစာအုပ်တွေ ဖတ်နေတဲ့အတွက်ကြောင့် ကလေးတွေရဲ့ အသိဉာဏ်တွေ ဘယ်လိုတိုးတက်လာသလဲ ဆိုတာကို စူးစမ်းပေးမယ်ဆိုရင်တော့ စာကြည့်တိုက်တွေ စဉ်ဆက်မပြတ် အသက်ဝင်လာမယ် ဆိုတာကို ယုံကြည်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းစာကြည့်တိုက်ဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်များကို ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်း ၄ ကျောင်းတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဒေါ်အဝင်းက "မြန်မာနိုင်ငံက စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေကို အဖက်ဖက်ကနေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေချိန်မှာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အသိပညာ၊ အတတ်ပညာကြွယ်ဝဖို့၊ တီထွင်ကြံဆတတ်ဖို့နဲ့ စာရိတ္တတွေကောင်းမွန်ဖို့ အလွန်အရေးကြီးပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စာကြည့်တိုက်က စာအုပ်တွေ ဖတ်ရှုပြီး လူတော်လူကောင်းတွေ ဖြစ်လာဖို့ မျှော်လင့်ပါတယ်" ဟုပြောသည်။

အဆိုပါမိတ်ဆက်ပွဲတွင် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်မြတ်စမ်းငြိမ်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်နှင့် စပ်လျဉ်း၍ မိတ်ဆက်ပေးပြီး စီမံချက်လုပ်ငန်း ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါ်မိမိက စီမံချက်လုပ်ငန်း အစီအစဉ်ကို တင်ပြသည်။


ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံစာကြည့်တိုက် အသင်းအနေဖြင့် စာအုပ်များဝယ်ယူပေးပို့ခြင်း၊ စာကြည့်တိုက်ဆိုင်ရာ စာရေးကိရိယာများ ဝယ်ယူခြင်း၊ စာကြည့်တိုက်မှူးများက စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ကျောင်းများ၌ သင်တန်းပေးခြင်း၊ ကတ်တလောက်လုပ်ငန်း၊ မျိုးတူစုလုပ်ငန်းများကို ကျောင်းဆရာ၊ ဆရာမများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ ကျောင်းစာကြည့်တိုက်သုံး ကွန်ပျူတာတွင် Library software သွင်းပေးခြင်းနှင့် ထို software သို့ စာအုပ်စာရင်းသွင်းပေးခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း- မီမီဖြိုး၊ ဓာတ်ပုံ- လှမိုး