၂၀၁၈ ခုနှစ်အတွင်း အစ္စရေးလူဦးရေ ကိုးသန်းပြည့်ရန် နီးကပ်လာ

ဂျေရုဆလင် ၂ ဇန်နဝါရီ  

အစ္စရေးနိုင်ငံ၏လူဦးရေသည် ၂၀၁၈ ခုနှစ် ကုန်ဆုံးချိန်တွင် ၈ ဒသမ ၉၇ သန်းရှိခဲ့ပြီး ၂၀၁၇ ထက် နှစ်ရာခိုင်နှုန်းတိုးလာကြောင်း ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်သည့် တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းလူဦးရေထဲတွင် ဂျူးလူမျိုး ၆ ဒသမ ၆၇ သန်း (၇၄ ဒသမ ၃ ရာခိုင်နှုန်း)နှင့် အာရပ်လူမျိုး ၁ ဒသမ ၈၈ သန်း (၂၀ ဒသမ ၉ ရာခိုင်နှုန်း) ဖြစ်ကြောင်း အစ္စရေးဗဟိုစာရင်းအင်းဗျူရိုက ထုတ်ပြန်သည့် အစီရင်ခံစာ တွင်ဖော်ပြသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် အစ္စရေးနိုင်ငံ၏ လူဦးရေမှာ ကိုးသန်းပြည့်မည်ဟု မျှော်လင့်ရကြောင်း အဆိုပါအစီရင်ခံစာတွင် ဆက်လက်ဖော်ပြသည်။

၂၀၁၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ၌ လူဦးရေ ၁၇၃၀ဝဝ ခန့် တိုးလာခဲ့ပြီး ယင်းလူဦးရေ၏ ၈၁ ရာခိုင်နှုန်းမှာ သဘာဝအတိုင်း တိုးမြင့်လာခြင်းဖြစ်ပြီး ကျန်သည့် ၁၉ ရာခိုင်နှုန်းမှာ နိုင်ငံတကာမှ ရွှေ့ပြောင်းဝင်ရောက်လာသူများ ဖြစ်ကြသည်။

ယင်းနှစ်အတွင်း အစ္စရေးနိုင်ငံသား ၄၅၀ဝဝ သေဆုံးသွားပြီး နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့နေထိုင်သူဦးရေ ၇၀ဝဝ ရှိကာ ယင်းအရေအတွက်မှာ ၂၀၁၇ ခုနှစ်ကထက် ပိုမိုများပြားသည်။ ၂၀၁၈ ခုနှစ်အတွင်း ပြည်ပနိုင်ငံများမှ ဂျူးလူမျိုးဦးရေ ၂၇၅၀ဝ အစ္စရေးနိုင်ငံသို့ ရွှေ့ပြောင်းလာကြပြီး ယင်းတို့အနက် ၂၁၁၀ဝ မှာ ဥရောပတိုက်ရှိ နိုင်ငံများမှ ပြောင်းရွှေ့လာသူများဖြစ်သည်။

ရုရှား၊ ယူကရိန်း၊ ပြင်သစ်နှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံများမှ ဂျူးလူမျိုးများသည် အစ္စရေးနိုင်ငံသို့ အဓိကပြောင်းရွှေ့လာခဲ့ကြသည်။ 

ဆင်ဟွာ