ပုသိမ် ၂၀ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၁၉ ခုနှစ် လူရည်ချွန်စခန်း(ငွေဆောင်) ဖွင့်လှစ်နိုင်ရေး လုပ်ငန်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက တိုင်ဒေသကြီးအစိုးရအဖွဲရုံး အစည်းအဝေးခန်းမ ၂ ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ၂၀၁၉ ခုနှစ် လူရည်ချွန်စခန်း(ငွေဆောင်) ဖွင့်လှစ်နိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ၂၀၁၉ ခုနှစ် လူရည်ချွန်စခန်း (ငွေဆောင်)ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုများကို တိုင်းပညာရေးမှူး ဦးကျော်ဝင်းက ရှင်းလင်တင်ပြခဲ့သည်။

 

ထိုနောက် လူရည်ချွန် စခန်းပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ လူရည်ချွန်မောင်မယ်များ အပန်းဖြေနားနေရန် စီစဉ်ရေးကော်မတီ၊ လေ့လာရေးခရီးစဉ်နှင့် ပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဧည့်ခံဖျော်ဖြေရေး လုပ်ငန်းကော်မတီ၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာရေးလုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြပြီး  ဦးစီးကော်မတီဥက္ကဋ္ဌ ဦးသန်းဆွေဝင်းက နိဂုံးချုပ်စကား ပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

ယခုနစ် လူရည်ချွန်အပန်းဖြေစခန်းဖွင့်လှစ်ခြင်းသည်  ၇ ကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ လူရည်ချွန်စခန်း (ငွေဆောင်)ကို ၂၈-၄-၂၀၁၉ မှ ၄-၅-၂၀၁၉ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။ စခန်းဖွင့်နေစဉ်အတွင်း လူရည်ချွန်မောင်မယ်များအား ပုသိမ်မြို့တန်းခိုးကြီးဘုရားကို သွားရောက်ဖူးမြော်ခြင်း၊ ပုသိမ်ထီး/ဟာလဝါ လုပ်ငန်းလေ့လာခြင်း၊ အထည်ချုပ်စက်ရုံများကို လေ့လာခြင်း၊ ပြည်သူ့ဘဝကိုလေ့လာခြင်း၊ သဇင်ကျေးရွာတွင် ရေငန်မှရေချို ထုတ်သည်စက်ကို လေ့လာခြင်း၊ ငါးဖမ်း ငါးလှန်းလုပ်ငန်းခွင်နှင့် ယုဇနပုဇွန်သား ဖောက်လုပ်ငန်းလေ့လာခြင်း၊ ငွေဆောင်ဒေသရှိ ဟိုတယ်ကြီး ၄ ခုကိုလေ့လာခြင်း၊ လူရည်ချွန်ကြီး(၁၉၆၄-၁၉၈၈)များနှင့် တွေ့ဆုံခြင်းများကို စီစဉ်ထားကြောင်း သိရသည်။

 

မောင်မောင်မြင့်(iprd)