နေပြည်တော် ၁၁ ဧပြီ
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၉ ခုနှစ် မတ်လအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုအခြေအနေမှာ အစိုးရအလုပ်အကိုင် ၇၆၈ ဦးနှင့် ပုဂ္ဂလိက အလုပ်အကိုင် ၂၀၈၃၀၊ စုစုပေါင်း ၂၁၅၉၈ ဦးကို ခန့်ထားနိုင်ခဲ့ကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင်အနေဖြင့် မလေးရှားနိုင်ငံသို့ ၄၃၄၈ ဦး၊ စင်ကာပူနိုင်ငံသို့ ၃၂ ဦး၊ ကိုရီးယားနိုင်ငံသို့ ၈၁၄ ဦး၊ ထိုင်းနိုင်ငံသို့ ၁၆၅၉၃ ဦး၊ ဂျပန်နိုင်ငံသို့ ၅၂၇ ဦး၊ ယူအေအီးသို့ ၁၇ ဦး၊ ကာတာနိုင်ငံသို့ ၁၅ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၁၈၅ ဦး၊ မကာအိုနိုင်ငံသို့ ၃ ဦး စုစုပေါင်း ၂၂၅၃၄ ဦး စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


