၂၀၁၉ ခုနှစ် မတ်လစာမေးပွဲတွင် စတင်အသုံးပြုမည့် တက္ကသိုလ်ဝင်တန်းမေးခွန်းပုံစံသစ်ဆိုင်ရာ ပညာရေးစကားဝိုင်းကျင်းပ

ဇန်နဝါရီ ၁၀

၂၀၁၉ ခုနှစ် မတ်လစာမေးပွဲတွင် စတင်အသုံးပြုမည့် တက္ကသိုလ်ဝင်တန်း မေးခွန်းပုံစံသစ်ဆိုင်ရာ ပညာရေးစကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း၊ မြန်မာစာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ အောင်မြင့်ဦး၊ အင်္ဂလိပ်စာဌာန ပါမောက္ခဌာနမှူး ဒေါက်တာပိုးပိုး၊ သင်္ချာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာချိုဝင်း၊ သတ္တဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာသီတာလေးသွယ်၊ ဓာတုဗေဒဌာန ပါမောက္ခ ဒေါက်တာနီနီသန်းနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် အသုံးချဘောဂဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာဖြူဖြူအိတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်-

အစီအစဉ်မှူး။ ။ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မေးခွန်းပုံစံတွေ ပြောင်းလဲအသုံးပြုမယ်လို့ သိရပါတယ်။ ဘယ် ဘာသာရပ်တွေ မေးခွန်းပုံစံ ပြောင်းလဲမယ်၊ မေးခွန်းပုံစံသစ်ကို ဘာကြောင့် ပြောင်းလဲအသုံးပြုရတယ်ဆိုတာ သိပါရစေ။

ဒေါက်တာဖိုးကောင်း ။ ။ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသူ ကျောင်းသားတွေဟာ လက်ရှိအခြေအနေမှာ အလွတ်ကျက်မှတ် ဖြေဆိုမှုကို အားသန်နေတဲ့အတွက် ကျောင်းသူ ကျောင်းသားတွေ သင်ခန်းစာကို နှုတ်တိုက်အလွတ် ကျက်မှတ် ဖြေဆိုနေတာထက် သင်ယူလေ့လာဆည်းပူးထားတဲ့ ဘာသာရပ်တွေ၊ သင်ခန်းစာတွေကို ကိုယ်ပိုင် စဉ်းစားတွေးခေါ်မှု၊ ကိုယ်ပိုင်ပင်ကိုစွမ်းရည်တွေနဲ့ ပေါင်းစပ်ပြီး ဖြေဆိုနိုင်မှုတွေကို အားပေးဖို့အတွက် မေးခွန်းပုံစံတွေကို ပြောင်းလဲရတာ ဖြစ်တယ်။

အစီအစဉ်မှူး။ ။ မေးခွန်းပုံစံသစ် ပြောင်းလဲရာမှာ ဘယ်လောက်အတိုင်း အတာအထိ ပြောင်းလဲထားတယ်ဆိုတာနဲ့ ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်ခဲ့ တယ်ဆိုတာကို သိပါရစေ။

ဒေါက်တာဖိုးကောင်း။ ။ မေးခွန်းပုံစံ ပြောင်းလဲရာမှာ အလုံးစုံ ပြောင်းလဲတာမျိုး မဟုတ်ပါဘူး။ ဘာသာရပ်ပေါင်းစုံက အစဉ်အဆက် တက္ကသိုလ်ဝင်တန်း မေးခွန်းပြုစုခဲ့ကြတဲ့ ဆရာကြီး ဆရာမကြီးတွေ၊ ပညာရှင်ကြီးတွေနဲ့ ဘာသာရပ်ဆိုင်ရာ သင်ကြားရေးအဖွဲ့ အစည်းအဝေးတွေမှာ အကြိမ်ကြိမ်ဆွေးနွေးပြီး ယခင်ကတည်းက အဘက်ဘက်က စဉ်းစားချင့်ချိန် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုပြောင်းလဲတယ်ဆိုတာကလည်း တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလ အခြေအနေနဲ့ အကြောင်းအမျိုးမျိုးအပေါ် အခြေခံပြီး လိုအပ်တဲ့ အစိတ်အပိုင်းလောက်ပဲ ပြောင်းလဲတာ ဖြစ်ပါတယ်။ 

ဒီလိုပြောင်းလဲရာမှာ ကျောင်းသူ ကျောင်းသားတွေရဲ့ အားသာချက် အားနည်းချက်၊ ဆရာ ဆရာမများရဲ့ သင်ကြားမှု အတွေ့အကြုံ၊ စာစစ် အတွေ့အကြုံ၊ ဘာသာရပ်တွေရဲ့ သဘောသဘာဝ၊ ဘာသာရပ်တွေရဲ့ လိုအပ်ချက်တွေအပေါ် အစစ အရာရာချိန်ထိုးပြီး ကျောင်းသူ ကျောင်းသားတွေဘက်ကရော ဆရာ ဆရာမတွေ အတွက်ရော၊ ဘာသာရပ်တွေ အတွက်ရော အဆင်အပြေဆုံး၊ အသင့်လျော်ဆုံးနဲ့ ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်မယ့် အပိုင်းကဏ္ဍ အချို့ကိုပဲ မွမ်းမံပြင်ဆင်ပြီး ဖြည့်စွက်တာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ မေးခွန်းပုံစံ ပြောင်းလဲတဲ့အတွက် ပြဋ္ဌာန်းစာအုပ်တွေရော အပြောင်းအလဲ ရှိပါသလားရှင်။

ဒေါက်တာဖိုးကောင်း။ ။ မေးခွန်းပုံစံသစ်ကို ပြောင်းလဲပေမယ့် ကျောင်းသူ ကျောင်းသားများ၊ လေ့လာသင်ယူရမယ့် ပြဋ္ဌာန်းချက်နဲ့ သင်ခန်းစာတွေကတော့ ပြောင်းလဲမှုမရှိပါဘူး။

အစီအစဉ်မှူး။ ။ မြန်မာစာဘာသာရပ်အနေနဲ့ ထူးထူးခြားခြား ပြောင်းလဲထားတာများရှိရင် သိပါရစေ။
ဒေါက်တာအောင်မြင့်ဦး ။ ။မြန်မာစာဘာသာရပ် အနေနဲ့ လက်တွေ့ဘဝမှာ မြန်မာစာကို မှန်မှန်ကန်ကန် ဖြေနိုင်ဖို့၊ ကျောင်းသူ ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆတွေ ရှင်သန်လာဖို့နဲ့ မြန်မာစာကို ကိုယ်ပိုင်စွမ်းရည်နဲ့ မှန်မှန်ကန်ကန် ရေးသားနိုင်ဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ ပြုပြင်ပြောင်းလဲထားပါတယ်။ အဲဒီလို ပြောင်းလဲတဲ့နေရာမှာ မေးခွန်းအနေနဲ့ ခြောက်ပုဒ် မေးပါတယ်။ အရင်ကလည်း ခြောက်ပုဒ်၊ အခုလည်း ခြောက်ပုဒ်မေးပါတယ်။ အရေအတွက် မပြောင်းလဲပါဘူး။

တစ်ပုဒ်ချင်းအနေနဲ့ ဆိုရင်တော့ နံပါတ်(၁) မြန်မာသဒ္ဒါ မေးခွန်းတွေမှာ မှန်မှန်ကန်ကန်ရေးနိုင်မယ့် ရှုထောင့်ကို ဦးတည်ပြီး သဒ္ဒါလေ့ကျင့်ခန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်ပြီးတော့ မေးနိုင်အောင် ပြုပြင်ထားပါတယ်။

စာလုံးပေါင်း သတ်ပုံဆိုင်ရာ မေးခွန်း
မေးခွန်းနံပါတ်(၂)အနေနဲ့တော့ ကျောင်းသူ ကျောင်းသား၊ အခုနောက်ပိုင်းမှာ လူငယ်တွေ အမှားများတဲ့ မြန်မာစာရဲ့ စာလုံးပေါင်းသတ်ပုံ မှားယွင်းမှုကို ကာကွယ်နိုင်ဖို့အတွက် စာလုံးပေါင်း သတ်ပုံဆိုင်ရာ မေးခွန်းကို ထည့်ထားပါတယ်။ အလင်္ကာနဲ့ပတ်သက်ရင်တော့ မြန်မာစာ အရေးအသားမှာ အလင်္ကာဆိုတာ စာပေအဖွဲ့အနွဲ့ရဲ့ တန်ဖိုးပါ။ အလင်္ကာကို အရင်တုန်းကတော့ အမျိုးအစားပြောပြီးတော့ ဖြေခိုင်းတာဖြစ်တော့ ကျောင်းသူ ကျောင်းသားတွေက အလင်္ကာအမျိုး အစားကို စူးစမ်းစရာ မလိုတော့ဘူး။ အဲဒီလိုဖြစ်နေ တော့ အခုပြောင်းလဲတဲ့ မေးခွန်းမှာ အလင်္ကာ အမျိုးအမည်ကို မဖော်ပြဘဲနဲ့ ကျောင်းသူ ကျောင်းသားတွေ စာအဖွဲ့အနွဲ့တစ်ခုကိုတွေ့ရင် ဘာအလင်္ကာ အမျိုးအစားလဲဆိုတာ သူတို့ ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားပြီး ဖြေဆိုနိုင်မယ့် မေးခွန်းမျိုးဖြစ်အောင် ပြောင်းလဲထားပါတယ်။

မေးခွန်းနံပါတ်(၃)နဲ့(၄)ကတော့ စကားပြေ၊ ကဗျာ မေးခွန်းတိုနဲ့ မေးခွန်းရှည်ဖြစ်ပါတယ်။ (၃) နဲ့(၄)မှာ သိပ်ထူးထူးခြားခြား ပြောင်းလဲထားတာ မရှိပါဘူး။ မေးခွန်းတိုမှာတော့ မေးကွက်ကို နည်းနည်းချဲ့ထွင်ထားတာ ရှိပါတယ်။ ကဗျာ စာသားတွေ ဆိုလိုရင်းထည့်မေးတာမျိုး၊ စကားပြေ စာသားကို မေးခွန်းတိုထည့်မေးတာမျိုးရှိပါ တယ်။ စကားပြေ၊ ကဗျာမေးခွန်းရှည်မှာတော့ မေးခွန်းပုံစံကို ထူးထူးခြားခြား မပြောင်းပေမယ့် စစ်ဆေးအကဲဖြတ်တဲ့ နေရာမှာတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ ကိုယ်ပိုင်ရေးသားတင်ပြ နိုင်မှုကို အလေးပေးပြီး စစ်ဆေးအကဲဖြတ်သွား ို့ ဆုံးဖြတ်ထားပါတယ်။

မေးခွန်းနံပါတ်(၅)ကတော့ ရေသည်ပြဇာတ် ပါ။ ရေသည်ပြဇာတ်မှာလည်း မြန်မာစာပေမှာ ပြဇာတ်ဆိုတဲ့ စာပေအမျိုးအစားက တော်တော် အထင်ကရဖြစ်ခဲ့တဲ့ စာပေအမျိုးအစားပါ။ အဲဒီ စာပေအမျိုးအစားကို လူငယ်တွေ သိစေချင်လို့ သင်ခဲ့တာဖြစ်ပေမယ့် မူလစာမေးပွဲရဲ့ မေးခွန်း အနေအထားအရ ရည်မှန်းချက် မပေါက်မြောက် ပါဘူး။ ပြဇာတ်မှာပါတဲ့ အကြောင်းအရာလောက် ကိုပဲ အလွတ်ကျက်ပြီးတော့ ဖြေနေကြတာကို တွေ့ရတဲ့အတွက် ပြောင်းလဲတဲ့ မေးခွန်းပုံစံမှာ ပြဇာတ်သဘောသဘာဝ၊ ပြဇာတ် အတတ်ပညာ၊ ပြဇာတ်ရဲ့ အရေးအသားပိုင်းတွေပါ ထည့်မေးဖို့ ပြောင်းလဲထားပါတယ်။

အမှတ်ကိုအများဆုံးပေးထား
နောက်ဆုံးကြီးကြီးမားမား ပြောင်းလဲတယ်လို့ ပြောလို့ရမယ့် မေးခွန်းကတော့ နံပါတ်(၆)ပါ။ နံပါတ်(၆)မှာ အရင်တုန်းကတော့ စာစီစာကုံး တစ်မျိုးတည်းမေးပါတယ်။ ပေးမှတ်ကိုလည်း (၂၀) မှတ်ထိ ပေးထားပါတယ်။ ဒီလိုပေးတာကလည်း စာစီစာကုံး ဆိုတာ ကျောင်းသူ ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ အရေးအသားနဲ့ရေးစေ ချင်တဲ့အတွက်ကြောင့် အမှတ်ကို အများဆုံး ပေးထားတာပါ။ ဒါပေမယ့် ကြာလာတဲ့အခါကျတော့ စာစီစာကုံးခေါင်းစဉ်တွေကလည်း ဆင်တူယိုးမှားတွေ ဖြစ်လာတော့ ကျောင်းသူ ကျောင်းသားတွေက ကိုယ်ပိုင်ရေးသားဖို့ အားမထုတ်တော့ဘဲ အလွတ် ကျက်ပြီးတော့ ဖြေနေတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်၊ ကျောင်းသူ ကျောင်းသားတွေအတွက် စာစီစာကုံးကျက်ရတော့ အင်မတန် ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်၊ အကျိုးလည်းမရှိဘူး၊ အဲဒီဟာကို ဖြေလျော့ဖို့အတွက် အချိန်တော်တော်ကြာ ကတည်းက စဉ်းစား၊ ပညာရှင်ကြီးတွေနဲ့လည်း တိုင်ပင်ပြီးတော့ လုပ်ခဲ့တာပါ။ အခုနံပါတ် (၆)မှာ အမှတ်(၂၀)ပေးတဲ့ စာစီစာကုံးကို (၁၀)မှတ် လျှော့လိုက်မယ်။

နောက်(၁၀)မှတ်အတွက်ကိုတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆနဲ့ လွတ်လွတ်လပ်လပ် ရေးနိုင်တဲ့သူတို့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်  Decision Making အတွက်ပါ အကျိုးပြုနိုင်တဲ့အဆို ဆွေးနွေးမေးခွန်းကို (၁၀)မှတ်ဖိုးအနေနဲ့ ထည့်မေးထားတာပါ။

ဒီနေရာမှာ တစ်ခုပြောချင်တာက စာစီစာကုံးမှာလည်းပဲ (၁၀)မှတ်ပေးပြီးတော့ ပုံကြမ်းအချက် အလက်ကို ငါးချက်ပဲပေးမှာ ဖြစ်ပါတယ်။ အဲဒီ ငါးချက်အတိုင်းပဲ ရေးရမှာဖြစ်ပြီးတော့ ပုံကြမ်းတစ်ချက်ကို နှစ်မှတ်နှုန်းနဲ့ အကဲဖြတ်သွားမှာ ဖြစ်ပါတယ်။ အလွတ်ကျက်ပြီးတော့ ပုံကြမ်းကို မလိုက်နာဘဲနဲ့ အလွတ်ကျက်ထားတာကို လျှောက်ရေးနေရင်တော့ အမှတ်မရနိုင်ပါဘူး။ အဲဒီလိုဖြစ်တဲ့အတွက် ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ဒီအချက်ကို သတိထားဖို့ လိုပါလိမ့်မယ်။ ပေးထားတဲ့ ပုံကြမ်းအချက်အလက် ငါးချက်အတိုင်းပဲ အချက်တစ်ချက်ကို စာတစ်ပိုဒ်နှုန်းနဲ့ စာပိုဒ်ငါးပိုဒ် ဖြေဖို့ ဆွေးနွေးထားပါတယ်။

မြန်မာစာမေးခွန်း
အဆိုဆွေးနွေး မေးခွန်းမှာလည်း ဒီအတိုင်းပါပဲ။ ပေးထားတဲ့ အဆိုတစ်ခုကို ကျောင်းသူ ကျောင်းသားတွေက ကိုယ်ရပ်တည်တဲ့ ဘက်က ပေးထားတဲ့ အကြောင်းအရာပေါ်မှာ သဘောကျရင်လည်း ထောက်ခံတဲ့ဘက်က ရပ်တည်၊ သဘောမကျရင်လည်း ကန့်ကွက်တဲ့ဘက်က ရပ်တည်ပြီးတော့ သူတို့ရဲ့ အတွေးအခေါ် အယူအဆအတိုင်းရေးဖို့ ကျွန်တော်တို့ ခွင့်ပေးထားပါတယ်။ ဖြေဆိုမယ့် ပမာဏကတော့ စာပိုဒ်လေးပိုဒ်ပဲ လျာထားပါတယ်။ ပထမတစ်ပိုဒ်မှာတော့ အဆိုအပေါ်မှာ သူတို့ရဲ့ အမြင်သဘောထား၊ ထောက်ခံချင်သလား၊ ကန့်ကွက်ချင်သလား၊ အောက်နှစ်ပိုဒ်ကတော့ ကန့်ကွက်ချင်ရင်လည်း ကန့်ကွက်တဲ့ အကြောင်း ရင်းတွေကို စာနှစ်ပိုဒ်ရေးပြီးတော့မှ နောက်ဆုံး စတုတ္ထပိုဒ်မှာတော့ ဘာကြောင့်ဒီအဆိုကို ကန့်ကွက်ရတယ်။ ဒါမှမဟုတ် ထောက်ခံရတယ်ဆိုတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ နိဂုံးချုပ်ဖို့ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာစာမေးခွန်း အနေနဲ့တော့ ပြောင်းလဲမှုက မများဘူးလို့လည်း ပြောလို့ရတယ်။ များတယ်လို့လည်း ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ ကိုယ်ပိုင်ရေးသား တင်ပြနိုင်မယ့် ကိုယ်ပိုင်အစွမ်း အစကို ပြနိုင်မယ့်ဘက်ကို တော်တော်လေး ဦးတည်ထားတာဖြစ်တဲ့အတွက် ဆရာ ဆရာမတွေအနေနဲ့ ကြိုတင်ပြင်ဆင်ပြီးတော့ လေ့ကျင့်သင်ကြားထား ဖို့လိုပါတယ်။ မြန်မာစာဘာသာရပ်အနေနဲ့တော့ ကိုယ့်မြန်မာစာ၊ မြန်မာစကားကို လေးစားတန်ဖိုး ထားနိုင်အောင်၊ လက်တွေ့ဘဝမှာလည်း အကျိုးရှိရှိ သုံးလာနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုပြင်ပြောင်းလဲထားတာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ အင်္ဂလိပ်စာ ဘာသာရပ်အနေနဲ့ ထူးခြားမှုတွေကို သိပါရစေ။

ဒေါက်တာပိုးပိုး ။ ။ အင်္ဂလိပ်စာ ဘာသာရပ် အနေနဲ့ဆိုရင် ကျောင်းသူ ကျောင်းသားတွေအလွတ် ကျက်မှတ်မှုကို လျော့နည်းစေပြီး သူတို့ရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ ပြောဆိုရေးသား ဆက်သွယ်နိုင်မယ့် စွမ်းရည်တွေ တိုးတက်လာဖို့ ရည်ရွယ်ချက်နဲ့ အပြောင်းအလဲ အနည်းငယ်လုပ်ထားတာရှိပါတယ်။ အဲဒီလို ပြောင်းလဲတဲ့အခါ ခုနက ပြောသလိုသင်ခန်းစာ ပြဋ္ဌာန်းစာအုပ်ကို ပြောင်းမှာမဟုတ်ပါဘူး။ မေးခွန်းကိုလည်း အရင်အတိုင်း ကိုးပုဒ်ပဲ မေးမှာပါ။ မေးခွန်းတစ်ပုဒ်စီအတွက် ပေးထားတဲ့အမှတ်တွေ ကိုလည်း ပြောင်းလဲမှာ မဟုတ်ပါဘူး။

ပြောင်းလဲမှုကို နှစ်ပိုင်းခွဲပြီး ပြောပါမယ်။ ပထမတစ်ခုက နည်းနည်းကြီးကြီးမားမား ပြောင်းလဲမှုပါ။ အဲဒါကတော့ နံပါတ်(၃)နဲ့ နံပါတ်(၅)မှာဖြစ်ပါတယ်။ နံပါတ်(၃)မှာဆိုရင် ကွက်လပ်ဖြည့်စာကြောင်း (၁၀)ကြောင်း ပေးထားတယ်။ အဲဒီအထဲမှာ ကွက်လပ်ဖြည့် ငါးကြောင်းကတော့ သင်ခန်းစာထဲက၊ ကဗျာထဲက ကွက်လပ်ဖြည့် ငါးကြောင်း ဖြစ်ပါတယ်။ အခုတော့ နံပါတ် (၃)ကို A နဲ့ B ဆိုပြီး နှစ်ပိုင်းဖြစ်ပါတယ်။ A အပိုင်းမှာတော့ အပြောင်းအလဲရှိပါတယ်။ အပြောင်းအလဲက အရင်တုန်းက ကျောင်းသားတွေက သင်ခန်းစာထဲက စာအကြောင်းအရာတွေကို ကျက်မှတ်ပြီး ကွက်လပ်ဖြည့်ဖြေရတာ ဖြစ်ပါတယ်။ အခုကတော့ ကျက်မှတ်စရာ မလိုတော့ပါဘူး။ ကျက်မှတ်ရတဲ့ မေးခွန်းမျိုး မဟုတ်တော့ဘဲနဲ့ သူတို့လေ့လာ သိရှိထားတဲ့ သင်ခန်းစာထဲမှာပါတဲ့ ဝေါဟာရတွေကို ပြန်ပြီးတော့ အသုံးချတတ်မယ့် မေးခွန်းမျိုးပါ။ ရွေးချယ်ရတဲ့ မေးခွန်းမျိုး ငါးပုဒ် မေးပါမယ်။ B အပိုင်းကတော့ အရင်တုန်းကလိုပဲ ကဗျာထဲက ကွက်လပ်ဖြည့်ကတော့ ပြောင်းလဲမှုမရှိပါဘူး။

နောက်တစ်ခု အပြောင်းအလဲကတော့ နံပါတ် (၅) ပါ။ မေးခွန်းနံပါတ် (၅) မှာ အရင်တုန်းက သင်ခန်းစာ ထဲကပါတဲ့ စာပိုဒ်တစ်ပိုဒ်ကို ပေးထားပြီးတော့မှ ဒီစာပိုဒ် ကိုဖတ်ပြီးတော့ သူတို့ရဲ့ နားလည်နိုင်စွမ်းနဲ့ မေးခွန်းတွေ ပြန်ဖြေရတာပါ၊ ဒါပေမယ့် အဲဒီလိုလုပ်တဲ့အခါ ကျောင်းသူ ကျောင်းသားတွေက ပြဋ္ဌာန်းစာအုပ်ထဲမှာပါတဲ့ သင်ခန်းစာတွေကို အလွတ်ကျက်မှတ်ပါတယ်။ အဲဒီလို ကျက်မှတ်မှုကို လျော့နည်းသွားအောင် သူတို့ရဲ့ စာကိုဖတ်ပြီးတော့ နားလည်နိုင်တဲ့ စွမ်းရည်ကို တကယ်စစ်ဆေးတဲ့ မေးခွန်းမျိုးဖြစ်အောင် ကျောင်းသူ ကျောင်းသားတွေရဲ့ အဆင့်နဲ့ကိုက်ညီတဲ့ စာပိုဒ် တစ်ပိုဒ်၊ သူတို့ မဖတ်ဖူးသေးသော စာပိုဒ်တစ်ပိုဒ်ကို ပေးထားမယ်။ အဲဒီအပေါ်မှာ မူတည်ပြီး မေးခွန်း ငါးပုဒ်ကို ကျောင်းသူ ကျောင်းသားများ ဖြေပေးရမှာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲတာကလည်း ကျောင်းသူ ကျောင်းသားတွေ အလွတ်ကျက်မှတ်မှု လျော့နည်းပြီး စာကိုဖတ်ပြီး တကယ် နားလည်နိုင်စွမ်းရှိလာအောင် ရည်ရွယ်ချက်နဲ့ ပြောင်းလဲတာ ဖြစ်ပါတယ်။

နောက်တစ်ပိုင်းက လုံးဝပြောင်းလဲတာ မဟုတ်ဘဲ အနည်းငယ် ပြောင်းလဲပြုပြင် မွမ်းမံထားတာရှိပါတယ်။ အဲဒါကတော့ နံပါတ် (၂)ရယ်၊ နံပါတ် (၄)ရယ်၊ နံပါတ်(၈)ရယ်၊ နံပါတ်(၉)ရယ် ဖြစ်ပါတယ်။ နံပါတ်(၂) က ဖတ်စာအုပ်ထဲက စာပိုဒ် တစ်ပိုဒ် ပေးထားတယ်။ ကွက်လပ်(၂၀)အတွက် ဖြည့်ရမယ့် စကားလုံး(၂၀) ပေးထားတယ်။ ခုချိန်မှာတော့ သူတို့အတွက် ကွက်လပ် ဖြည့်ရမယ့် စကားလုံးကိုပိုပြီးတော့ (၂၅)လုံးပေးထား မယ်၊ ပိုပြီး စဉ်းစားစေချင်လို့ပါ။

နံပါတ်(၄)မှာကတော့ အရင်တုန်းကလို သမားရိုးကျ ပုံသေမေးခွန်းမျိုး မမေးတော့ဘဲနဲ့ အရင်တုန်းက ရွေးချယ်စရာ ပေးထားတယ်။ ခုတော့ ရွေးချယ်စရာ မပေးတော့ဘဲနဲ့ မေးခွန်း ငါးပုဒ်မေးမယ်၊ အဲဒီမေးခွန်း ငါးပုဒ်ကိုပဲ ဖြေဆိုပေးရမှာ ဖြစ်ပါတယ်။

စာလုံးရေကန့်သတ်ထား
နောက်နံပါတ် (၈)ကတော့ Letter Writing ပါ။ ခါတိုင်းမှာဆိုရင် ရွေးချယ်စရာ သုံးပုဒ် ပေးထားတယ်၊ လောလောဆယ် မေးခွန်း ပြောင်းလဲမှုမှာတော့ နှစ်ပုဒ်ပဲ ပေးထားမှာပါ။ အဲဒီ နှစ်ပုဒ်ထဲကမှ ကြိုက်ရာတစ်ခု ရွေးချယ်ပြီးတော့ ဖြေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းသူ ကျောင်းသားများ ကျစ်ကျစ်လျစ်လျစ်၊ ထိထိမိမိနဲ့ လိုရင်းတိုရှင်းရေးတတ်အောင် စာလုံးရေ ကန့်သတ်ထားပါတယ်။ Letter Writing  တစ်ပုဒ်အတွက် စာလုံးရေ ၃၀ဝ ထက်မပိုစေဘဲနဲ့ ရေးသားဖို့လို ပါတယ်။

နံပါတ်(၉)ကတော့ Essay Writing ဖြစ်ပါတယ်။ အဲဒီ Essay မှာလည်း စာစီစာကုံး ရေးရတဲ့အခါမှာ အရင်အတိုင်းပဲ ပြောင်းလဲမှုတော့ မရှိပါဘူး။ ခေါင်းစဉ် သုံးခုပေးထားပြီး မိမိနှစ်သက်ရာ ခေါင်းစဉ်တစ်ခုကို ရွေးပြီး ရေးသားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပြောင်းလဲ မှုကတော့ စာလုံးရေ ကန့်သတ်ထားပါတယ်။ စာလုံးရေ ၅၀ဝ ထက်ပို မရေးရပါဘူး။ နံပါတ်(၈)နဲ့ နံပါတ်(၉) က ကျောင်းသူ ကျောင်းသားတွေရဲ့ စိတ်ကူးစိတ်သန်း၊ တွေးခေါ် မြော်မြင်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှု၊ ဆုံးဖြတ်နိုင်မှု၊ မိမိရဲ့အမြင်၊ အတွေးအခေါ်တွေကို ဖော်ထုတ်နိုင်မှုတွေကို ဆန်းစစ်တဲ့ မေးခွန်းမျိုးဖြစ်အောင် ကြိုးစားပြင်ဆင်ပြီး မေးထားတာ ဖြစ်ပါတယ်။ ဒီလိုမေးမှလည်း ကျောင်းသူ ကျောင်းသားတွေဟာ တကယ်ပဲ ကိုယ့်ရဲ့အမြင်တွေ၊ အတွေးအခေါ်တွေကို အင်္ဂလိပ်လို ထုတ်ဖော်ပြီးတော့ ပြောဆိုနိုင်မယ့် စွမ်းရည်တွေ တိုးတက်လာမှာ ဖြစ်ပါတယ်။

နံပါတ်(၁)၊ (၆)နဲ့ (၇)မေးခွန်းတွေကတော့ လုံးဝအပြောင်းအလဲ မရှိပါဘူး။

အစီအစဉ်မှူး။ ။ သင်္ချာဘာသာရပ်နဲ့ ပတ်သက်ပြီးတော့ ထူးထူးခြားခြား ပြုပြင်ပြောင်းလဲ ထားတာလေးတွေကိုလည်း သိပါရစေ။

ဒေါက်တာချိုဝင်း ။ ။ မေးခွန်းပုံစံ သစ်မှာတော့ Section  သုံးခု ပါဝင်ပါတယ်။
(Section A) မှာတော့ အရင်တုန်းကလို Multiple choice မေးခွန်းတွေ ပါဝင်မှာ မဟုတ်တော့ပါဘူး။ ခု (Section A) မှာက (၆)မှတ်တန် မေးခွန်းငါးပုဒ် မေးထားပြီး မေးခွန်းတစ်ပုဒ်စီမှာ ပုဒ်ခွဲ(A)နဲ့(B)ခွဲပြီး (၃) မှတ်တန်မေးခွန်းများ ပါဝင်လာမှာ ဖြစ်ပါတယ်။

Chapter 1 to 7 ကနေ အပုဒ်ခွဲ ခြောက်ပုဒ်မေးထားပြီး Chapter 8 to 12  ကနေ အပုဒ်ခွဲလေးပုဒ်မေးမှာ ဖြစ်ပါတယ်။ စုစုပေါင်း ( Section A ) မှာ ပေးမှတ် (၃၀) ဖိုး ဖြစ်ပါတယ်။

ဖြေဆိုနိုင်တဲ့ မေးခွန်းမျိုးများပါဝင်
(Section B) မှာတော့ Chapter 1 to 7  ကနေ (၁၀) မှတ်တန် မေးခွန်းငါးပုဒ် မေးထားပြီး ကြိုက်နှစ်သက်ရာ လေးပုဒ်ကို ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဒါကလည်း မေးခွန်းတစ်ပုဒ်စီမှာ အပုဒ်ခွဲ A နဲ့ B ခွဲပြီး မေးထားပါတယ်။ ဒါပေမယ့် ကန့်သတ်ချက်လေး တစ်ခုကတော့ ပုစ္ဆာတစ်ပုဒ်စီမှာ ပါဝင်တဲ့ အပုဒ်ခွဲ A နဲ့ B ကို Chapter  တစ်ခုတည်းကနေ တွဲပြီးမေးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် တစ်တွဲနဲ့တစ်တွဲဟာလည်း မတူအောင်တွဲထားမှာ ဖြစ်ပါတယ်။ ကျောင်းသားအများစုအတွက် ပြဋ္ဌာန်းစာအုပ်ကို အခြေခံတဲ့ မေးခွန်းမျိုး၊ စဉ်းစားတွေးခေါ်မှု အနည်းငယ်ရှိရုံနဲ့ ဖြေဆိုနိုင်တဲ့ မေးခွန်းမျိုးများ ပါဝင်မှာ ဖြစ်ပါတယ်။

Section C မှာတော့ Chapter 8 to 12 ကနေ (၁၀) မှတ်တန် မေးခွန်းလေးပုဒ်မေးထားပြီး ကြိုက်နှစ် သက်ရာ သုံးပုဒ်ကိုသာ ရွေးချယ်ဖြေဆိုရမှာဖြစ်ပါတယ်။ မေးခွန်းတစ်ပုဒ်စီမှာ အပုဒ်ခွဲ A နဲ့ B ပါဝင်ပြီး အပုဒ်ခွဲ တစ်ပုဒ်စီကို (၅)မှတ်တန် ပေးထားပါတယ်။ ဒါကတော့ ကျောင်းသားတွေရဲ့ သင်္ချာဘာသာရပ်အပေါ် စိတ်ပါဝင်စားမှုနဲ့ စဉ်းစားတွေးခေါ်မှု အနည်းငယ် မြင့်လာတဲ့ မေးခွန်းများပါဝင်မှာ ဖြစ်ပါတယ်။ ကန့်သတ်ချက် ကတော့ မေးခွန်းတစ်ပုဒ်မှာပါဝင်တဲ့ အပုဒ်ခွဲ A နဲ့ B ကို Chapter  တစ်ခုတည်းကနေတွဲပြီး မေးမှာမဟုတ်ပါဘူး။ အတွဲ တစ်တွဲနဲ့တစ်တွဲ မတူအောင်တွဲပြီး မေးမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဖြေဆိုသူ ကျောင်းသူ ကျောင်းသားများ အနေနဲ့ စိုးရိမ်စရာမရှိတဲ့ မေးခွန်းမျိုး တွေဖြစ်ပါတယ်။ ဖြေဆိုသူများ အခက်တွေ့စေမယ့် မေးခွန်း၊ ပညာပြတဲ့ မေးခွန်းမျိုးပါဝင်မှာ မဟုတ်ပါဘူး။ မိမိတို့ ရည်မှန်းထားသလောက်၊ ကြိုးစားမှုရှိသလောက် အမှတ်များ ပြည့်ပြည့်ဝဝ ရရှိမယ်လို့ မျှော်လင့်ထားပါတယ်။
သတင်းအဖွဲ့ (ဆက်လက်ဖော်ပြပါမည်)