၂၀၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများ လေရှီးမြို့၌ ကျင်းပပေးလျက်ရှိ

လေးရှီး  ၁၂  ဇန်နဝါရီ 

 

၂၀၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ အမှုထမ်းရပ်ကွက်ရှိ နာဂရိုးရာယဉ်ကျေးမှုကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် ဘော်လီဘော (ကျား/မ)၊ ပိုက်ကျော်ခြင်း(ကျား)၊ လွန်ဆွဲ(ကျား/မ)၊ မာရသွန်(ကျား)၊ ခေါင်းအုံးရိုက်(ကျား)၊ သံလုံးပစ်(ကျား/မ)၊ ရိုးရာထင်းခုတ်(ကျား)၊ ရိုးရာနပန်းသတ်ပွဲ(ကျား)နှင့် ချောတိုင်တက်(ကျား) စသည့်အားကစားနည်း (၉)မျိုးကို  ဒေသခံများအပြင် ပွဲတော်လာ ပရိတ်သတ်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲပြီး ပြိုင်ပွဲများအလိုက် ထူးချွန်ဆုရသူများအား တာဝန်ရှိသူများက  စစ်ကိုင်းတိုင်းဒေသကြီး အားကစားပြိုင်ပွဲများကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ဆွေထံမှ သိရသည်။

 

ထိုအပြင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ပန်းပဲပြခန်း၊ မြေအိုးပြခန်း၊ လက်ယက်ကန်းပြခန်း၊ လက်မှုပြခန်း၊ တိုင်းရင်းဆေးပြခန်း၊ ဗေဒင်ပြခန်း၊ နာဂရိုးရာဗဟိုပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာန ပညာပေးပြခန်း၊ ပညာရေးပြခန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြခန်းနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန ပြခန်းများကိုပါ ခင်းကျင်းပြသထားပြီး ရိုးရာယဉ်ကျေးမှုမီးပုံပွဲများ၊ မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှုအကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်းနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီး၊ လဟယ်၊ နန်းယွန်း စသည့်မြို့များတွင် အလှည့်ကျကျင်းပလျက်ရှိရာ ၂၀၁၈ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နန်းယွန်းမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လေရှီးမြို့တွင် ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် အဆိုပါ ဒေသသို့ လာရောက်သော ပြည်တွင်းပြည်ပ ခရီးသွားများက လေရှီးမြို့အခြေပြုကာ ရိုးရာနေအိမ်အဆောက်အဦပြတိုက်၊ လှေကားထစ်လယ်ယာစိုက်ခင်း၊ လေရှီးမြို့ ဘုရားတောင်ရှုခင်းမြင်ကွင်း၊ စာရာမေရိတောင်အလှ ရှုခင်းမြင်ကွင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ခင်းများကို လေ့လာကြကြောင်း သိရသည်။

 

ယခုကျင်းပပြုလုပ်သော လေရှီးမြို့ ၂၀၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ လာရောက်ကျသော ပြည်တွင်းပြည်ပ ခရီးသွားများသည် လေကြောင်းခရီးနှင့်ကုန်းကြောင်းခရီးကို နေပြည်တော်၊ ရန်ကုန်၊မန္တလေး၊ မုံရွာစသည့်မြို့ကြီးများမှ တစ်ဆင့် ဟုမ္မလင်းမြို့အထိ လည်းကောင်း၊ တစ်ညအိပ်ကာ ထိုမှတစ်ဆင့် ကုန်းကြောင်းခရီးကို ဟုမ္မလင်းမြို့နယ်အတွင်းရှိ ပင်းမာကျေးရွာမှ ထံမံသီကျေးရွာသို့ ဇက်ဖြင့်ကူးကာ ၄င်းကျေးရွာမှတဆင့် ၄၂ မိုင် ဝေးကွာသော လေရှီးမြို့သို့ မော်တော်ယဉ်များဖြင့်လည်းကောင်း အသီးသီးလာရောက်လေ့လာကျသည့်အပြင် မော်တော်ဆိုင်ကယ်များဖြင့်လည်း အစုလိုက် လာရောက်လည်ပတ်ကြသည့် ခရီးသွားများလည်း အများအပြားရှိရာ ပွင်းလင်းရာသီဖြစ်သော နိုဝင်ဘာလမှ ပွဲတော်ကာလအချိန်အထိ ပြည်တွင်းပြည်ပခရီးသွားပြည်သူ  ၁၀ဝ၀ဝ ကျော်ခန့် လာရောက်လည်ပတ် လေ့လာမည်ဖြစ်ကြောင်း  လေရှီးမြို့ ၂၀၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ထွဋ် ထံမှသိရသည်။    


    
ထွန်းကိုကို(ယင်းမာပင်)

 

2019011