၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဇီဝဗေဒဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

၁၈ ဖေဖော်ဝါရီ

 

ဇီဝဗေဒဘာသာရပ်၏ မေးခွန်းပုံစံသစ်သည် ပညာရေးဝန်ကြီးဌာန၏ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရေးဦးတည်ချက်နှင့် လိုက်လျောညီထွေစွာ ကျောင်းသား ကျောင်းသူများ အလွတ်ကျက်မှတ်ဖြေဆိုမှုလျော့ပါးစေရေး၊ စဉ်းစားတွေးခေါ်မြော်မြင်မှု(Critical thinking) အရည်အသွေးရရှိရန်နှင့် ထိုအရည်အသွေးများ ပိုမိုကောင်းမွန်လာစေရန် ပြောင်းလဲထားခြင်းဖြစ်ပါသည်။

 

ပြောင်းလဲသည်ဟုဆိုရာတွင် ကျောင်းသား ကျောင်းသူများ အခက်အခဲမရှိစေရန် ဂရုပြုလျက် ယခင်မေးခွန်း ပုံစံကိုအခြေခံ၍ ပိုမိုကောင်းမွန်ပြီး ကျောင်းသား ကျောင်းသူ အရည်အသွေးအလွှာစုံအတွက် ကြိုးစားဖြေဆိုနိုင်ရန်အခွင့်ရှိသော မေးခွန်းပုံစံသစ်ကို ဖြည့်စွက်ပြုပြင်ပြောင်းလဲခြင်းဖြစ်ပါသည်။

 

ဇယား (၁) မေးခွန်းပုံစံသစ်၏ မေးခွန်းအမျိုးအစား၊ မေးခွန်းအမှတ်စဉ်များနှင့်ရွေးချယ်ခွင့်၊ မေးခွန်းအမျိုးအစား ပေးမှတ်များ။

 

88520

 

မေးခွန်းပုံစံမေးခွန်းတွင်မေးခွန်းအမှတ်စဉ် (Question No. 1 - 6) စုစုပေါင်း (၆) ခုပါဝင်ပါသည်။

 

Question .1  တွင် အမှား၊ အမှန်(TRUE or FALSE)ဖြေဆိုရသော ပုဒ်ခွဲငယ် (၁၀) ခု(I to x) ကို တစ်ခုလျှင်(၁) မှတ်နှုန်းဖြင့် ပေးမှတ်စုစုပေါင်း (၁၀)မှတ်ဖြစ်ပါသည်။ အဖြေမှန် TRUE or FALSE ကိုပုဒ်ခွဲငယ် နံပါတ်(i to x)နှင့်အတူ ဖော်ပြဖြေဆိုရမည်ဖြစ်ပါသည်။

 

Question .2  တွင် အဖြေမှန်(correct answer)ကို ရွေးချယ်ရသည့်(Multiple choice)အတွက်ပုဒ်ခွဲငယ် (၁၀) ခု(i to x) ကို တစ်ခုလျှင် (၁) မှတ်နှုန်းဖြင့် ပေးမှတ်စုစုပေါင်း (၁၀) မှတ်ဖြစ်ပါသည်။ ပုဒ်ခွဲငယ်တစ်ခုလျှင် ရွေးချယ်ရန်အကြောင်းအရာသည် (စကားလုံး (သို့) ပုံ (သို့) ကိန်းဂဏန်းစသည့်) (၄) မျိုးကို(A,B,C,D) ဟူ၍ ပေးထားမည်ဖြစ်ပြီး အဖြေမှန် A သို့ B သို့ C သို့ D ကိုသာ ပုဒ်ခွဲငယ်နံပါတ်(I to x)နှင့်အတူဖော်ပြဖြေဆိုရမည်ဖြစ်ပါသည်။ အဖြေမှန်စကားလုံးကို ပြန်လည်ကူးယူပေးရန်မလိုပါ။

 

Question .3 တွင် ကွက်လပ်ဖြည့်ခြင်း တစ်နည်းအားဖြင့် ပေးထားသော statement ကို အဓိပ္ပာယ်ပြီးပြည့်စုံအောင် ကွက်လပ်မှာမှန်ကန်တဲ့အဖြေကို ဖြည့်စွက်ရေးသားဖြေဆိုရမည (completion) အတွက်ပုဒ်ခွဲငယ် (၁၀) ခု(i to x )ကို တစ်ခုလျှင် (၁) မှတ်နှုန်းဖြင့် ပေးမှတ်စုစုပေါင်း (၁၀) မှတ်ဖြစ်ပါသည်။ အဖြေမှန်ကိုမိမိက ရေးသားဖော်ပြဖြေဆိုရမှာဖြစ်တဲ့အတွက် စာလုံးပေါင်းကို သေချာစွာ သိရှိရန်လိုအပ်ပါလိမ့်မည်။ ဆင်တူယိုးမှား စာလုံးပေါင်းများကို အဓိပ္ပာယ်နှင့်တကွ မှတ်သားလေ့လာထားခြင်းဖြင့် အဖြေမှန်ကို ရေးသားဖြေဆိုနိုင်မှာ ဖြစ်ပါသည်။

 

Question .4  တွင် Answer all Questions ဟူ၍ ပုဒ်ခွဲငယ် (၅) ခုအတွက် ပုဒ်ခွဲငယ်တစ်ခုလျှင်(၂) မှတ်ဖြင့် စုစုပေါင်း (၅) ပုဒ်အတွက် ပေးမှတ်စုစုပေါင်း (၁၀) မှတ်ဖြစ်ပါသည်။ ရွေးချယ်ခွင့်အဖြစ် ပုဒ်ခွဲငယ်(d)နှင့်(e) အသီးသီးကို(or) ခံ၍ မေးခွန်းတစ်ပုဒ်စီ ထပ်မံပေးထားပါမည်။

 

Question .5  တွင်Answer ANYFOUR Questions ဟူ၍ (a,b,c,d,e) ဟု ပုဒ်ခွဲငယ် (၅) ပုဒ်ကို တစ်ပုဒ်လျှင် (၅) မှတ်နှုန်းဖြင့် နှစ်သက်ရာ (၄) ပုဒ်ကို စုစုပေါင်းပေးမှတ် အမှတ် (၂၀) အတွက် ရွေးချယ်ဖြေဆိုရန်မေးထားပါမည်။ ရွေးချယ်ခွင့်အနေဖြင့် မေးခွန်းပုဒ်ခွဲ(e)ကို ထည့်ပေးထားမှာဖြစ်ပြီး ပုဒ်ခွဲငယ်(d) နှင့်(c)အသီးသီးကို(or) ခံ၍ မေးခွန်းတစ်ပုဒ်စီ ထပ်မံမေးထားပါမည်။

 

Question .6  တွင် Answer ANYFOUR Questions ဟူ၍ (a,b,c,d,e,f) ဟု ပုဒ်ခွဲငယ်(၆) ပုဒ်ပေးထားမည်ဖြစ်ပြီး မိမိနှစ်သက်ရာ (၄) ပုဒ်ကို ရွေးချယ်ဖြေဆိုမှုအတွက် တစ်ပုဒ်လျှင် (၁၀) မှတ်နှုန်းဖြင် စုစုပေါင်း ပေးမှတ် အမှတ် (၄၀) ဖြစ်ပါသည်။ ရွေးချယ်ခွင့်အဖြစ်ပုဒ်ခွဲငယ် (၂) ပုဒ်(e,f) ကို ထားရှိပြီး ထိုပုဒ်ခွဲငယ်အသီးသီးအတွက်(or) ခံ၍ မေးခွန်းတစ်ပုဒ်စီ ထပ်မံပေးထားပါမည်။

 

မေးခွန်းပုံစံသစ်တွင် မေးခွန်းအမှတ်စဉ်(Question .6)ရှိရာ မေးခွန်းတိုင်းကို ဇီဝဗေဒဘာသာရပ်(Biology) ပြဋ္ဌာန်းစာအုပ်ပါအခန်း ၁ မှ ၁၂ (Chapter 1-12)အစဉ်လိုက် ပါဝင်စေမည်ဖြစ်ပြီး ဇီဝဗေဒဘာသာ ရပ်တွင် အကျုံးဝင်သည့် ရုက္ခဗေဒနှင့် သတ္တဗေဒဘာသာရပ်အသီးသီးကို မျှတစွာဖွဲ့စည်းတည်ဆောက်ပေးမည်ဖြစ်ပါသည်။ ရုက္ခဗေဒနှင့် သတ္တဗေဒဘာသာရပ်တစ်ခုချင်းအလိုက် သက်ဆိုင်ရာမေးခွန်း (သို့မဟုတ်) ရုက္ခဗေဒနှင့်သတ္တဗေဒနှစ်မျိုးစလုံးနှင့် သက်ဆိုင်သော ဇီဝဗေဒသဘောတရားဆိုင်ရာ မေးခွန်းလည်း ပါဝင်နိုင်ပါသည်။ပြဋ္ဌာန်းစာအုပ်ပါသင်ခန်းစာများ၏ အနှစ်ချုပ်(SUMMARY) မှ မေးခွန်းထုတ်မည်မဟုတ်ပါ။

 

မေးခွန်းများသည် ကျောင်းသား ကျောင်းသူများအတွက် သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မား၍စဉ်းစားတွေးခေါ်မြော်မြင်နိုင်မှု အရည်အသွေးကောင်းမွန်တိုးတက်လာစေရေးကို ဦးတည်သည့်နည်းတူ အရည်အသွေး အမျိုးမျိုးသော ကျောင်းသား ကျောင်းသူများအတွက် မိမိအရည်အချင်းအလိုက် ဖြေဆိုရန် လျော်ညီသောမေးခွန်း အမျိုးမျိုး ပါဝင်မည်ဖြစ်ပါသည်။

 

ကျောင်းသား ကျောင်းသူများသည် မေးခွန်းနှင့်ကိုက်ညီသော ဖြေဆိုမှုပုံစံဖြင့်စနစ်တကျ ကြိုးစားဖြေဆိုကြရန် လေးလေးနက်နက်မှာကြားလိုပါသည်။

 

ဆိုလိုသည်မှာ မိမိကပြဋ္ဌာန်းစာအုပ်မှစာပိုဒ်ကို အလွတ်ကျက်မှတ်ထားပြီး ကျက်ထားသည့်အတိုင်း စာပိုဒ်ကိုရေးချဖြေဆိုခြင်းမဟုတ်ဘဲ မေးခွန်းအသွား အလာတွင်မူတည်၍ ဆီလျော်သည့်ဖြေဆိုမှု (ဥပမာ - အလွတ်ကျက်မှတ်ထားသည့် စာပိုဒ်တွင်ပါဝင်သည့်အကြောင်းအရာအလိုက် မေးခွန်းနှင့်ကိုက်ညီသော သီးခြားခေါင်းစဉ်ငယ်ဖြင့် ထုတ်နုတ်ဖြေဆိုပြနိုင်ခြင်း)ကို ပြုလုပ်ဖြေဆိုနိုင်ရမည်ဖြစ်ပါသည်။ သို့မှသာ မိမိတို့၏သင်ယူတတ်မြောက်မှု၊ မေးခွန်းကိုသဘောပေါက်နားလည်မှုနှင့် စဉ်းစားတွေးခေါ်မြော်မြင်နိုင်မှု အရည်အသွေးများကို ပေါ်လွင်စေမည်ဖြစ်ပါသည်။

 

အဓိကသတိပြုရမည့်အချက်များမေးခွန်းပုံစံနှင့်စပ်လျဉ်း၍ အဓိကသတိပြုရမည့်အချက်များကို ထုတ်နုတ်ဖော်ပြရလျှင်- 

 

(၁) မေးခွန်းအမှတ်စဉ် (၂)တွင် အဖြေမှန်(correct answer) ရွေးချယ်ခြင်း၊ (Multiple choice)မေးခွန်းပုံစံသစ်တိုးလာခြင်း၊


 
(၂) မေးခွန်းအမှတ်စဉ် (၅) (ယခင်အမှတ်စဉ် ၄) တွင် ယခင်ပေးမှတ်တစ်ပုဒ်လျှင် (၄) မှတ်မှ ယခုမေးခွန်း ပုံစံသစ်တွင် ပေးမှတ်တစ်ပုဒ်လျှင် (၅) မှတ်သို့ ပြောင်းလဲထားခြင်း၊ 

 

(၃) မေးခွန်းအမှတ်စဉ် (၆) (ယခင်အမှတ်စဉ် ၅) တွင် ယခင်ပေးမှတ်တစ်ပုဒ်လျှင် (၈) မှတ်မှ ယခုမေးခွန်း ပုံစံသစ်တွင် ပေးမှတ်တစ်ပုဒ်လျှင် (၁၀) မှတ်သို့ ပြောင်းလဲထားခြင်းတို့ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မေးခွန်းအမှတ်စဉ် (၅) နှင့် (၆) အတွက် ပေးမှတ်နှင့်လျော်ညီသော ဖြေဆိုမှုပြုနိုင်ရန်လိုအပ်ပါသည်။


မေးခွန်းပုံစံသည် အလွတ်ကျက်မှတ်ခြင်းကို လိုအပ်သည်ထက်ပို၍ မကျင့်သုံးရန်၊ ကျောင်းသား ကျောင်းသူများ ၏ စဉ်းစားတွေးခေါ်မြော်မြင်နိုင်မှုအရည်အသွေးကို လေ့ကျင့်ပေးရန်နှင့် ဖော်ထုတ်ပေးရန် ရည်ရွယ်ပါသည်။

 

တက္ကသိုလ်ဝင်တန်း ဇီဝဗေဒဘာသာရပ်(Biology) ကျောင်းသုံးဖတ်စာအုပ်သင်ခန်းစာ ၁၂ ခုရှိတဲ့အနက်သင်ခန်းစာ (၆) မှ (၁၁) က ရှေ့ကသင်ခန်းစာ (၁)မှ(၅)အထိ လေ့လာသင်ယူခဲ့ရတဲ့ အခြေခံသိမှတ်ဖွယ်ရာတွေကိုပိုပြီး နက်ရှိုင်းစွာ သိရှိနားလည်ဖို့ အထောက်အပံ့ပြုပြီး သက်ရှိလုပ်ငန်းများ၏ ဇီဝဖြစ်စဉ်သဘောတရားများကိုပိုမို ကျယ်ပြန့်နက်နဲစွာ ဖော်ပြပေးထားတာကြောင့် နားလည်ဖို့ရော၊ ကျက်မှတ်လေ့လာဖို့ရော အနည်းငယ် ခက်ခဲပါလိမ့်မယ်။ အကြောင်းအကျိုးချိတ်ဆက်နားလည်သိမြင်နိုင်အောင် ဦးစွာကြိုးစားပြီးမှ ကျက်မှတ်ရမည့် အကြောင်း အရာများကို ကျက်မှတ်ဖို့ဖြစ်ပါသည်။ နောက်ဆုံး အခန်း(၁၂)ကတော့ သက်ရှိ၊ အပင်၊ သတ္တဝါတွေနဲ့ သက်မဲ့ပတ်ဝန်း ကျင်တို့အကြား ဆက်စပ်ယှက်နွှယ်မှု၊ အပြန်အလှန်အမှီသဟဲပြုမှုနှင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့ဆောင်ရန်ရှောင်ရန်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အစပျိုးပေးထားသည့် လက်တွေ့အသုံးကျ သင်ခန်းစာတစ်ခုဖြစ်ပါသည်။

 

ဇီဝဗေဒဘာသာရပ်ကို သိရှိနားလည်နိုင်ဖို့ပုံများ၊ word diagram များကလည်း အဓိကအထောက်အကူပြု တာမို့ ဇီဝဗေဒဘာသာရပ်ကို လေ့လာတဲ့အခါမှာ ပုံများ၊  word diagram များနှင့် ယှဉ်တွဲလေ့လာခြင်းက လေ့လာကျက်မှတ်ရာမှာ ပိုမိုမှတ်မိထိရောက်စေပါသည်။ အဓိကကျသည့်အကြောင်းအရာကို ဦးစားပေးနားလည်ကျက်မှတ်နိုင်ရန် ဇယား (table) များ၊ (equation)များကလည်း အထောက်အကူပြုပါသည်။ မိမိကိုယ်တိုင်သင်ခန်းစာတစ်ခုကို ဖတ်မှတ်လေ့လာသည့်အခါတွင် လိုအပ်သလိုပုံကြမ်းများ၊ word diagram များ၊ table များ၊ equation များကို မိမိစိတ်ကူးရှိသလို ရေးခြစ်ပုံဖော်မှတ်သားခြင်းကလည်း မိမိ၏တွေးခေါ်စဉ်းစားမှုကိုမြှင့်တင်ပေးရာ ရောက်ပါသည်။

 

စဉ်းစားတွေးခေါ်မြော်မြင်နိုင်မှုအရည်အသွေးရှိခြင်းဖြင့် ကိစ္စများကို မှန်မှန်ကန်ကန်ခြုံငုံသုံးသပ်နိုင်ခြင်း၊ သင့်လျော်မှန်ကန်ကောင်းမွန်သော ဆုံးဖြတ်ချက်ကိုချနိုင်ခြင်း၊ ထိုးထွင်းသိမြင်တီထွင်ကြံဆနိုင်ခြင်း၊ စိတ်ကူးသစ်များ ရရှိနိုင်ခြင်း စသည့် အရည်အချင်းကောင်းများပေါ်ပေါက်အောင် နှိုးဆွပေးနိုင်တဲ့အတွက် ကျောင်းသား ကျောင်းသူများ၏ဘဝအတွက် အကျိုးရှိပါသည်။ မိမိတို့၏ဘဝတစ်လျှောက် မည်သည့်ပညာရပ်ကို လေ့လာသည်ဖြစ်စေ၊ မည်သည့်အလုပ်အကိုင်ကို လုပ်ကိုင်သည်ဖြစ်စေ၊ မည်သည့်ကိစ္စများကို စီမံခန့်ခွဲသည်ဖြစ်စေ စဉ်းစားတွေးခေါ်မြော်မြင်နိုင်မှုမြင့်မားသည်နှင့်အမျှ ကောင်းမွန်သောအလုပ်ပြီးမြောက်မှုနှင့် အောင်မြင်မှုများရရှိပါလိမ့်မည်။

 

သို့ပါ၍ ကျောင်းသား ကျောင်းသူများ (၂၀၁၉) ခုနှစ်၊ မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စနစ်တကျ ကြိုးကြိုးစားစား လေ့လာမှတ်သားလေ့ကျင့်ကြခြင်းဖြင့် ကောင်းမွန်စွာ ဖြေဆိုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

 

ဒေါက်တာသီတာလေးသွယ်၊  ပါမောက္ခ(ဌာနမှူး)၊  သတ္တဗေဒဌာန၊  ရန်ကုန်တက္ကသိုလ်