၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မကွေးတိုင်းဒေသကြီးမှ ကျောင်းသားကျောင်းသူ ၈၆၉၄၇ ဦး ဝင်ရောက်ဖြေဆိုမည်

မကွေး ၁  ဖေဖော်ဝါရီ 


မတ်လ ၆ ရက်မှ ၁၅ ရက်ထိ ဘာသာရပ်အလိုက် ဖြေဆိုမည့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ မကွေးတိုင်း ဒေသကြီးမှ ကျောင်းသားကျောင်းသူ ၈၆၉၄၇ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မကွေးတိုင်းပညာရေးမှူးရုံးမှ သိရသည်။


တိုင်းပညာရေးမှူးရုံး မှတ်တမ်းများအရ ၂၀၁၈ခုနှစ်၌ ဝင်ရောက်ဖြေဆိုရန် လျောက်ထားသူ ၈၀၈၁၉ဦး ၊ ၂၀၁၉ ခုနှစ်၌ ဖြေဆိုရန် လျောက်ထားသူ ၈၆၉၄၇ ဦးရှိခဲ့ပြီး ယမန်နှစ်ကထက် လျောက်ထားသူဦးရေ ခြောက်ထောင်ကျော် တိုးလာခဲ့သည်။


ဖြေဆိုရန် လျောက်ထားသူ တိုးလာသည့်အတွက် ၂၀၁၈ ခုနှစ်ကရှိသည့် စာစစ်ဌာန(၁၆၀)အပြင် ဌာန(၁၈)ခု ထပ်မံတိုးချဲ့မည်ဖြစ်၍ ၂၀၁၉ ခုနှစ် စာမေးပွဲအတွက် စာစစ်ဌာန(၁၇၈)ခုထိ ရှိလာမည်ဖြစ်ကြောင်း ၊ ဖြေဆိုရန် လျောက်ထားသူများ စာရင်းကိုလည်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ ပေးပို့အတည်ပြုပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအခြေခံပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဖေ (ကာယ/ကျောင်းကျန်းမာ/စာကြည့်တိုက်တာဝန်)က ပြောသည်။


၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း မကွေးတိုင်းဒေသကြီး၌ အထက(ခွဲ)နှင့် အထကကျောင်းများ အဆင့်တိုးမြှင့်မှုများ ရှိခဲ့ပြီး အဆိုပါကျောင်းများတွင် ဆရာအင်အား လိုအပ်ချက်များရှိခဲ့သည့်အတွက် ပြီးခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်ချက်ရာနှုန်း သုညရခဲ့သည့် ကျောင်း (၁၆) ကျောင်းထိ ရှိခဲ့ကြောင်း မကွေးတိုင်း ပညာရေးမှူးရုံးမှ သိရသည်။


ဇေယျတု(မကွေး)