မောင်စာဂ


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရန် အချိန်နီးလာသည်နှင့်အညီ အမုန်းစကားပြောကြားခြင်း များလည်း ရှိလာပါတော့မည်။ ဤသည်မှာ နိုင်ငံအသီးသီး ၏ ရွေးကောက်ပွဲများတွင်လည်း တွေ့ကြုံရတတ်သည်။ သို့ဖြစ်သည်ကြောင့် အမုန်းစကားဟူသည်မှာ အဘယ် နည်း။ အမုန်းစကားများနှင့် စပ်လျဉ်း၍ နိုင်ငံတကာဥပဒေ များတွင် မည်သို့ပြဋ္ဌာန်းထားသနည်း။ မြန်မာနိုင်ငံတွင် လည်း ဥပဒေပြဋ္ဌာန်းချက်များ မည်သို့ရှိသနည်း။ အနှစ်ချုပ် မျှဝေပါရစေ။

 

အမုန်းစကားအဓိပ္ပာယ် ဖွင့်ဆိုထားချက်များ

ကုလသမဂ္ဂ၏ နည်းမျိုးစုံဖြင့် လူမျိုးရေးခွဲခြားမှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာကော်မတီက အမုန်း စကားဟူသည် "လူ့အခွင့်အရေးဆိုင်ရာ အခြေခံစည်း မျဉ်းဖြစ်သော လူ့ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှုကို တိုက်ရိုက်ငြင်းပယ်သည့် စကားအမျိုးအစားဖြစ်ပြီး လူ့ အဖွဲ့အစည်း၏ ထင်မြင်ယူဆချက်တွင် လူပုဂ္ဂိုလ်များ၊ အုပ်စုများတို့၏ ရပ်တည်ချက်ကို အရှက်ရ သိမ်ငယ်စေ ရန်ဖြစ်သည်" ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ထိုသို့ဖွင့်ဆိုရာ တွင် ယေဘုယျအားဖြင့် နိုင်ငံအမျိုးမျိုး၏ ရာဇသတ်ကြီး ပုဒ်မများတွင် "အုပ်စုတစ်အုပ်စုမှလူများက အခြား အုပ်စုတစ်စုအပေါ် ပြစ်မှုကျူးလွန်ရန် လှုံ့ဆော်သော" သို့မဟုတ်" အုပ်စုများအကြား ရန်ငြိုးကိုဖြစ်စေသည့်စကား" ဟု ဖော်ညွှန်းထားသည်။

နည်းမျိုးစုံဖြင့် လူမျိုးရေးခွဲခြားမှုများပပျောက်ရေး ဆိုင်ရာ နိုင်ငံတကာစာချုပ် (CERD) ကို ၁၉၆၅ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက စတင်ကျင့်သုံးခဲ့ပြီး လူမျိုးရေးခွဲခြားဆက်ဆံမှုကို တိုက်ရိုက်ကိုင်တွယ်ခဲ့သည့် ပထမဆုံး အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုဖြစ်ခဲ့သည်။ အဆိုပါစာချုပ်၏ အပိုဒ် ၄ တွင်အမုန်း စကား (၄) မျိုးကို ဤသို့သတ်မှတ်ဖော်ထုတ်ခဲ့သည်-

၁။ လူမျိုးရေးသာလွန်မှုအပေါ်အခြေခံသည့် အတွေး အခေါ်များဖြန့်ဝေခြင်း၊

၂။ လူမျိုးရေးမုန်းတီးမှုအပေါ်အခြေခံသည့် အတွေး အခေါ်များဖြန့်ဝေခြင်း၊

၃။ လူမျိုးရေးခွဲခြားဆက်ဆံမှုကို လှုံ့ဆော်ခြင်းနှင့်

၄။ လူမျိုးရေးအခြေခံသည့် အကြမ်းဖက်လုပ်ရပ် များကို လှုံ့ဆော်ခြင်း။

နိုင်ငံအချို့၏ဥပဒေများတွင် ပြဋ္ဌာန်းချက်များ

ကင်ညာနိုင်ငံတွင် နိုင်ငံရေးပါတီများ အက်ဥပဒေ (၂၀၁၂)တွင် နိုင်ငံရေးပါတီများ အကြမ်းဖက်မှုတွင် ပါဝင်ခြင်း၊ ယင်း၏အဖွဲ့ဝင်များနှင့် ထောက်ခံအားပေးသူ များအား ထိုသို့ပြုလုပ်ရန် အားပေးခြင်းကို တားမြစ်ထား သည့် ကျင့်ဝတ်စည်းကမ်း ထည့်သွင်းထားသည်။ ထို့ပြင် အခြားသော ကန့်သတ်ချက်များအဖြစ် တိုင်းရင်းသား များကို လှုံ့ဆော်ခြင်း၊ အခြားသူများအား သားပုပ် လေလွင့်ပြောခြင်း သို့မဟုတ် ထိခိုက်နစ်နာစေရန် ရည်ရွယ်လှုံ့ဆော်ခြင်းစသည့် အမုန်းတရားကို ထောက်ခံ ဆော်ဩအားပေးခြင်းတို့ကို ကန့်သတ်ထားသည်။
နိုင်ဂျီးရီးယားနိုင်ငံ၏ ရွေးကောက်ပွဲအက်ဥပဒေတွင် နိုင်ငံရေးစိတ်ဓာတ်သွင်းပေးမှုဖြင့် အမုန်းစကားပြောဆိုမှု ကို တားမြစ်ကြောင်း အသေးစိတ်ပြဋ္ဌာန်းချက်များ ပါဝင် သည်။ ယင်းအက်ဥပဒေတွင် " နိုင်ငံရေးဆိုင်ရာ မဲဆွယ် စည်းရုံးရေးပွဲ သို့မဟုတ် ကြွေးကြော်ပွဲများကို ဘာသာရေး၊ တိုင်းရင်းသားရေး၊ မျိုးနွယ်စု သို့မဟုတ် ဂိုဏ်းဂဏဆိုင်ရာ ခံစားချက်များကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ထိခိုက် နိုင်သည့် ရုန့်ရင်းကြမ်းတမ်းသော စကားအသုံးအနှုန်း များဖြင့် မညစ်နွမ်းစေသင့်ပါ။ နိုင်ငံရေးဆိုင်ရာ မဲဆွယ် စည်းရုံးရေးပွဲများတွင် ရုန့်ရင်းကြမ်းတမ်းသော၊ စောင့်စည်းမှုမရှိသော၊ လုပ်ကြံအသရေဖျက်သော သို့မဟုတ် ယုတ်ညံ့သော အသုံးအနှုန်း သို့မဟုတ် စောင်းပါးရိပ်ခြည် သို့မဟုတ် စောင်းမြောင်းပြောဆိုမှု ပုံစံ သို့မဟုတ် အကြမ်းဖက်တုံ့ပြန်ချက် သို့မဟုတ် စိတ်ခံစားမှုကို နိုးဆွမှုများဖြင့် အသုံးမချသင့်ပါ" ဟုဆို သည်။

တီမောလက်စ်တေနိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးပွဲများ၌ လူမျိုး၊ ကျား၊ မ ဖြစ်တည်မှု၊ အတွေး အခေါ် အယူအဆ၊ ဘာသာရေးယုံကြည်ချက်များ၊ လူမှုရေးအဆင့်အတန်းပေါ်တွင် ခွဲခြားဆက်ဆံခြင်း သို့မဟုတ် မည်သည့် လူ့အခွင့်အရေးအပေါ် ဆန့်ကျင်မှု ကိုမဆို နှုတ်ဖြင့် သို့မဟုတ် စာဖြင့်ရေးသားအသုံးပြုခြင်းကို အစိုးရအမိန့် ၁၈ / ၂၀၁၇ ပုဒ်မ ၁၃ ဖြင့် တားမြစ်ထားသည်။

ဇမ်ဘီယာနိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင်သည်လည်း သတင်းထောက်များလိုက်နာရန် ကျင့်ဝတ်ကို ထုတ်ပြန် ကြေညာခဲ့သည်။ "သတင်းမီဒီယာ အားလုံးသည် ရွေးကောက်ပွဲသတင်းများကို မှန်ကန်တိကျစွာ တင်ပြ၍ လူမျိုးရေး၊ တိုင်းရင်းသား၊ လူမျိုးနွယ်စု၊ ကျား၊ မ ဖြစ်တည်မှု၊ နိုင်ငံရေး သို့မဟုတ် ဘာသာရေး ခံယူချက် အပေါ်အခြေခံ၍ အမုန်းတရား လှုံ့ဆော်အားပေးခြင်း သို့မဟုတ် အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်း၊ မလျော်သော မှတ်ချက်များ ဖော်ပြခြင်း မလုပ်ရ" ဟု ဖော်ပြပါရှိသည်။

အိန္ဒိယနိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင်က မဲဆွယ် စည်းရုံးပွဲများအတွက် ထုတ်ပြန်ထားသော ကျင့်ဝတ်များ တွင် " အသိုင်းအဝိုင်းများ၊ ဘာသာရေး သို့မဟုတ် ဘာသာ စကားများအကြား တင်းမာမှုကိုဖြစ်စေ၊ အပြန်အလှန်အမုန်းတရားကိုဖြစ်ပေါ်စေခြင်း သို့မဟုတ် လက်ရှိ ခြားနားချက်များကို ပိုမိုဆိုးရွားစေခြင်းစသည့် မည်သည့် လှုပ်ရှားမှုမျိုး၌မဆို ပါတီ သို့မဟုတ် ကိုယ်စားလှယ်လောင်း သည် ပါဝင်လုပ်ဆောင်ခြင်း မရှိစေရ" ဟုဖော်ပြထားသည်။

 

မြန်မာနိုင်ငံ၏ဥပဒေများတွင် ပြဋ္ဌာန်းချက်များ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ တွင် နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစား မပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူ ခြင်း၊ စိတ်ဝမ်းကွဲပြားခြင်း တစ်မျိုးမျိုးဖြစ်ပေါ်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာစေရန်အကြောင်း ရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်ဟူ၍ ပြဋ္ဌာန်းထားသည်။


ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၅၃ (က) တွင် မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သူ အမျိုးအစား တစ်ခုနှင့်တစ်ခု ရန်ငြိုးစိတ်ထားအောင်သော်လည်းကောင်း၊ မုန်းတီးစိတ်ထားအောင်သော်လည်းကောင်း၊ အားပေး အားမြှောက်ပြုခြင်း၊ ထိုသို့ အားပေးအားမြှောက်ပြုရန် ကြိုးပမ်းအားထုတ်ခြင်း မပြုလုပ်ရန် တားမြစ်ထား
သည်။


နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ (ဃ) နှင့် (င) တို့တွင် လူမျိုးရေး၊ ဘာသာရေး သို့မဟုတ် လူ တစ်ဦး၊ နှစ်ဦး သို့မဟုတ် လူအများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်စေနိုင်သည့်၊ သိက္ခာနှင့်ကိုယ်ကျင့်တရားတို့ကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု၊ စည်းရုံး
လှုံ့ဆော်မှုများမပြုလုပ်ရန်နှင့် ဘာသာရေးကို နိုင်ငံရေး အတွက် အလွဲသုံးစားမပြုလုပ်ရန် တားမြစ်ထားသည်။
သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ ပုဒ်မ ၅၈ (ဂ) တွင် လူမျိုးရေးကို ဖြစ်စေ၊ ဘာသာရေး ကိုဖြစ်စေ အကြောင်းပြု၍ ဆန္ဒမဲပေးရန်၊ မပေးရန် ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန် ခြင်းတို့ မပြုရန်တားမြစ်ထားသည်။ ဖောက်ဖျက်က ပြစ်မှုမြောက်ကြောင်း ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၆၆ (ဋ) တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်တင်မြှောက်ခံရရေးအတွက် လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြု မဲပေးကြရန် သို့မဟုတ် မဲမပေးဘဲနေကြရန် အစီအစဉ်ပြုလျက် လှုံ့ဆော်ခြင်းမပြုရန်နှင့် ပုဒ်မခွဲ (ဌ) တွင် ပါတီတစ်ခုကို ဖြစ်စေ၊ လူတစ်ဦးဦးကိုဖြစ်စေ အကြမ်းဖက်ခြင်း၊ မမှန် မကန်စွပ်စွဲခြင်း၊ အများပြည်သူဆူပူမှု ဖြစ်အောင် ဖန်တီးခြင်းတို့မပြုရန် တားမြစ်ထားသည်။ ထိုသို့ပြုလုပ် ပါက တရားမဲ့ပြုကျင့်ရာရောက်ကြောင်း ပြဋ္ဌာန်းထား သည်။


၁၆-၆-၂၀၁၅ ရက်နေ့က နိုင်ငံရေးပါတီများ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ကျင့်ဝတ် (Code of Conduct ) စာပိုဒ် (၄-၁)တွင် မဲဆွယ်စည်းရုံးရေး ကာလအတွင်း အခြားပါတီများအား အသရေဖျက်ခြင်း၊ ပုတ်ခတ်ခြင်း၊ မမှန်မကန်ဝေဖန်တိုက်ခိုက်ခြင်းများ မပြု လုပ်ရန်နှင့် အပိုဒ် (၄-၃)တွင် မဲဆွယ်စည်းရုံးမှုတွင် ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာခွဲခြားဆက်ဆံမှုပြုသော အသုံးအနှုန်း ပြောဆိုမှုများ မပြုရဟု ဖော်ပြထားသည်။

 

သန့်ရှင်းစွာပါဝင်ယှဉ်ပြိုင်ကြခြင်းဖြင့် ဂုဏ်ယူနိုင်ကြပါစေ

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက်ပွဲကြီးကို ဥပဒေနှင့်အညီ လွတ်လပ်ရမည်၊ မျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံနိုင်မှုရှိရမည်၊ မဲဆန္ဒရှင်များ၏ဆန္ဒနှင့် မဲရလဒ် တစ်ထပ်တည်းဖြစ်ရမည်ဟူသော စံငါးချက်နှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မဲဆန္ဒရှင်ပြည်သူ များသို့ ကတိကဝတ်ပြုထားသည်။


ဤစံငါးချက်နှင့်အညီ လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတ သော ရွေးကောက်ပွဲကြီး ဖြစ်စေရေးအတွက် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူအားလုံးတို့သည် အမုန်းစကားပြောကြားခြင်းများကို ရှောင်ရှားကြရပါမည်။ မတော်မတရား အမုန်းစကားများ ပြောကြားခြင်းဖြင့် ရွေးကောက်ပွဲကြီးကို မညစ်ထေးစေသင့်ပါ၊ ရွေးကောက်ပွဲ ၏ပုံရိပ် မပျက်ယွင်းစေသင့်ပါ။


ဒီမိုကရေစီခေတ်၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲ များသည် အမြဲအစဉ် ရှင်သန်နေပါမည်။ ရွေးကောက်
ပွဲတိုင်းတွင် ပါဝင်ယှဉ်ပြိုင် ရွေးကောက်ခံခွင့်များ ရရှိနေပါ မည်။ ရွေးကောက်ပွဲတစ်ခုတွင် ရွေးကောက်တင်မြှောက် ခြင်းမခံရပါက နောင်လာမည့် ရွေးကောက်ပွဲများတွင် ရွေးကောက်တင်မြှောက်ခံရနိုင်ရေး အစဉ်ကြိုးစား အားထုတ် ဆောင်ရွက်နေကြရပါမည်။


ရွေးကောက်ပွဲတစ်ခုတွင် ပါဝင်ယှဉ်ပြိုင် ရွေးကောက်ခံ မည်ဆိုပါက မတော်မတရား အမုန်းစကားများထုတ်လွှင့် ပြောကြားကာ ဟောပြောစည်းရုံးခြင်းဖြင့် အနိုင်ရရှိခြင်း ထက် တော်တည့် ဖြောင့်မှန်၊ သန့်ရှင်းစင်ကြယ်စွာဖြင့် အပြုံးစကားများဟောပြောစည်းရုံးခြင်းဖြင့် ရှုံးနိမ့်ခြင်းက ဂုဏ်ယူဖွယ်ကောင်းလှသည်ဟူ၍ ဆိုရိုးစကား ကြားဖူးနေ ကြောင်းပါဗျာ။


အမုန်းစကားများရှောင်၍ အပြုံးစကားများ ဆောင်နိုင်ကြပါစေ၊

သန့်ရှင်းဖြောင့်မှန်စွာ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြင့် ဂုဏ်ယူနိုင်ကြပါစေ၊

လွတ်လပ်၊ မျှတ၊ သန့်ရှင်းသော ရွေးကောက်ပွဲကြီး ဖြစ်ပါစေ။ ။