mdn

သတင်းဆောင်းပါး - မောင်စာဂ

 

မြန်မာနိုင်ငံတွင် လာမည့်နိုဝင်ဘာလအတွင်း၌ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန်ရှိနေသည်။ ရွေးကောက်ပွဲကျင်းပသည့်အချိန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းကလျော့နည်းကျဆင်းသွားမည်လား၊ ပိုမိုဆိုးရွားလာနိုင်သည်လား ကြိုတင်မခန့်မှန်းနိုင်ပါ။ ဤသို့သောအခြေအနေတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့ရက်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါမှ လုံခြုံစိတ်ချရသော မဲပေးခြင်းလုပ်ငန်းစဉ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်။ လေ့လာသိရှိသမျှ အနှစ်ချုပ်မျှဝေပါရစေ။

 

ဆွေးနွေးညှိနှိုင်းခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရသည့်အချိန်နှင့် ကြုံကြိုက်နေသည်။ မဲဆန္ဒရှင်များ လုံခြုံ စိတ်ချ၊ ဘေးကင်း စွာဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ ဆန္ဒမဲပေးနိုင်ရေးသည် အဓိက လိုအပ်ချက် ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဇွန်လ ဒုတိယပတ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ တာဝန်ရှိ ဆရာဝန်ကြီးများက လိုအပ်သည်များကို ရှင်းလင်းညွှန်ပြ ပြောကြားသည်။ ထို့နောက် မဲဆန္ဒရှင်များ မဲရုံ၌ ဆန္ဒမဲ ပေးပုံ လက်တွေ့သရုပ်ပြသသည့် စီစဉ်ဆောင်ရွက်မှု ပြုခဲ့သည်။ ကိုယ်တိုင်လေ့လာခွင့် ရရှိခဲ့သည်။ တွေ့မြင်သိရှိ သမျှကို ဖော်ပြပါမည်။

 

မဲရုံအတွင်းအခင်းအကျင်း

 

မဲရုံအတွင်းတွင် မဲစာရင်းစစ်ဆေးသူနှင့် မဲလက်မှတ် ထုတ်ပေးသူအကြား ၁.၅မီတာ (၅ ပေ) ခန့် အကွာအဝေး သတ်မှတ်နေရာချထားသည်။ လွှတ်တော်အသီးသီး၏ ဆန္ဒပြုခန်းများကိုလည်း ၁၅မီတာခန့် အကွာအဝေးတွင် ထားရှိသည်။ မဲရုံအတွင်း ကြမ်းပြင်တွင် မဲဆန္ဒရှင်များ တစ်ဦးနှင့်တစ်ဦး တန်းစီနေရာယူရမည့်အကွာအဝေးကို ညွှန်ပြထားသည့်အမှတ်အသားများ ပြုလုပ်ထားသည်။ မဲရုံအတွင်း ရှိနေကြမည့် မဲရုံကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲလေ့လာသူများအတွက် ထိုင်ခုံနေရာများကို လည်း ၁.၅ မီတာခန့် အကွာအဝေးဖြင့် စီစဉ်ထားရှိသည်။ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများသည် နှာခေါင်းစည်း (Mask) များ ဝတ်ဆင်ထားသည်။ မျက်နှာဖုံးကာဗာ (Face Shield) များ တပ်ဆင်ထားသည်။ တစ်ခါသုံး လက်အိတ်များ စွပ်ထားကြသည်။

 

မဲရုံးပြင်ပအခင်းအကျင်း

 

 

မဲစာရင်းကပ်ထားကြေညာပေးသည့် နေရာ၊ ဘုတ်ပြားတွင် တစ်ဦးချင်းစီသာ ကြည့်ရှုနိုင်မည့် -လမ်းကြောင်း သတ်မှတ်ထားသည်။ အဆိုပါ လမ်းကြောင်း သည် တစ်မီတာခန့် (၃ ပေ) အကျယ်ရှိသည်။ မဲဆန္ဒရှင် တစ်ဦးနှင့်တစ်ဦးသည် ၁.၅ မီတာခန့် အကွာအဝေးဖြင့် တန်းစီကြည့်နိုင်ရန် မဲရုံဝန်ထမ်းတစ်ဦး ထားရှိသည်။ တစ်ဆက်တည်းပင် မဲရုံအတွင်းသို့ဝင်ရန် တန်းစီသည့် လမ်းကြောင်းကိုလည်း သတ်မှတ်ထားသည်။ မဲဆန္ဒရှင် တစ်ဦးနှင့်တစ်ဦး ၁.၅ မီတာခန့်အကွာအဝေးဖြင့် တန်းစီ နိုင်ရန် မဲရုံဝန်ထမ်းတစ်ဦးက ကြီးကြပ်ပေးလျက်ရှိသည်။

" မဲရုံအတွင်းသို့မဝင်မီ လက်ကို သန့်စင်စွာ ဆေးကြောထားရမည် ”၊ “ကြမ်းပြင်တွင် သတ်မှတ်ထားသော အကွာအဝေးမှသာ တစ်ဦးနှင့်တစ်ဦး တန်းစီဝင်ပါ" " ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကို အသုံးပြု၍ ကာကွယ်ပါ " “မျက်နှာကို လက်ဖြင့် မထိပါစေနှင့်" ဆိုသည့် ဆိုင်းဘုတ်များ ချိတ်ဆွဲထားသည်။

 

မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်

 

မဲဆန္ဒရှင်များသည် မဲရုံအတွင်းသို့မဝင်မီ မဲရုံဝင်ပေါက် အနီး အသင့်ထားရှိသော လက်သန့်ဆေးရည်ဖြင့် လက်ဆေးကြသည်။ ဝန်ထမ်းတစ်ဦးက မဲဆန္ဒရှင်ကို အပူချိန်တိုင်းသည်။ ပြီးလျှင် မဲရုံဝင်ပေါက်၌ပင် အသင့် ထားရှိသော တစ်ခါသုံးလက်အိတ် နှစ်ခုကို မဲဆန္ဒရှင် ကိုယ်တိုင်ယူပြီး လက်ကိုစွပ်သည်။ ထို့နောက် မဲလက်မှတ် ထုတ်ပေးသူထံသို့သွားပြီး မဲလက်မှတ်ထုတ်ယူသည်။ အသင့်ထားရှိသော ဘောပင်ဖြင့် လက်မှတ်ရေးထိုးခြင်း သို့မဟုတ် လက်ဝဲလက်မ လက်ဗွေနှိပ်ခြင်းပြုသည်။ မဲလက်မှတ်ကိုယူ၍ လျှို့ဝှက်မဲပေးခန်းဆီသို့သွားသည်။ ဆန္ဒမဲလက်မှတ်ပေါ်တွင် ၎င်းနှစ်သက်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းကိုရွေးချယ်ကာ သတ်မှတ်ထား သော အကွက်တွင် တံဆိပ်တုံးနှိပ်၍ ဆန္ဒပြုသည်။ ပြီးလျှင် မဲလက်မှတ်ကိုခေါက်ကာ မဲပုံးအတွင်းသို့ထည့်သည်။

 

ဤသို့ပင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် ဆန္ဒမဲလက်မှတ်ထုတ်ယူ၍ ဆန္ဒပြုကာ မဲထည့်သည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအတွက်ဆန္ဒမဲလက်မှတ်ထုတ်ယူ၍ ဆန္ဒပြုကာ မဲထည့်သည့်။ ပြီးလျှင် ၎င်းတပ်ဆင်ထားသော ၊ တစ်ခါသုံးလက်အိတ်ကိုချွတ်ကာ သတ်မှတ်ထားသည့် အမှိုက်ပုံးထဲသို့ထည့်သည်။ ထို့နောက် လက်သန်းထိပ် မင်တို့ကာ မဲရုံအတွင်းမှ ပြန်ထွက်သည်။ တစ်ခါသုံး  လက်အိတ်ကို အသုံးပြုခြင်းသည် ကိုဗစ်-၁၉ ကူးစက် ရောဂါပိုးရှိသူ ထိတွေ့ကိုင်တွယ်ခဲ့သည့် မဲရုံအသုံးအဆောင် ပစ္စည်းများကို ထိတွေ့ကိုင်တွယ်နိုင်ရခြင်းအခြေအနေမှ ကာကွယ်လျှော့ချနိုင်သည်ဟု သုံးသပ်ကြသည်။

 

 ပိုးသတ်ထားခြင်း

 

မဲရုံအတွင်းအသုံးပြုသော စားပွဲများ၊ ထိုင်ခုံများ၊ ဆန္ဒပြုခန်းများ၊ တံဆိပ်တုံးများ မင်ခံ၊ မင်အိုး၊ ဘောပင်၊ မဲပုံများ၊ လုံခြုံရေးကြိုးများ မဲလက်မှတ်များ၊ မဲလက်မှတ် များထည့်သည့် အိတ်များ အစရှိသည့် မဲရုံသုံးပစ္စည်းများ အားလုံးကို ပိုးသတ်ထားပြီးဖြစ်သည်။

 

စင်ကာပူနိုင်ငံ၏ရွေးကောက်ပွဲကြိုတင်ဆောင်ရွက်ချက်

 

စင်ကာပူနိုင်ငံသည်ကိုဗစ်-၁၉ရောဂါကူးစက်ခံနေရမှု ကာလအတွင်း သတ်မှတ်ထားသည့်အတိုင်း ဇူလိုင်လတွင် ရွေးကောက်ပွဲကျင်းပသွားရန်ရှိပြီး ကျန်းမာရေးဆိုင်ရာ လုံခြုံမှုရှိစွာ ရွေးကောက်ပွဲကျင်းပခြင်းနှင့် စပ်လျဉ်း၍ ကြိုတင်ဆောင်ရွက်ချက်များ စီမံထားရှိသည်။ ဗဟုသုတ အဖြစ် လေ့လာမှတ်သားသိရှိသည်ကို အနှစ်ချုပ်တင်ပြ ပါရစေ။

 

စင်ကာပူနိုင်ငံတွင် လူစုလူဝေးဖြင့် မဲဆွယ်ခြင်းများကို တတ်နိုင်သမျှ လျှော့ချသည်။ နိုင်ငံရေးပါတီများအတွက် အစည်းအဝေးများကျင်းပခြင်း၊ လမ်းလျှောက်ခြင်းနှင့်  မဲဆန္ဒရှင်များ၏အိမ်သို့ သွားရောက်ခြင်းများအပါအဝင် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ လမ်းညွှန်ချက်များ ထုတ်ပြန် ထားသည်။ မဲဆွယ်စည်းရုံးရေးဆိုင်ရာသတင်းစကားများ ကို မဲဆန္ဒရှင်များက ကောင်းစွာသိရှိကြစေရန်နှင့်  မည်သည့်အချိန်တွင် ရုပ်သံများမှတစ်ဆင့် ထုတ်လွှင့်မည်ကို အသိပေးခြင်းများ ဆောင်ရွက်သည်။ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အွန်လိုင်းမှတစ်ဆင့် မဲဆွယ် စည်းရုံးခြင်း၊ ကုန်ကျစရိတ် တင်ပြမှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းအသစ်များ ပြင်ဆင်ထားသည်။

စင်ကာပူနိုင်ငံအနေဖြင့် မဲရုံများ၌ မဲဆန္ဒရှင်များအား လူစုခွဲထားသည်။ ဥပမာ အိမ်ထောင်စုတစ်စုတည်းမှ ၊ မဲဆန္ဒရှင်များ နှစ်နာရီခြား၍ သွားရောက်ပြီး မဲပေး ကြရန် အကြံပြုထားသည်။ အသက် ၆၅ နှစ် ကျော်သော မဲဆန္ဒရှင်များအား လူတစ်ဦးကျစီ အဖော်ခေါ်ဆောင်ခွင့်ပြု ပြီး နံနက်ပိုင်း ၈ နာရီမှ နေ့ခင်းမွန်းတည့်ချိန်အတွင်း မဲပေးစေရန် စီစဉ်ထားသည်။ မဲရုံအရေအတွက်များကို ၈၈၀ မှ ၁၁၀၀ သို့ တိုးမြှင့်ခြင်းဖြင့် မဲရုံအလိုက် မဲဆန္ဒရှင် အရေအတွက်များ လျှော့ချထားသည်။

 

မဲဆန္ဒရှင်များက အချိန်တိုင်းတွင် အနည်းဆုံး တစ်မီတာ (၃ ပေ) စီခြား၍ ထားသည်။ ရွေးကောက်ပွဲ အရာရှိနှင့် မဲရုံးဝန်ထမ်းများသည်လည်း တစ်မီတာစီခြား၍ ထိုင်ကြမည်။ မဲဆန္ဒရှင်များ တန်းစီနေစဉ်အတွင်း ကိုယ်အပူချိန်တိုင်းခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများရှိ မရှိ တိုင်းတာခြင်းများ ဆောင်ရွက် သွားမည်။

 

မဲဆန္ဒရှင်များသည် နှာခေါင်းစည်း (Mask) များ တပ်ဆင်လျက် နေအိမ်မှထွက်လာပြီး စာရင်းသွင်းစဉ်တွင် မျက်နှာကို ခေတ္တဖော်ပြရသည်။ မဲလက်မှတ်မယူခင် လက်များကို ဆေးကြောသန့်စင်ရသည်။ ဆန္ဒပြုခန်းနှင့် ဘောပင်များအပါအဝင် လူများလက်ဖြင့်ထိတွေ့လေ့ရှိ သောအရာများအားလုံး အနည်းဆုံး နာရီဝက်ခြားတစ်ခါ သန့်စင်ရသည်။ ကိုဗစ် - ၁၉ ရောဂါကို အထူးပြုလျက် အတည်ပြုထားသည့် လွှတ်တော်ရွေးကောက်ပွဲ အက်ဥပဒေအရ ဟိုတယ်များအပါအဝင် သတ်မှတ်ထားသော နေရာများတွင် “ Stay Home " နေနေရသည့် မဲဆန္ဒရှင်များအား သီးသန့်မဲရုံများဖြင့် မဲပေးခွင့်ပြုထား သည်။

 

 မြန်မာနိုင်ငံနှင့် ကိုဗစ်-၁၉ အခြေအနေ

 

မြန်မာနိုင်ငံတွင် ၂၃ - ၆ - ၂၀၂၀ ရက်နေ့အထိ ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရမှုအခြေအနေမှာ ဓာတ်ခွဲ အတည်ပြု လူနာစုစုပေါင်း ၂၉၂ ဦးရှိသည်။ ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ ၂၀၄ ဦးရှိသည်။ သေဆုံးလူနာ ၆ ဦးရှိသည်။

 

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကူးစက်ခံရမှု အများအနည်းအလိုက် ဖော်ပြရလျှင် ရန်ကုန် ၂၃ ဦး သေဆုံးသူ ၅ ဦး)၊ ရခိုင် ၁၁ ဦး၊ ချင်း ၁၀ ဦး၊ စစ်ကိုင်း ၉ ဦး၊ ပဲခူး ၈ ဦး (သေဆုံးသူ ၁ ဦး)၊ မွန်ပြည်နယ် ၆ ဦး၊ ရှမ်း (တောင်) ၄ ဦး၊ မန္တလေး၊ ရှမ်း(ရှေ့)၊ ရှမ်း (မြောက်) နှင့် မကွေးတို့တွင် ၃ ဦးစီးနေပြည်တော်၊ ကရင်၊ ဧရာဝတီ နှင့် ကချင်တို့တွင် ၂ ဦးစီ နှင့် တနင်္သာရီတွင် ၁ ဦး ရှိသည်။

 

လုံခြုံမှုရှိစွာ ဆန္ဒမဲပေးနိုင်ကြပါမည်

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူပေါင်း ၂၉၂ ဦးရှိသော်လည်း ရန်ကုန်မြို့တွင်သာ ၂၂၃ ဦးဖြင့် အများဆုံးဖြစ်နေသည်။ ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီး များတွင် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အနည်းငယ်စီ သာ ဖြစ်သည်။ ကယားပြည်နယ်တွင် လုံးဝမရှိပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကိုဗစ်၁၉ ကာလအတွင်း ရွေးကောက်ပွဲကျင်းပခြင်းနှင့် လုံခြုံ စိတ်ချရသော မဲပေးခြင်းလုပ်ငန်းစဉ်များ ဖြစ်လာရေး ရှုထောင့်မျိုးစုံမှ လေ့လာသုံးသပ်လျက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများပြုလုပ်လျက်ရှိသည်။ ပြည်ပနိုင်ငံအချို့၏ အတွေ့အကြုံများကို လေ့လာသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုများကို ခံယူ၍ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါမှ လုံခြုံ စိတ်ချစွာဖြင့် ဆန္ဒမဲပေးနိုင်ကြမည်ဟု ယုံကြည်မိကြောင်း ပါဗျာ။

» ကိုဗစ်-၁၉ အမြန်ဆုံးချုပ်ငြိမ်းပပျောက်ပါစေ၊

» မဲဆန္ဒရှင်ပြည်သူများလုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ကြပါစေ၊

» လုံခြုံစိတ်ချရသော လုပ်ငန်းစဉ်များ ချမှတ်ပြီးရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ပါစေ။