မောင်စာဂ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပပါမည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးသည် ၎င်း၏လုပ်ငန်းများကို ကူညီဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲကိုယ်စားလှယ်တစ်ဦးနှင့် မဲရုံ ကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များ ခန့်ထားဆောင် ရွက်ခွင့်ရှိသည်။ ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ အရေးပါမှု၊ အရေးကြီးမှုအကြောင်းကို ရေးသားဖော်ပြပြီး ဖြစ်သည်။ မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များ၏ ပါဝင်မှုအခန်းကဏ္ဍသည်လည်း အရေးပါလျက်ရှိနေသည်။ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ၊ နည်း ဥပဒေများမှ အနှစ်ချုပ်ကောက်နုတ်၍ မျှဝေပါရစေ။
မဲရုံကိုယ်စားလှယ် သို့မဟုတ် အကူကိုယ်စားလှယ်ဟူသည်
မဲရုံကိုယ်စားလှယ် သို့မဟုတ် အကူကိုယ်စားလှယ် ဆိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက မဲရုံအသီးသီးတွင် ၎င်း၏ ကိုယ်စားဆောင်ရွက်ရန် ခန့်ထား ခြင်းခံရသူကို ဆိုသည်။ မဲရုံတစ်ရုံလျှင် မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ် တစ်ဦးစီခန့်ထားခွင့်ရှိသည်။
ခန့်အပ်ခြင်း နည်းလမ်းများ-
လွှတ်တော်ကိုယ်စားလှယ်လောင်းသည် မဲရုံ ကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်ကို ခန့်ထားနိုင်ရန် ခန့်စာ ပုံစံ(၈)တွင် ဖြည့်သွင်းရမည်။ မည်သည့်ရပ်ကွက်/ ကျေးရွာအုပ်စု မည်သည့်မဲရုံအမှတ်၌ ဆောင်ရွက်စေရန် ဖြစ်ကြောင်းဖော်ပြရမည်။ ခန့်ထားခြင်းခံရမည့်သူသည်သက်ဆိုင်ရာ မဲဆန္ဒနယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုမှ မည်သည့်မဲစာရင်းအမှတ်စဉ်တွင် ပါရှိကြောင်း ဖော်ပြရမည်။ ခန့်ထားခြင်းခံရမည့်သူက ထိုသို့ခန့်ထား ခြင်းကို သဘောတူကြောင်းနှင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ပါမည်ဖြစ်ကြောင်း ဝန်ခံချက်ပါရှိရမည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းသည် မဲရုံ ကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်အသီးသီးအတွက် ခန့်စာနှစ်စောင်စီကို ဆန္ဒမဲပေးရန် နေ့ရက်မတိုင်မီ အနည်းဆုံး ခုနစ်ရက်ကြိုတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲသို့ပေးပို့ရမည်။ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲက သဘောတူလျှင် ယင်းမဲရုံ ကိုယ်စားလှယ်၏ ဓာတ်ပုံပေါ်၌ တံဆိပ်နှိပ်၍ တစ်စောင်စီ ကို လွှတ်တော်ကိုယ်စားလှယ်လောင်းသို့ ပြန်လည်ပေးအပ် မည်။ မဲရုံကိုယ်စားလှယ် သို့မဟုတ် အကူကိုယ်စားလှယ် နုတ်ထွက်လျှင်၊ ကွယ်လွန်လျှင် သို့မဟုတ် ကိုယ်စားလှယ်လောင်းက ယင်းအားခန့်ထားခြင်းမှ ရုပ်သိမ်းလျှင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲသို့ ပုံစံ (၈-က) ဖြင့် တင်ပြရမည်။ ထို့နောက် အခြား သူတစ်ဦးကို မဲရုံကိုယ်စားလှယ် သို့မဟုတ် အကူ ကိုယ်စားလှယ်အဖြစ် အစားထိုးခန့်ထားရန်အတွက် ပုံစံ (၈)တွင် ဖြည့်သွင်း၍ ထပ်မံတင်ပြရမည်။
တာဝန်များ
မဲရုံကိုယ်စားလှယ် သို့မဟုတ် အကူကိုယ်စားလှယ် တစ်ဦးသည် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ မိမိတို့အားခန့်ထားသည့် ခန့်အပ်လွှာ ပုံစံ(၈) ကို မိမိတို့၏ ကိုယ်စားလှယ်လောင်း သို့မဟုတ် ရွေးကောက်ပွဲ ကိုယ်စားလှယ်ထံမှ ကြိုတင်၍ ရယူထားရမည်။ ယင်း ခန့်စာကို ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံမှူးထံ အပ်နှံရမည်။ မဲရုံ၌ မဲရုံမှူး၏တာဝန်အရ ညွှန်ကြားခြင်းကို လိုက်နာရမည်။
အခွင့်အရေးများ
မဲရုံကိုယ်စားလှယ် သို့မဟုတ် အကူကိုယ်စားလှယ် တစ်ဦးသည် မဲရုံဖွင့်ချိန်မှစတင်ကာ ဆန္ဒမဲပေးခြင်းပြီးဆုံး၍ မဲလက်မှတ်များ ရေတွက်ပြီးဆုံးသည့်အချိန်အထိ မဲရုံထဲသို့ ဝင်ခွင့်ရှိသည်။ မဲပေးခြင်းလုပ်ငန်းစဉ်တစ်လျှောက်လုံး စောင့်ကြည့်ခွင့်ရှိသည်။ ဥပဒေနှင့်မညီသောအချက် များတွေ့ရှိက မဲရုံမှူးထံသို့ တင်ပြပြောဆိုခွင့်ရှိသည်။
ရွေးကောက်ပွဲကျင်းပသည့်နေ့ရက်၌ မဲရုံသို့ ကိုယ်တိုင် လာရောက်ဆန္ဒမဲမပေးနိုင်သော အသက်အရွယ်ကြီးရင့်သူ များ၊ အနာကြီးရောဂါ စွဲကပ်နေသူများ၊ နေအိမ်တွင်မီးဖွား နေသူများ၊ မသန်စွမ်းသူများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံ တွင်တက်ရောက်နေသော အတွင်းလူနာများထံသို့ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များက သွား ရောက်၍ ကြိုတင်ဆန္ဒမဲရယူခြင်းကို ကြည့်ရှုခွင့်ရှိသည်။ ရွေးကောက်ပွဲကျင်းပသည့်နေ့ရက်မတိုင်မီ သတ်မှတ် ပေးထားသော နေ့ရက်များ၌ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲ ပေးခြင်းလုပ်ငန်းစဉ်များကို ကြည့်ရှုခွင့်ရှိသည်။
ဆန္ဒမဲပေးခြင်းပြီးဆုံး၍ မဲရုံတွင် ဆန္ဒမဲလက်မှတ်များနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များ ရေတွက်ခြင်းကို ကြည့်ရှုခွင့် ရှိသည်။ မဲရုံမှူးကပယ်သည့် သို့မဟုတ် ခိုင်လုံမဲအဖြစ် သတ်မှတ်သည့် ဆန္ဒမဲလက်မှတ်များကို ကြည့်ရှုခွင့်နှင့်် သဘောထားမှတ်ချက်ပေးခွင့်ရှိသည်။
ချိပ်တံဆိပ်ရိုက်နှိပ်ခွင့်
ကိုယ်စားလှယ်လောင်းတစ်ဦးစီရရှိသည့် ဆန္ဒမဲ လက်မှတ်များနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များကို မဲရုံမှူး က သီးခြားအိတ်များတွင်ထည့်ကာ လုံခြုံအောင်ပိတ်ပြီး ချိပ်တံဆိပ်ရိုက်နှိပ်သည့်အခါတွင်လည်းကောင်း၊ မဲရုံမှူးက ပယ်မဲအားလုံးကို အိတ်တစ်အိတ်တွင်ထည့်ကာ လုံခြုံ အောင်ပိတ်ပြီး ချိပ်တံဆိပ်ရိုက်နှိပ်သည့်အခါတွင်လည်းကောင်း၊ မဲရုံမှူးက မသုံးဘဲကျန်နေသော ဆန္ဒမဲလက်မှတ် များ၊ လက်ခံဖြတ်ပိုင်းများ ပုံစံ (၁၆-၁)၊ မဲရုံတွင်အသုံးပြု သောမဲစာရင်း၊ ကြိုတင်ဆန္ဒမဲလက်မှတ်လက်ခံဖြတ်ပိုင်း များ၊ ပယ်မဲပုံစံ(၁၇)များကို အထုပ်တစ်ထုပ် ထုပ်ပြီးလျှင် ချိပ်တံဆိပ်ရိုက်နှိပ်သည့်အခါတွင်လည်းကောင်း၊ အဆိုပါ အိတ်များနှင့်အထုပ်များကို မဲရုံမှူးက အိတ်ကြီးတစ်လုံး တွင်ထည့်ကာ ချိပ်တံဆိပ်ရိုက်နှိပ်သည့်အခါတွင်လည်းကောင်း မိမိတို့၏ချိပ်တံဆိပ်ကိုလည်း ရိုက်နှိပ်ခွင့်ရှိသည်။
ဆောင်ရန်အချက်များ
မဲရုံကိုယ်စားလှယ် သို့မဟုတ် အကူကိုယ်စားလှယ် တစ်ဦးသည် မဲရုံဖွင့်ချိန် နံနက် ၆ နာရီမထိုးမီ မဲရုံသို့ အရောက်သွားရပါမည်။ ဆန္ဒမဲပေးခြင်း မစတင်မီ မဲလက်မှတ်များ ရေတွက်စစ်ဆေးခြင်းမှတ်တမ်း ပုံစံ (၁၁) တွင် လက်မှတ်ရေးထိုးရပါမည်။ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းများရရှိသည့် မဲစာရင်း ပုံစံ (၁၆) နှင့် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း အတွက် ပုံစံ (၁၆-က) တွင် လက်မှတ်ရေးထိုးရပါမည်။ ရွေးကောက်ပွဲတွင် အသုံးမပြုဘဲ ကျန်ရှိနေသော မဲလက်မှတ်များစာရင်း ပုံစံ (၁၆-၁) တွင် လက်မှတ်ရေးထိုး ရပါမည်။
ရှောင်ရန်အချက်များ
မဲရုံကိုယ်စားလှယ် သို့မဟုတ် အကူကိုယ်စားလှယ် တစ်ဦးသည် မဲရုံတွင် မဖွယ်ရာသောအမှုကို မပြုရပါ။ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ဝတ္တရားဆောင်ရွက်ခြင်းကို အနှောင့်အယှက်ဖြစ်စေခြင်း မပြုရပါ။ ဆန္ဒမဲပေးရန် လာရောက်သူများအား စိတ်ငြိုငြင်ခြင်းဖြစ်အောင် မပြုရပါ။ မဲရုံအတွင်း၌ဖြစ်စေ၊ မဲရုံမှ ကိုက် ၅၀ဝအတွင်း၌ ဖြစ်စေ မဲဆွယ်ခြင်း မပြုရပါ။ မဲဆန္ဒရှင်တစ်ဦးအား လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဦးကို ဆန္ဒမဲပေး ရန် တောင်းဆိုခြင်း သို့မဟုတ် ဆန္ဒမဲမပေးရန် တိုက်တွန်း ခြင်း မပြုရပါ။ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ၏ အခန်း (၁၃) တွင် ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်းမပြုရပါ။ အခန်း(၁၄) တွင် ပြဋ္ဌာန်းထားသည့် တရားမဲ့ ပြုကျင့်မှုတစ်ခုခုကို မပြုလုပ်ရပါ။
အထူးဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ
လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးစီတိုင်း၏ မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များသည် ဆန္ဒမဲ ပေးသည့်နေ့ မဲရုံအတွင်းတွင်ရှိနေကြမည်။ မဲရုံကိုယ်စား လှယ်၊ အကူကိုယ်စားလှယ်များ၏ လုပ်ငန်းတာဝန်များ သည် များပြားလွန်းလှသည်။ အချို့လုပ်ငန်းတာဝန်များ သည် ကြိုတင်မှန်းဆထား၍မရနိုင်။ ကြုံလာလျှင် ကြုံလာ သလို ဆောင်ရွက်ရသည်။ ဖြေရှင်းမှုပြုရသည်။ မိမိတို့၏ ဆောင်ရွက်ချက်များသည် မိမိတို့၏ လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် ထိခိုက်မှုမရှိစေရ။ အကျိုးရှိသော လုပ်ဆောင်ချက်များသာ ဖြစ်ရပါမည်။
တာဝန်ထမ်းဆောင်နေစဉ် မိမိတို့၏ ပြောဆိုနေထိုင် ပြုမူမှုတို့သည် မိမိတို့၏ကိုယ်စားလှယ်လောင်းအတွက် မဲဆွယ်စည်းရုံးခြင်းမျိုး မဖြစ်စေရပါ။ အခြားသူများ သည်လည်း ထိုကဲ့သို့ မဲဆွယ်စည်းရုံးခြင်းမျိုး ရှိ မရှိ စောင့်ကြည့်နေရမည်။ ဆန္ဒမဲပေးသူသည် အစစ်အမှန် ဟုတ် မဟုတ်၊ မဲလက်မှတ်မှန်ကန်စွာ ထုတ်ပေးခြင်း ရှိ မရှိ၊ လျှို့ဝှက်မဲပေးခြင်း ဖြစ် မဖြစ်၊ ကိုယ်စားမဲပေးတာလား၊ အယောင်ဆောင်မဲပေးတာလား စောင့်ကြည့်အကဲခတ်ကြ ရသည်။ မမှန်မကန်တွေ့လျှင် မဲရုံမှူးသို့ တင်ပြကန့်ကွက် ကြရသည်။
ဆန္ဒမဲရေတွက်ရာတွင် သေချာစွာ အာရုံစိုက်ကြရသည်။ ရေတွက်တာ မှန် မမှန်၊ ခိုင်လုံမဲသတ်မှတ်ခြင်းနှင့် ပယ်မဲ သတ်မှတ်ခြင်း ဥပဒေနှင့် ညီ မညီ၊ မဲစာရင်းရေးသွင်းခြင်း မှန်ကန်မှု ရှိ မရှိ၊ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်း ရှိ မရှိ စောင့်ကြည့်လေ့လာရသည်။ မှန်ကန်မှုမရှိလျှင် တင်ပြ ကန့်ကွက်ကြရသည်။ အမှန်ကို ထောက်ပြကြရသည်။ မိမိတို့၏ဆောင်ရွက်ချက်မှန်သမျှကို မိမိတို့၏ လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်
တို့ထံ အစီရင်ခံတင်ပြနေရမည်။ မိမိတို့၏ မှတ်စုစာအုပ်တွင် လည်း ရေးမှတ်ထားကြရမည်။
အင်အားတစ်ရပ်ဖြစ်စေသည်
ရွေးကောက်ပွဲတစ်ခု၏ အဓိကအရေးပါသော သော့ချက်နေရာသည် မဲရုံများပင်ဖြစ်သည်။ မဲရုံများတွင် တာဝန်ယူကြရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါဝင်လုပ်ဆောင်ကြခြင်း ဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး အင်အားတစ်ရပ်ဖြစ်စေသည်။
ထိုကဲ့သို့ပင် ၎င်းတို့၏ကိုယ်စားလှယ်လောင်းအတွက် လည်း အင်အားတစ်ရပ်ဖြစ်စေသည်။ ၎င်းတို့၏ ကိုယ်စားလှယ်လောင်း အနိုင်ရရှိ၍ ယှဉ်ပြိုင်ဘက် လွှတ်တော်ကိုယ်စားလှယ်လောင်းက ကန့်ကွက်လာလျှင် အောင်မြင်စွာခုခံချေပခြင်းပြုလုပ်နိုင်ကြမည်။ မိမိတို့၏ ကိုယ်စားလှယ်လောင်းရှုံးနိမ့်၍ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်လောင်းအပေါ် ကန့်ကွက်ရန်ရှိလာလျှင် လည်း တရားသဖြင့် ကန့်ကွက်လွှာတင်သွင်းနိုင်ကြမည်။
အနှစ်ချုပ်ဆိုရသော် ရွေးကောက်ပွဲကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်တို့၏ တရားသောလမ်းကြောင်းပေါ်မှ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တရားသဖြင့် ဆောင် ရွက်ခြင်းသည် မိမိတို့၏ကိုယ်စားလှယ်လောင်းအတွက် အောင်နိုင်ရေးသံတမန်ကောင်း၊ အကျိုးဆောင်ကောင်း တစ်ဦးအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်းပါဗျာ။
မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များ-
မိမိတို့၏တာဝန် ကျေပွန်ကြပါစေ။
ဥပဒေနှင့်အညီ တရားသဖြင့် ဆောင်ရွက်နိုင်ကြပါစေ။
မိမိတို့၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် အင်အားများဖြစ်ကြပါစေ။


