မောင်စာဂ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပါမည်။ ရွေးကောက်ပွဲတစ်ခု၏အရေးကြီးဆုံးဖြစ်သော မဲဆန္ဒရှင်စာရင်းများကို ယနေ့ အချိန်တွင် ကပ်ထားကြေညာလျက်ရှိသည်။ မဲစာရင်းသည် ဘာကြောင့်အရေးကြီးပါသလဲ။ ဘာကြောင့်မဲစာရင်းကို သွားရောက်ကြည့်ရှုကြရန် လိုအပ်ပါသလဲ။ အနှစ်ချုပ်၍ မျှဝေပါရစေ။

မေတ္တာရပ်ခံချက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၄-၇-၂၀၂၀ ရက်နေ့က မဲဆန္ဒရှင်ပြည်သူများကို ဤသို့ မေတ္တာ ရပ်ခံချက်ထုတ်ပြန်ခဲ့သည်-
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့်အထွေထွေ ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းရရှိစေရန် ၂၀၁၉ ခုနှစ်တွင် အခြေခံမဲဆန္ဒရှင်စာရင်း များကို ပြုစုခဲ့ပြီး လစဉ်ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများကို ၂၅-၇-၂၀၂၀ ရက်နေ့မှ ၇-၈-၂၀၂၀ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ် အဖြစ် ကပ်ထားကြေညာမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်စာရင်း များ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်းလာ ရောက်စစ်ဆေးပြီး လိုအပ်ပါက အောက်ပါလုပ်ငန်း (၃) မျိုးကို ဆောင်ရွက်နိုင်ပါသည်-

(က) မိမိအမည် မဲစာရင်းတွင်မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း။

(ခ) မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း။

(ဂ) မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄- ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်။

လိုအပ်သောပုံစံများကို ရပ်ကွက်/ကျေးရွာအုပ်စု

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ပါသည်။ ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် (နောက်ဆုံးအကြိမ်) အဖြစ် ၁၄ ရက်ကြာ (ထပ်မံ) ကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင် များအနေဖြင့် လိုအပ်သောတောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ( ထပ်မံ ) ဆောင်ရွက်နိုင်မည်ဖြစ်သည်။

မဲစာရင်းတွင် မိမိအမည်ပါရှိမှသာ မဲပေးပိုင်ခွင့်ရရှိနိုင် မည်ဖြစ်ပြီး ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန် အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စု တစ်စုလျှင် အနည်းဆုံးတစ်ဦး မပျက်မကွက် လာရောက် စစ်ဆေးကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မဲစာရင်းကြည့်ရှုခြင်းသည် ဘာကြောင့်အရေးကြီးပါသနည်း
မဲစာရင်းတွင် မိမိ၏အမည်ပါရှိမှသာ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးကို ရရှိသည်။ အချို့သောသူများက မိမိတို့သည် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သည်။ နိုင်ငံသားဖြစ်သည်။ မဲပေးပိုင်ခွင့် အခွင့်အရေးရှိနေပြီဟု မှတ်ယူထားတတ်ကြသည်။ ယင်းမှတ်ယူထားသော အချက်များသည် ပြည့်စုံမှုမရှိပါ။ ယင်းအချက် နှစ်ချက်တည်းနှင့် ဆန္ဒမဲ ပေးပိုင်ခွင့်မရရှိသေးပါ။ မဲစာရင်းထဲတွင် မိမိ၏အမည် ပါရှိမှသာ မဲပေးပိုင်ခွင့်ရရှိမည်ဖြစ်သည်။ ထို့ကြောင့် မဲစာရင်းတွင် မိမိ၏အမည်ပါဝင်ခြင်း ရှိ-မရှိ သွားရောက် ကြည့်ရှုထားရပါမည်။

အချို့က မိမိတို့သည် ယခင်ရွေးကောက်ပွဲများတွင်လည်း ဆန္ဒမဲပေးခဲ့ဖူးကြသည်။ ယခုအကြိမ်လည်း ဆန္ဒမဲပေးပိုင် ခွင့်ရရှိနေမှာပဲဟု မှတ်ယူထားကြသည်။ ဤသည်မှာလည်း အရေးကြီးပါသည်။ ယခင်က ဆန္ဒမဲပေးပြီးဖြစ်သော်လည်း ယခုအကြိမ်တွင်လည်း မဲစာရင်းတွင် မိမိ၏အမည်ပါရှိမှ သာ မဲပေးပိုင်ခွင့်ရရှိမည်ဖြစ်သည်။ ထို့ကြောင့် မဲစာရင်း တွင် မိမိ၏အမည်ပါဝင်ခြင်း ရှိ-မရှိကို သွားရောက်ကြည့်ရှု စစ်ဆေးရပါမည်။

မဲစာရင်းသွားရောက်ကြည့်ရှုစစ်ဆေးရန်တာဝန်ရှိခြင်းသက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ၊

နည်းဥပဒေ ၉ တွင် “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် သက်ဆိုင်ရာမဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်း ရှိ-မရှိကို လာရောက်ကြည့်ရှုရန် တာဝန်ရှိသည်” ဟူ၍ ပြဋ္ဌာန်းထား သည်။ ယင်းပြဋ္ဌာန်းချက်အရ မဲစာရင်းတွင် မိမိ၏အမည် ပါဝင်ခြင်း ရှိ-မရှိ သွားရောက်ကြည့်ရှုစစ်ဆေးရန် မဲဆန္ဒရှင် ကိုယ်တိုင်တွင် တာဝန်ရှိပါသည်။

သို့ရာတွင် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး က သွားရောက်၍ ကြည့်ရှုစစ်ဆေးလျှင် လုံလောက်ပါ သည်။ ထိုသူက မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့်ရှိ အိမ်ထောင် စုဝင်အားလုံးအတွက် ကြည့်ရှုစစ်ဆေး၍ ရပါသည်။ ထို့ပြင် မဲဆန္ဒရှင်တစ်ဦးသည် မိမိ၏အိမ်ထောင်စုအတွက်သာမက မိမိ၏သူငယ်ချင်းအပေါင်းအသင်းများ၊ ဆွေမျိုးသားချင်း များ၊ အိမ်နီးနားချင်းများအတွက်လည်း မဲစာရင်းတွင် ပါဝင်ခြင်း ရှိ-မရှိ ကြည့်ရှုစစ်ဆေးနိုင်ပြီး ပါဝင်ခြင်းမရှိပါက ထိုသို့ပါဝင်ခြင်းမရှိကြောင်း သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားနိုင်ပါသည်။

ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းကပ်ထားကြေညာ ခြင်းကို သွားရောက်၍ လေ့လာကြည့်ခဲ့ဖူးသည်။ အမျိုးသမီးမဲဆန္ဒရှင်တစ်ဦးက မဲစာရင်းများကို တစ်ရွက် ပြီးတစ်ရွက် ကြည့််ရှုသည်။ ၎င်းတွင်ပါလာသော စာရွက် ဖြင့်ရေးမှတ်နေသည်။ ဘာဖြစ်လို့ဒီလိုကြည့်ရှုပြီး ရေးမှတ် နေပါသလဲလို့ မေးမြန်းကြည့်တော့ "ကျွန်မတို့နေသည့် တိုက်ခန်းက ခြောက်ခန်းတွဲ ခြောက်ထပ်၊ အိမ်ထောင်စု ပေါင်း ၃၆ ခု ရှိသည်။ သူတို့အားလုံးကို ကျွန်မသိသည်။ သူတို့အားလုံး ပါ-မပါ ကြည့်ရှုစစ်ဆေးနေပါတယ်"ဟု အမျိုးသမီးက ပြန်ဖြေသည်။ သူတို့အားလုံးပါရဲ့လားလို့ ဆက်မေးမြန်းတော့ "ပါပါတယ်၊ အမှတ်စဉ်များပါ မှတ်သားထားတယ်။ သူတို့အားလုံးကို ကျွန်မပြန်ပြောပြမှာ ပါ" ဟု ပြောပြန်သည်။ စိတ်ထဲတွင် အမျိုးသမီး၏ တာဝန် သိမှုအတွက် ချီးကျူးဂုဏ်ယူမိသည်။ ယနေ့အထိ မေ့မရ ဖြစ်နေသည်။

မသန်စွမ်းသူများအတွက်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်းသူများ ဆန္ဒမဲ ပေးပိုင်ခွင့် အပြည့်အဝရရှိစေရေး အလေးထားဆောင်ရွက် လျက်ရှိသည်။ မဲစာရင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မသန်စွမ်းသူ မဲဆန္ဒရှင်ဦးရေ ၈၄၀၃၃ ဦးရှိသည်။ ထိုသူ
များ မဲစာရင်းတွင်ပါရှိမှုနှင့် မည်သည့်အမှတ်စဉ်တွင် ပါရှိကြောင်း အချက်အလက်ဖော်ပြမှုများ မှန်ကန်ကြောင်း သိရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးပေးရန် လိုအပ်ပါသည်။ မဲစာရင်းတွင် မသန်စွမ်း သူများ မကျန်ရှိစေရေးအတွက်လည်း တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပေးရန် လိုအပ်သည်။

မည်သည့်အချက်များကို ကြည့်ရှုစစ်ဆေးရပါမည်နည်းမဲစာရင်းကိုကြည့်ရှုစစ်ဆေးသည့်အခါ မိမိ၏အမည် ပါရှိပါသလား၊

အမည်ဖော်ပြထားခြင်းမှာ မှန်ကန်ပါ သလား၊ ဖခင်အမည်၊ မိခင်အမည်၊ မိမိ၏မွေးသက္ကရာဇ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာတို့ဖော်ပြထားခြင်းမှာ မှန်ကန်ပါသလား ကြည့်ရှုစစ်ဆေး ကြရမည်။ မိမိအတွက်၊ မိမိ၏မိသားစုအတွက်၊ ဆွေမျိုး သားချင်း၊ သူငယ်ချင်းများအတွက် မဲစာရင်းတွင် ပါ-မပါ ကြည့်ရှုစစ်ဆေးကြရသကဲ့သို့ မဲစာရင်းတွင် မပါသင့်ဘဲ ပါဝင်နေသောသူများ ရှိ-မရှိ -ကိုလည်း ကြည့်ရှုစစ်ဆေး ကြရမည်။

ကြည့်ရှုစစ်ဆေးပြီးနောက်မည်သို့
ဆောင်ရွက်ကြရမည်နည်း

မဲစာရင်းကိုကြည့်ရှုစစ်ဆေးပြီးနောက် မိမိတို့၏အမည် ပါရှိပြီး ဖော်ပြထားသည့်အချက်အလက်များ ပြည့်စုံ မှန်ကန်လျှင် မိမိတို့၏မဲစာရင်းအမှတ်စဉ်ကို မှတ်သား ထားခြင်းဖြင့် ဆန္ဒမဲပေးရာတွင် အဆင်ပြေပါသည်။

မိမိ၏အမည်မပါရှိလျှင် ပုံစံ(၃)တွင် ပြည့်စုံစွာရေးသွင်း ပြီး မဲစာရင်းတွင်ထည့်သွင်းပေးဖို့ တောင်းဆိုလွှာ တင်သွင်းရမည်။ မိမိ၏အမည်ပါရှိသော်လည်း အမည် ဖော်ပြမှု မမှန်ကန်လျှင် အချက်အလက်များဖော်ပြမှု မှားယွင်းနေလျှင် ပုံစံ (၄-ဂ) တွင် ပြင်ဆင်လွှာ လျှောက်ထား ရမည်။ အကယ်၍ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေလျှင် ပုံစံ (၄) တွင် ပြည့်စုံစွာရေးသွင်း၍ ကန့်ကွက်လွှာတင်သွင်းနိုင်သည်။ ယင်းပုံစံများ ရယူ ဖြည့်သွင်း ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသို့ တင်ပြလျှောက်ထားကြရမည် ဖြစ်သည်။

မဲစာရင်းကြည့်ရှုစစ်ဆေးခြင်း၏ အကျိုးရလဒ်

မဲဆန္ဒရှင်များက တာဝန်သိစိတ်ဖြင့် မဲစာရင်းကပ်ထား ကြေညာခြင်းကို လာရောက်ကြည့်ရှုစစ်ဆေးခြင်းအားဖြင့် မိမိတို့၏ ဆန္ဒမဲပေးခွင့် ဆုံးရှုံးမည်မဟုတ်တော့ပါ။ မဲဆန္ဒ ရှင်တိုင်း ဆန္ဒမဲပေးပိုင်ခွင့် ရရှိကြပါမည်။ ပြည့်စုံမှန်ကန် သော မဲစာရင်းတစ်ခုပေါ်ထွက်လာမည်။
ယခုကဲ့သို့ပင် နောက်ထပ်တစ်ကြိမ် အောက်တိုဘာလ ထဲတွင် ၁၄ ရက်တိုင်တိုင် မဲစာရင်း ကပ်ထားကြေညာခြင်း ကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက ထပ်မံဆောင်ရွက် ကြပါမည်။ မဲဆန္ဒရှင်များအတွက် နောက်ထပ်အခွင့်အရေး တစ်ရပ် ရှိပါမည်။ ထိုအချိန်တွင်လည်း လာရောက်၍ မဲစာရင်းကို ကြည့်ရှုစစ်ဆေးပေးကြစေလိုပါသည်။ နိုင်ငံရေးပါတီများကလည်း မိမိတို့ပါတီဝင်များ မဲစာရင်း တွင် ပါဝင်ခြင်း ရှိ-မရှိ ကိုလည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများကလည်း မိမိတို့၏ မဲဆန္ဒ ရှင်များ မဲစာရင်းတွင်ပါဝင်ခြင်း ရှိ-မရှိ ကိုလည်းကောင်း မဲစာရင်းကြည့်ရှုစစ်ဆေးကြစေရေးအတွက်နှိုးဆော်မှုပြုပေးကြစေလိုကြောင်းပါဗျာ။

မဲဆန္ဒရှင်တိုင်း မဲစာရင်းသွားရောက်ကြည့်ရှုစစ်ဆေးနိုင်ကြပါစေ၊

မဲစာရင်းတွင် သတ်မှတ်ပုံစံများဖြင့် တောင်းဆို ခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်လွှာ တင်သွင်းခြင်း ပြုနိုင်ကြပါစေ၊

ပြည့်စုံမှန်ကန်သော မဲစာရင်းဖြစ်ရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါစေ။

 

ကြေးမုံ