မောင်စာဂ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပါမည်။ ရွေးကောက်ပွဲ တစ်ခု၏ အရေးကြီးဆုံးဖြစ်သော မဲဆန္ဒရှင်စာရင်းများကို ယနေ့အချိန်တွင် ကပ်ထားကြေညာလျက် ရှိသည်။ မဲစာရင်းသည် ဘာကြောင့်အရေးကြီးပါသလဲ။ ဘာကြောင့် မဲစာရင်းကို သွားရောက်ကြည့်ရှု ကြရန် လိုအပ်ပါသလဲ။ အနှစ်ချုပ်၍ မျှဝေပါရစေ။
မေတ္တာရပ်ခံချက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၄-၇-၂၀၂၀ ရက်နေ့က မဲဆန္ဒရှင်ပြည်သူများကို ဤသို့ မေတ္တာရပ်ခံချက်ထုတ်ပြန်ခဲ့သည်-
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေ ထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းရရှိစေရန် ၂၀၁၉ ခုနှစ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများကိုပြုစုခဲ့ပြီး လစဉ်ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများကို သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကို ၂၅-၇-၂၀၂၀ ရက် နေ့မှ ၇-၈-၂၀၂၀ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ် အဖြစ် ကပ်ထားကြေညာမည် ဖြစ်ပါသည်။ မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်းလာရောက်စစ်ဆေးပြီး လိုအပ်ပါက အောက်ပါ လုပ်ငန်း (၃) မျိုးကို ဆောင်ရွက်နိုင်ပါသည်-
(က) မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း။
(ခ) မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း။
(ဂ) မဲစာရင်းပါအချက်အလက်များ မှားယွင်းနေ ပါက ပုံစံ(၄- ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း။
လိုအပ်သောပုံစံများကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ပါသည်။ ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် (နောက်ဆုံးအကြိမ်) အဖြစ် ၁၄ ရက်ကြာ (ထပ်မံ) ကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒ ရှင်များအနေဖြင့် လိုအပ်သောတောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ( ထပ်မံ ) ဆောင်ရွက်နိုင်မည်ဖြစ်သည်။
မဲစာရင်းတွင် မိမိအမည်ပါရှိမှသာ မဲပေးပိုင်ခွင့် ရရှိနိုင်မည်ဖြစ်ပြီး ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး မပျက် မကွက် လာရောက်စစ်ဆေးကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
မဲစာရင်းကြည့်ရှုခြင်းသည် ဘာကြောင့်အရေးကြီးပါသနည်း။
မဲစာရင်းတွင် မိမိ၏အမည်ပါရှိမှသာ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးကို ရရှိသည်။ အချို့သောသူများက မိမိတို့သည် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သည်။ နိုင်ငံသားဖြစ်သည်။ မဲပေးပိုင်ခွင့် အခွင့်အရေးရှိနေပြီဟု မှတ်ယူထားတတ်ကြ သည်။ ယင်းမှတ်ယူထားသော အချက်များသည် ပြည့်စုံမှု မရှိပါ။ ယင်းအချက် (၂) ချက်တည်းနှင့် ဆန္ဒမဲပေးပိုင်ခွင့် မရရှိသေးပါ။ မဲစာရင်းထဲတွင် မိမိ၏အမည်ပါရှိမှသာ မဲပေးပိုင်ခွင့် ရရှိမည် ဖြစ်သည်။ ထို့ကြောင့် မဲစာရင်းတွင် မိမိ၏ အမည်ပါဝင်ခြင်း ရှိ မရှိ သွားရောက်ကြည့်ရှု ထားရပါမည်။
အချို့က မိမိတို့သည် ယခင်ရွေးကောက်ပွဲများတွင် လည်း ဆန္ဒမဲပေးခဲ့ဖူးကြသည်။ ယခုအကြိမ်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရရှိနေမှာပဲဟု မှတ်ယူထားကြသည်။ ဤသည်မှာလည်း အရေးကြီးပါသည်။ ယခင်က ဆန္ဒမဲပေး ပြီးဖြစ်သော်လည်း ယခုအကြိမ်တွင်လည်း မဲစာရင်းတွင် မိမိ၏ အမည်ပါရှိမှသာ မဲပေးပိုင်ခွင့်ရရှိမည်ဖြစ်သည်။ ထို့ကြောင့် မဲစာရင်းတွင် မိမိ၏အမည်ပါဝင်ခြင်း ရှိ မရှိကို သွားရောက်ကြည့်ရှု စစ်ဆေးရပါမည်။
မဲစာရင်းသွားရောက်ကြည့်ရှုစစ်ဆေးရန် တာဝန်ရှိခြင်း
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ၊ နည်းဥပဒေ ၉ တွင် “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် သက်ဆိုင်ရာမဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်း ရှိ မရှိကို လာရောက်ကြည့်ရှုရန် တာဝန်ရှိသည်” ဟူ၍ ပြဋ္ဌာန်း ထားသည်။ ယင်းပြဋ္ဌာန်းချက်အရ မဲစာရင်းတွင် မိမိ၏ အမည်ပါဝင်ခြင်း ရှိ မရှိ သွားရောက်ကြည့်ရှုစစ်ဆေးရန် မဲဆန္ဒရှင်ကိုယ်တိုင်တွင် တာဝန်ရှိပါသည်။
သို့ရာတွင် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦးက သွားရောက်၍ ကြည့်ရှုစစ်ဆေးလျှင် လုံလောက်ပါသည်။ ထိုသူက မိမိတို့၏ဆန္ဒမဲပေးပိုင်ခွင့်ရှိ အိမ်ထောင်စုဝင် အားလုံးအတွက် ကြည့်ရှုစစ်ဆေး၍ ရပါသည်။ ထို့ပြင် မဲဆန္ဒရှင်တစ်ဦးသည် မိမိ၏အိမ်ထောင်စုအတွက်သာမက မိမိ၏သူငယ်ချင်း အပေါင်းအသင်းများ၊ ဆွေမျိုးသားခြင်းများ၊ အိမ်နားနီးခြင်းများအတွက်လည်း မဲစာရင်းတွင် ပါဝင်ခြင်း ရှိ မရှိ ကြည့်ရှုစစ်ဆေးနိုင်ပြီး ပါဝင်ခြင်းမရှိပါက ထိုသို့ပါဝင်ခြင်းမရှိကြောင်း သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားနိုင်ပါသည်။
ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းကပ်ထားကြေညာ ခြင်းကို သွားရောက်၍ လေ့လာကြည့် ခဲ့ဖူးသည်။ အမျိုးသမီး မဲဆန္ဒရှင်တစ်ဦးက မဲစာရင်းများကို တစ်ရွက်ပြီးတစ်ရွက် ကြည့်ရှုသည်။ ၎င်းတွင်ပါလာသော စာရွက်ဖြင့်ရေးမှတ် နေသည်။ ဘာဖြစ်လို့ဒီလိုကြည့်ရှုပြီး ရေးမှတ်နေပါသလဲလို့ မေးမြန်းကြည့်တော့၊ ကျွန်မတို့နေသည့်တိုက်ခန်းက ၆ ခန်းတွဲ ၆ထပ်၊ အိမ်ထောင်စုပေါင်း ၃၆ ခု ရှိသည်။ သူတို့ အားလုံးကို ကျွန်မသိသည်။ သူတို့အားလုံး ပါ မပါ ကြည့်ရှု စစ်ဆေးနေပါတယ်ဟု အမျိုးသမီးက ပြန်ဖြေသည်။ သူတို့ အားလုံးပါရဲ့လားလို့ ဆက်မေးမြန်းတော့ ပါပါတယ် အမှတ်စဉ်များပါ မှတ်သားထားတယ်။ သူတို့အားလုံးကို ကျွန်မပြန်ပြောပြမှာပါဟု ပြောပြန်သည်။ စိတ်ထဲတွင် အမျိုးသမီး၏တာဝန်သိမှု အတွက် ချီးကျူးဂုဏ်ယူမိသည်။ ယနေ့အထိ မေ့မရဖြစ်နေသည်။
မသန်စွမ်းသူများအတွက်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်းသူများ ဆန္ဒမဲ ပေးပိုင်ခွင့် အပြည့်အဝရရှိစေရေး အလေးထားဆောင်ရွက် လျက်ရှိသည်။ မဲစာရင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မသန်စွမ်းသူ မဲဆန္ဒရှင်ဦးရေ ၈၄၀၃၃ ဦး ရှိသည်။ ထိုသူများ မဲစာရင်းတွင်ပါရှိမှုနှင့် မည်သည့်အမှတ်စဉ်တွင် ပါရှိကြောင်း အချက်အလက်ဖော်ပြမှုများ မှန်ကန်ကြောင်းသိရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပေးရန် လိုအပ်ပါသည်။ မဲစာရင်းတွင် မသန်စွမ်းသူများ မကျန်ရှိ စေရေးအတွက်လည်း တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး ပေးရန် လိုအပ်သည်။
မည်သည့်အချက်များကို ကြည့်ရှုစစ်ဆေးရပါမည်နည်း။
မဲစာရင်းကိုကြည့်ရှုစစ်ဆေးသည့်အခါ မိမိ၏အမည် ပါရှိပါသလား၊ အမည်ဖော်ပြထားခြင်းမှာ မှန်ကန်ပါသလား၊ ဖခင်အမည်၊ မိခင်အမည်၊ မိမိ၏မွေးသက္ကရာဇ်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာတို့ ဖော်ပြထားခြင်း မှာ မှန်ကန်ပါသလား ကြည့်ရှုစစ်ဆေးကြရမည်။ မိမိ အတွက်၊ မိမိ၏မိသားစုအတွက်၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းများအတွက် မဲစာရင်းတွင် ပါ မပါ ကြည့်ရှု စစ်ဆေးကြရသကဲ့သို့ မဲစာရင်းတွင် မပါသင့်ဘဲ ပါဝင် နေသောသူများ ရှိ မရှိကိုလည်း ကြည့်ရှုစစ်ဆေး ကြရမည်။
ကြည့်ရှုစစ်ဆေးပြီးနောက် မည်သို့ဆောင်ရွက်ကြရမည်နည်း
မဲစာရင်းကိုကြည့်ရှုစစ်ဆေးပြီးနောက် မိမိတို့၏ အမည်ပါရှိပြီး ဖော်ပြထားသည့် အချက်အလက်များ ပြည့်စုံမှန်ကန်လျှင် မိမိတို့၏ မဲစာရင်းအမှတ်စဉ်ကို မှတ်သားထားခြင်းဖြင့် ဆန္ဒမဲပေးရာတွင် အဆင်ပြေ ပါသည်။
မိမိ၏အမည်မပါရှိလျှင် ပုံစံ(၃)တွင် ပြည့်စုံစွာရေးသွင်းပြီး မဲစာရင်းတွင် ထည့်သွင်းပေးဖို့ တောင်းဆို လွှာ တင်သွင်းရမည်။ မိမိ၏အမည်ပါရှိသော်လည်း အမည်ဖော်ပြမှု မမှန်ကန်လျှင် အချက်အလက်များ ဖော်ပြမှု မှားယွင်းနေလျှင် ပုံစံ (၄-ဂ)တွင် ပြင်ဆင်လွှာ လျှောက်ထားရမည်။ အကယ်၍ မဲစာရင်းတွင် မပါဝင် သင့်သူများပါဝင်နေလျှင် ပုံစံ (၄) တွင် ပြည့်စုံစွာရေးသွင်း ၍ ကန့်ကွက်လွှာတင်သွင်းနိုင်သည်။ ယင်းပုံစံများ ရယူ ဖြည့်သွင်းပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများသို့ တင်ပြလျှောက်ထားကြရမည်ဖြစ်သည်။
မဲစာရင်းကြည့်ရှုစစ်ဆေးခြင်း၏အကျိုးရလဒ်
မဲဆန္ဒရှင်များက တာဝန်သိစိတ်ဖြင့် မဲစာရင်း ကပ်ထားကြေညာခြင်းကို လာရောက်ကြည့်ရှုစစ်ဆေး ခြင်းအားဖြင့် မိမိတို့၏ဆန္ဒမဲပေးခွင့် ဆုံးရှုံးမည်မဟုတ် တော့ပါ။ မဲဆန္ဒရှင်တိုင်း ဆန္ဒမဲပေးပိုင်ခွင့် ရရှိကြပါမည်။ ပြည့်စုံမှန်ကန်သော မဲစာရင်းတစ်ခုပေါ်ထွက်လာမည်။
ယခုကဲ့သို့ပင် နောက်ထပ်တစ်ကြိမ် အောက်တိုဘာ လထဲတွင် ၁၄ ရက်တိုင်တိုင် မဲစာရင်း ကပ်ထားကြေညာ ခြင်းကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများက ထပ်မံ ဆောင်ရွက်ကြပါမည်။ မဲဆန္ဒရှင်များအတွက် နောက်ထပ်အခွင့်အရေးတစ်ရပ် ရှိပါမည်။ ထိုအချိန် တွင်လည်းလာရောက်၍ မဲစာရင်းကို ကြည့်ရှုစစ်ဆေး ပေးကြစေလိုပါသည်။ နိုင်ငံရေးပါတီများကလည်း မိမိတို့ ပါတီဝင်များ မဲစာရင်းတွင်ပါဝင်ခြင်း ရှိ မရှိကို လည်း ကောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများက လည်း မိမိတို့၏မဲဆန္ဒရှင်များမဲစာရင်းတွင် ပါဝင်ခြင်း ရှိ မရှိကိုလည်းကောင်း မဲစာရင်းကြည့်ရှုစစ်ဆေးကြ စေရေးအတွက် နှိုးဆော်မှု ပြုပေးကြစေလိုကြောင်း ပါဗျာ။
- မဲဆန္ဒရှင်တိုင်း မဲစာရင်းသွားရောက် ကြည့်ရှုစစ်ဆေးနိုင်ကြပါစေ၊
- မဲစာရင်းတွင် သတ်မှတ်ပုံစံများဖြင့် တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်လွှာတင် သွင်းခြင်း ပြုနိုင်ကြပါစေ၊
- ပြည့်စုံမှန်ကန်သော မဲစာရင်းဖြစ်ရေး အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ကြပါစေ။
၂၀၂၀ ပြည့်နှစ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်ရာ အဆိုပါရွေးကောက်ပွဲကြီးနှင့် ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။
(စာတည်းအဖွဲ့)


