မောင်စာဂ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲပါကြေညာချက် အမှတ် (၁၁၈ / ၂၀၂၀) ဖြင့် ပြည်ပရောက်မဲဆန္ဒရှင်များက ပုံစံ(၁၅) များကို သက်ဆိုင်ရာ သံရုံးများတွင် စတင် ထုတ်ယူနိုင်မည့် နေ့ရက်နှင့် သံရုံးများသို့ ပေးပို့နိုင်မည့် နေ့ရက်များကို ထုတ်ပြန်ကြေညာခဲ့သည်။ တစ်ဆက် တည်းမှာပင်  ပြည်တွင်းရှိ   သက်ဆိုင်ရာမဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်  ထုတ်ပြန်ခဲ့သည်။ ဤတွင် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် မဲစာရင်း တွင်အမည်ပါရေးအတွက် မည်သို့လိုက်နာဆောင်ရွက်သွားကြပါမည်နည်း။  အနှစ်ချုပ်မျှဝေပါရစေ။

 

ပြည်ပရောက်ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ

ရွေးကောက်ပွဲကျင်းပသည့်အချိန်၌ နိုင်ငံပြင်ပတွင် ရောက်ရှိနေသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သံအဖွဲ့ဝင်များ၊ သံရုံးအဖွဲ့ဝင်များ၊ ပညာတော်သင်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊   ပြည်ထောင်စု အစိုးရ၏  ခွင့်ပြုချက်ဖြင့်   နိုင်ငံပြင်ပတွင်  ရောက်ရှိနေသူများနှင့် ယင်းတို့အသီးသီး၏ အိမ်ထောင်စုဝင် များသည် ကြိုတင် ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ  ဖြစ်ကြ သည်။  ထိုသူများသည်  သက်ဆိုင်ရာမဲဆန္ဒနယ်၏ ပြင်ပ သို့    ရောက်ရှိနေပြီး   နိုင်ငံပြင်ပရောက်   မဲဆန္ဒရှင်များ ဖြစ်သည်။

 

မဲဆန္ဒနယ်ပြင်ပရောက်    ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူများ

ရွေးကောက်ပွဲကျင်းပသည့်အချိန်၌ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေသော   တပ်မတော်သား များ၊ ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရ သူများနှင့် ဆေးရုံသို့တက်ရောက် ကုသခံနေရသူများသည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဖြစ်ကြသည်။ ထိုသူများသည် သက်ဆိုင်ရာမဲဆန္ဒနယ်၏ ပြင်ပသို့   ရောက်ရှိနေပြီး   ပြည်တွင်းရှိ   မဲဆန္ဒရှင်များ ဖြစ်သည်။

 

ပုံစံ (၁၅) ဆိုသည်မှာ

ပုံစံ ( ၁၅ ) သည်  သက်ဆိုင်ရာ လွှတ်တော်ရွေးကောက် ပွဲ  နည်းဥပဒေများ၏ နည်းဥပဒေ ၅၆ (က) နှင့် ၅၇ (က) တို့အရ   သတ်မှတ်ပေးသည့်ပုံစံဖြစ်သည်။  သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများက ယင်းပုံစံတွင်ဖြည့်သွင်းပြီး ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးခွင့်ပြုရန်    တောင်းဆိုသည့်ပုံစံဖြစ်သည်။ ဖြည့်သွင်းရန်အချက်   (၉)  ချက်  သတ်မှတ်ထားသည်။

 

ဖြည့်သွင်းရမည့်အချက် (၉) ချက်မှာ တောင်းဆိုသူ၏အမည်၊  တိုင်းရင်းသားလူမျိုး၊   မှတ်ပုံတင်အမှတ်၊ မွေးသက္ကရာဇ် (အသက်)၊ အဘအမည်၊ အမိအမည်၊ တောင်းဆိုသူ၏ အမြဲတမ်းနေရပ်လိပ်စာ၊   တောင်းဆိုသူ ယခုရောက်ရှိနေသည့်  ရပ်ကွက်/ကျေးရွာ၊ မြို့နယ်/ဌာန (ပြည်တွင်း) နှင့်   တောင်းဆိုသူ ယခုရောက်ရှိနေသည့် ရပ်ကွက်/ကျေးရွာ၊ မြို့နယ်၊   နိုင်ငံ (ပြည်ပ)  ခွဲခြားဖော်ပြ ရန်တို့ ဖြစ်သည်။

 

ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး

မဲဆန္ဒနယ်ပြင်ပရောက် (ပြည်တွင်း + ပြည်ပ) ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေ ရေးမှာ မဲဆန္ဒရှင်များအပိုင်းက  လိုက်နာဆောင်ရွက်ရမည့် အချက်များရှိသည်။ တာဝန်ရှိသူများအပိုင်းက လိုက်နာဆောင်ရွက်ရမည့် အချက်များရှိသည်။ နှစ်ဖက်စလုံးက မိမိတို့လိုက်နာဆောင်ရွက်ရမည့်  အပိုင်းတွင် တာဝန်ကျေပွန်စွာဆောင်ရွက်ကြဖို့သည်   အရေးကြီးသည်။

 

ပြည်ပရောက်    ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ လိုက်နာရမည်မှာ

ပြည်ပရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် မိမိတို့ကြိုတင်မဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) များကို ၃-၇-၂၀၂၀ ရက်နေ့မှစ၍ သက်ဆိုင်ရာ သံရုံးများတွင် စတင်၍ ထုတ်ယူနိုင်ကြပါသည်။ ထို့အပြင် ယင်းပုံစံ (၁၅) များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website၊ နိုင်ငံခြားရေးဝန်ကြီးဌာန  Website နှင့် သက်ဆိုင်ရာသံရုံး Website များမှလည်း Download ရယူနိုင်သည်။

 

ပုံစံ (၁၅)  များကို   ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် ဖြည့်စွက်ပါ။  အထူးအရေးကြီးသည်မှာ မိမိ၏ အမြဲတမ်း နေရပ်လိပ်စာဖြစ်သည့် ပြည်တွင်းက လိပ်စာကိုလည်း မှန်မှန်ကန်ကန် ဖော်ပြရမည်။ မိမိရောက်ရှိနေသည့် ပြည်ပနိုင်ငံအတွင်းရှိ  မိမိနေထိုင်ရာလိပ်စာကိုလည်း မှန်မှန် ကန်ကန် ဖြည့်သွင်းဖို့   လိုအပ်သည်။   ပုံစံ (၁၅) များကို ဖြည့်သွင်းပြီးလျှင် သတ်မှတ်ထားသည့်အတိုင်း ၁၆-၇-၂၀၂၀ ရက်နေ့ မှ ၅-၈-၂၀၂၀ ရက်နေ့အတွင်း  သက်ဆိုင်ရာ သံရုံးများသို့  ပြန်လည်ပေးပို့ကြရမည်ကို သတိမူကြရပါမည်။

 

မဲဆန္ဒနယ်ပြင်ပရောက်ပြည်တွင်းရှိ ကြိုတင်ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများလိုက်နာရမည်မှာ

မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းရှိကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် ပုံစံ (၁၅) များကို မိမိရောက်ရှိ နေသည့် သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများ၏  အကြီးအမှူးများထံမှ တောင်းယူပါ။ ပုံစံ (၁၅) များကို မှန်မှန်ကန်ကန် ဖြည့်သွင်းပါ။ အထူးသဖြင့်  မိမိအမြဲတမ်း နေထိုင်သည့်နေရာ၏  နေရပ်လိပ်စာတို့ကို မှန်မှန်ကန်ကန် ဖြည့်သွင်းပါ။ ဖြည့်သွင်းပြီးပုံစံများကို အကြီးအမှူးများက သတ်မှတ်ပေးသည့်နေ့ရက်တွင် အချိန်မီပြန်ပို့ပါ။ အကြီး အမှူးသည် ပုံစံ (၁၅) များကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲများ သို့ ၂၆-၈-၂၀၂၀ ရက်နေ့အရောက် ပေးပို့သွားမည်ဖြစ်သည်။

 

တာဝန်ရှိသူများအပိုင်း 

(နိုင်ငံခြားရေးဝန်ကြီးဌာနက ဆောင်ရွက်ရမည်မှာ)

နိုင်ငံပြင်ပတွင် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများက ကြိုတင်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံခြား ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပေးရမည်ဟူ၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ    ဥပဒေပုဒ်မ  ၄၇ (ခ) တွင် ပြဋ္ဌာန်းထားသည်။

 

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၃-၇-၂၀၂၀ ရက်စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မေတ္တာ ရပ်ခံသည့်အနေဖြင့် ပေးပို့သည့်စာ၌လည်း  ဤသို့ ဖော်ပြ ထားသည်-

 

သက်ဆိုင်ရာသံရုံး၊  အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးများသည် အတည်ပြုထားသော ပုံစံ(၁၅) များကို သက်ဆိုင်ရာမဲဆန္ဒရှင်များအား ဖြန့်ဖြူးပေးပြီးနောက် မဲဆန္ဒရှင်များက   ဖြည့်သွင်းပြီးသည့်   ပုံစံ (၁၅) များကို  ၁၆-၇-၂၀၂၀ ရက်နေ့တွင် စတင်လက်ခံရမည်။

 

မဲဆန္ဒရှင်များသည် ပုံစံ (၁၅) များဖြည့်သွင်းပြီး သက်ဆိုင်ရာ   သံရုံး၊   အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးများသို့ ၅-၈-၂၀၂၀ ရက်နေ့ နောက်ဆုံး ထား၍ ပေးပို့ရမည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာနသည်  မဲဆန္ဒရှင်များက ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅)  များကို     ကော်မရှင်သို့ ၁၉-၈-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်။

 

ကော်မရှင်သည် နိုင်ငံပြင်ပရှိ ကြိုတင်ဆန္ဒမဲပေးမည့် သူများအတွက် ဆန္ဒမဲလက်မှတ်နှင့်    စာအိတ်များကို ၂၃-၉-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍  နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ပေးပို့မည်ဖြစ်ပြီး  နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံပြင်ပမှ  ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များကို   ကော်မရှင်သို့   ၂၈-၁၀-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍  ပေးပို့ရမည်။

 

အထက်ပါလုပ်ငန်းစဉ်များ အောင်မြင်ချောမွေ့စေရန် အစိုးရခွင့်ပြုချက်ဖြင့်     နိုင်ငံပြင်ပရောက်ရှိနေသူ များ ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာ   လုပ်ငန်းလမ်းညွှန်ချက် နှင့်အညီ ဆောင်ရွက်သွားရေးဖြစ်သည်။ ဤသို့ဆောင်ရွက် မည်ဆိုလျှင်   နိုင်ငံပြင်ပရောက်ရှိနေသူများ   ကြိုတင်မဲ ပေးခြင်းလုပ်ငန်းများ   အောင်မြင်စွာ  ဆောင်ရွက်သွားနိုင်မည်။

 

ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကဆောင်ရွက်ရမည်မှာ

သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပသို့  ရောက်နေသော (ပြည်တွင်း) တပ်မတော်သားများ၊  သင်တန်းသားများ၊ အချုပ်ခံနေရသူများနှင့် ဆေးရုံသို့တက်ရောက်ကုသခံနေရသူများသည် ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲက   စီစဉ်ပေးရမည်ဟူ၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများဥပဒေပုဒ်မ ၄၅ (က) တွင် ပြဋ္ဌာန်းထားသည်။

 

မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများ၏ အကြီးအမှူးများက ပုံစံ (၁၅) များ တောင်းခံလာလျှင် အသင့်ဖြစ်အောင် စီစဉ်ထားရှိရမည်။ သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများ၏ အကြီးအမှူးများက မဲဆန္ဒရှင်များ ဖြည့် သွင်းပြီးသည့်ပုံစံများကိုပြန်ပို့၍  လက်ခံရရှိသည့်အခါ သက်ဆိုင်ရာ    ရပ်ကွက်နှင့်  ကျေးရွာအုပ်စု   ကော်မရှင် အဖွဲ့ခွဲများသို့ ပေးပို့ရမည်။

 

ရပ်ကွက်နှင့်   ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ သည် မြို့နယ်ကော်မရှင်အဖွဲ့ခွဲကပေးပို့လာသည့် ပုံစံ (၁၅)များကို    လက်ခံရရှိသည့်အခါ   မဲဆန္ဒနယ်ပြင်ပရောက် (ပြည်တွင်း) ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများစာရင်း  ပုံစံ (၁-၁) တွင် ဖြည့်သွင်းရမည်။   မိတ္တူတစ်စောင်ကို မိမိတို့ ကော်မရှင် အဖွဲ့ခွဲရုံးတွင်   ကပ်ထားရသည်။  ဤသို့ဖြင့် ကြိုတင်ဆန္ဒမဲပေးခွင့် မဆုံးရှုံးတော့ပါ။

 

မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည်     မိမိတို့မြို့နယ် အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ မဲဆန္ဒနယ် ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေမိသားစုများ၏ အမည်စာရင်းရရှိစေရေးအတွက် သက်ဆိုင်ရာ   တပ်မှူးထံမှ တောင်းယူရမည်။ ထိုစာရင်းများရရှိသည့်အခါ သက်ဆိုင် ရာ  ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ဆက်လက်ပေးပို့ရမည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ သည် ယင်းစာရင်းများကိုစိစစ်၍ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့်  ဆန္ဒမဲပေးရမည့် တပ်မတော်သားများနှင့်  အတူနေအိမ်ထောင်စု၀င်များ၏ စာရင်းကို ပုံစံ (၁-၂) ဖြင့် ရေးမှတ်ထားရမည်။ ဤသို့ဖြင့် ကြိုတင်ဆန္ဒမဲ ပေးခွင့် မဆုံးရှုံးတော့ပါ။

 

မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကပေးပို့လာသော နိုင်ငံပြင်ပ ရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ပုံစံ (၁၅) များကို လက်ခံရရှိသည့်အခါ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသို့ ဆက်လက်ပေးပို့ရမည်။ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ ခွဲသည်   ယင်းစာရင်းများကိုစိစစ်၍   မဲဆန္ဒနယ်ပြင်ပ ရောက် (နိုင်ငံပြင်ပ)  ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ၏စာရင်း  ပုံစံ (၁-၃) တွင် ဖြည့်သွင်းရမည်။ မိတ္တူတစ် စောင် ကို မိမိတို့ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားရမည်။ ဤသို့ဖြင့် ကြိုတင်ဆန္ဒမဲပေးခွင့် မဆုံးရှုံးတော့ပါ။

 

အကြီးအမှူးကဆောင်ရွက်ရမည်မှာ

သင်တန်း၊ ကျောင်း၊   ဆေးရုံ၊   အချုပ်ခန်းတို့၏ အကြီးအမှူးများသည် ကြိုတင်ဆန္ဒမဲပေးခွင့် ရှိသူများက ဖြည့်သွင်းပြီးတင်ပြလာသော ပုံစံ (၁၅) များကို သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ ၂၆-၈-၂၀၂၀ ရက်နေ့အရောက် ပေးပို့သွားရန်ဖြစ်သည်။ အကယ်၍ ၂၆-၈-၂၀၂၀ ရက်နေ့ နောက်ပိုင်းတွင်မှ ရောက်ရှိလာသူများရှိခဲ့သော်  ယင်းတို့၏ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေ ရေးအတွက် သက်ဆိုင်ရာ  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်သွား ရန်ဖြစ်သည်။

 

မဲစာရင်းတွင်အမည်ပါရှိရေးသည် ကနဦးလိုအပ်ချက်ပါ

ယခုဖော်ပြချက်များသည် ဆန္ဒမဲပေးခြင်းအဆင့်သို့ မရောက်သေးပါ။    ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ   မဲစာရင်းတွင်  အမည်ပါရှိရေးကို  ဦးတည်ထားသည်။ မဲစာရင်းတွင် အမည်ပါမှ ဆန္ဒမဲပေး ပိုင်ခွင့်ရှိမည်ဖြစ် သည်။   မဲစာရင်းတွင် အမည်ပါရှိရေးသည် ကနဦး လိုအပ်ချက်ဖြစ်သည်။ မဲဆန္ဒနယ် ပြင်ပရောက်ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိရအောင် ပုံစံ (၁-၁)၊ (၁-၂)၊ (၁-၃)   မဲစာရင်းများတွင်   အမည်ပါရှိရေး သက်ဆိုင်ရာမဲဆန္ဒရှင်များ၊ ဌာနအသီးသီးမှ အကြီးအမှူး များ၊  ရွေးကောက်ပွဲကော်မရှင်နှင့်  ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက် ကြခြင်းဖြင့်သာ    အဆင်ပြေချောမွေ့သွားနိုင်မည်ဟု ယုံကြည်မိကြောင်းပါဗျာ။

 

မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင် အမည် စာရင်းပါရှိရေး    သတ်မှတ်ပုံစံများတွင် ပြည့်စုံမှန်ကန်စွာ   ရေးသွင်းဆောင်ရွက်နိုင် ကြပါစေ၊

 

မဲဆန္ဒရှင်များအားလုံး   ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း အကြီးအမှူးများ နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများက ပြည်သူတို့နှင့်အတူ  ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေ။        ။

 

၂၀၂၀ ပြည့်နှစ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်ရာ အဆိုပါရွေးကောက်ပွဲကြီးနှင့် ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင်ပါရှိသည့် အ‌ကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။

(စာတည်းအဖွဲ့)