မောင်စာဂ

အဋ္ဌမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာများကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်တို့က ညီလာခံအဖွင့်အမှာစကားများ ပြောကြားခဲ့သည်။


ယင်းညီလာခံတွင် မြန်မာနိုင်ငံရှိ မီဒီယာများနှင့် ရွေးကောက်ပွဲများဟူသော ခေါင်းစဉ်ကြီးကို အခြေခံ၍ ရွေးကောက်ပွဲနှင့် မီဒီယာများအခန်းကဏ္ဍ၊ ရွေးကောက် ပွဲများနှင့် သတင်းထောက်များ၏ ဘေးကင်းလုံခြုံရေး၊ ဆိုရှယ်မီဒီယာခေတ်အတွင်းမှ ရွေးကောက်ပွဲများ၊ တိုင်းရင်းသားဒေသ၊ ပြည်နယ်များနှင့် တိုင်းဒေသကြီးများ ၏ ရွေးကောက်ပွဲဆိုင်ရာသတင်းမှား စိန်ခေါ်မှုများနှင့် ဖြေရှင်းခဲ့မှုများဟူ၍ အစီအစဉ် ငါးရပ်ဖြင့် ဆွေးနွေးမှုများ ပြုပါသည်။
ဤတွင်ရွေးကောက်ပွဲများ၌ သတင်းမီဒီယာများ မည်သည့်အခွင့်အရေးနှင့် တာဝန်များ ရှိကြသနည်း။ မည်သည့်အချက်များကိုဆောင်၍ မည်သည့်အချက်များ ကို ရှောင်ရပါမည်နည်း ဆိုသည်ကို မြန်မာသတင်းမီဒီယာ များကောင်စီက ၂၅-၅-၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်သည့် “ မြန်မာနိုင်ငံသတင်းမီဒီယာများအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလမ်းညွှန်” စာအုပ်မှ အနှစ်ချုပ် ကောက်နုတ်ဖော်ပြပါရစေ။

 

အခွင့်အရေးများ


ဆန္ဒမဲပေးပြီးသည့်အချိန်အထိ မဲရုံအတွင်းမှအပ အခြားနေရာများတွင် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို မထိခိုက်စေဘဲ သတင်းရယူ ရန် ပစ္စည်းကိရိယာများ အသုံးပြုခွင့်ရှိသည်။ ဥပဒေနှင့် မညီသော ရွေးကောက်ပွဲလုပ်ဆောင်ချက်များတွေ့ရှိ ပါက ကြီးကြပ်ဆောင်ရွက်နေသော ကော်မရှင်အဖွဲ့ခွဲ အသီးသီးနှင့် မဲရုံမှူးထံ အသိပေးအကြောင်းကြားခွင့် ရှိသည်။


တာဝန်ရှိခြင်း


သတင်းမီဒီယာသည် လူထုအား ရွေးကောက်ပွဲနှင့် ဆိုင်သည့် ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ အသိ ပေးရန် ယေဘုယျတာဝန်ရှိသည်။ အများပြည်သူ ဝန်ဆောင်မှုမီဒီယာ ( Public Media) များသည် ပို၍ တာဝန်ရှိသည်။
သတင်းမီဒီယာသည် မဲဆန္ဒရှင်အများစုအတွက် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို ထပ်ဆင့်ဖြန့်ဝေသည့် အရင်းအမြစ်တစ်ခုဖြစ်သည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းအတွင်း သတင်းအရင်းအမြစ် တစ်ခုအဖြစ်ရှိနေသည့် သတင်းမီဒီယာသည် ရွေးကောက်ပွဲ မည်သို့ကျင်းပ၍ ပါတီများနှင့်ကိုယ်စားလှယ်လောင်းများ မည်သို့ယှဉ်ပြိုင်ကြမည်ကို အများ ပြည်သူသို့ သတင်းအချက်အလက်ပေးရန် တာဝန်ရှိ သည်။
ရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေးပါတီများက ဖြစ်စေ၊ ရွေးချယ်ခံမည့်ကိုယ်စားလှယ်လောင်းက ဖြစ်စေ ထုတ်ဖော်ပြောဆိုသမျှအား အရင်းအတိုင်းဖော်ပြသည့် အတွက် သတင်းမီဒီယာကျင့်ဝတ်အရ သတင်းမီဒီယာ များတွင် တာဝန်ရှိသည်ဟု မယူဆနိုင်။ သို့ရာတွင် ထိုပြောဆိုသမျှကို ထောက်ခံခြင်း၊ လိုက်လျော အတည် ပြုခြင်းများ သတင်းမီဒီယာများက မပြုရ။ နိုင်ငံရေး အရပြောဆိုသမျှသည် သိသိသာသာ ထိခိုက်အန္တရာယ်ရှိ နိုင်ကြောင်း ကျိုးကြောင်းခိုင်လုံ ထင်ရှားစွာ သိသာနေ ပါက ဖော်ပြသည့် မီဒီယာတွင်တာဝန်ရှိသည်။


ဆောင်ရန် (DO’s) အချက်များ

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများ၏ အခန်းကဏ္ဍနှင့် မဲပေးရန် အဘယ့်ကြောင့် အရေးကြီး ကြောင်းတို့ကို မဲဆန္ဒရှင်များအား အသိပေးတင်ပြ ရမည်။


မဲစာရင်းပြင်ဆင်ခြင်း(ဥပမာ မဲစာရင်းတွင် မိမိနာမည် ပါဝင်မှု ရှိ မရှိ သေချာအောင် လုပ်ဆောင်ရမည်)။ ကြိုတင် မဲပေးခြင်းနည်းလမ်း၊ မဲပေးရန်အချိန်၊ နေရာ၊ မဲပေးပုံပေး နည်းစသည့် နည်းပညာအချက်အလက်ကို မဲဆန္ဒရှင်များ အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အသိ ပညာပေးထုတ်ပြန်ချက်နှင့်အညီ ရှင်းလင်း အသိပေးတင်ပြ ရမည်။ လျှို့ဝှက်မဲပေးခြင်းအရေးကြီးပုံကို မဲဆန္ဒရှင်များအား ရှင်းလင်းအသိပေးရမည်။ ရွေးကောက်ပွဲ ၏ လုပ်ငန်းစဉ်များ ကို မဲဆန္ဒရှင်များအား အသိပေးရပါမည်။


သတင်းအချက်အလက်မှန်ကန်ပြီး မျှတ၍ ဟန်ချက် ညီသော သတင်းနှင့် မျက်မှောက်ရေးရာထုတ်လွှင့်ရေးသား မှုများကို အမြဲတမ်းဖော်ပြတင်ဆက်ရန်၊ သတင်းနှင့် မျက်မှောက်ရေးရာ အစီအစဉ်များကို ရွေးချယ်တင်ဆက်ရာ တွင် နိုင်ငံရေးအရ ထည့်သွင်းစဉ်းစားမှုများထက် သတင်း တန်ဖိုးအပေါ်အခြေခံ၍ ရွေးချယ်ရန်၊ အာဏာရပါတီနှင့် အခြားဦးဆောင်ပါတီများအကြောင်း သတင်းဖော်ပြရာတွင် ဘက်လိုက်မှုမရှိကြောင်းသေချာရန်၊ ပါတီများ၊ ကိုယ်စား လှယ်လောင်းများမှပေးပို့သော ကြေညာချက်များ၊ ကြော်ငြာများ၊ တိုက်ရိုက်တွေ့ဆုံမှုအစီအစဉ်များ၊ တိုက်ရိုက် ထုတ်ပြန်ချက်များ (ဥပမာ-အင်တာဗျူး) ကို အရင်အတိုင်း ဖော်ပြရန်။


အထက်ပါအချက်များမှလွဲ၍ ပါတီများ၊ ကိုယ်စားလှယ် လောင်းများ၏ ထုတ်ပြန်ချက်များက အန္တရာယ်ဖြစ်စေနိုင် ကြောင်း သိသာထင်ရှားပါက ( ဥပမာ- ဆူပူအကြမ်းဖက်မှု ဖြစ်အောင် လှုံ့ဆော်သည့် သဘောဆောင်ပါက) ၎င်း ထုတ်ပြန်ချက်များကို ဖော်ပြဖို့ငြင်းဆိုရန်၊ ရွေးကောက်ပွဲ ဆက်စပ်အကြောင်းအရာ ဖော်ပြချက်နှင့် ပတ်သက်၍ သတင်းမီဒီယာကျင့်ဝတ်ကို ချိုးဖောက်သော အချက် အလက်မှားယွင်းမှုနှင့် ဂုဏ်သိက္ခာကျဆင်းစေသည့် ဖော်ပြ ချက်များအား ဖြစ်နိုင်သမျှ မြန်ဆန်စွာ ပြန်လည်ပြင်ဆင်ချက် ဖော်ပြပေးရန်။ ပုံနှိပ်မီဒီယာဆိုပါက နောက်တစ်စောင် သို့မဟုတ် ရုပ်/သံလွှင့် မီဒီယာဆိုပါက အနီးစပ်ဆုံးအချိန်၌ ဖော်ပြရမည့်အပြင် အွန်လိုင်းမှတစ်ဆင့် အမြန်ဆုံးဖော်ပြရန် (ဆိုလိုသည်မှာ ဝက်ဘ်ဆိုက် သို့မဟုတ် ဖေ့စ်ဘုတ်ခ်တို့မှ)။ သတင်းမီဒီယာများသည် ရွေးကောက်ပွဲအောင်နိုင်သူကို ခန့်မှန်းသည့်ကိစ္စတွင် တိကျစွာ တာဝန်ယူလုပ်ဆောင်ရ မည်။


လိုက်နာကျင့်သုံးရမည့် မီဒီယာကျင့်ဝတ်စံနှုန်းများနှင့် အညီ ဆောင်ရွက်သော ဘလော့ဂါများနှင့် အခြားအွန်လိုင်း မီဒီယာအသုံးပြုသူများရေးသားတင်ပြသည့် သတင်း အကြောင်းအရာများကိုသာ အသုံးပြုပါ။ သတင်းကိုဖတ်သူ၊ ကြည့်ရှုသူ၊ နားထောင်သူများက တင်ပြသော အကြောင်း အရာများကို ရှင်းလင်းစွာ ခွဲခြားဖော်ပြပါ။ အွန်လိုင်း သတင်းအကြောင်းအရာများ ကြည့်ရှုခြင်းကြောင့် အန္တရာယ် ကျရောက်လွယ်သည့် ပရိသတ်၊ အထူးသဖြင့် ကလေးများ နှင့် အမျိုးသမီးများ၊ မသန်စွမ်းသူများကဲ့သို့သော ပရိသတ် အပေါ် ထိခိုက်နိုင်မှုကို သေချာစွာ ကာကွယ်ပေးနိုင်ရန် အထူးစီမံဆောင်ရွက်ချက်များ ပြုလုပ်ထားပါ။ ထိုကဲ့သို့ သော သတင်းအကြောင်းအရာများ ဖြန့်ဖြူးနိုင်သည့်၊ ပြန်လည်ဖြန့်ဝေနိုင်သည့် အခြားနည်းလမ်းများကိုလည်း ထည့်သွင်းစဉ်းစားပါ။ နိုင်ငံရေးဆိုင်ရာ သဘောထားအမြင် များကို တင်ပြသည့်အခါ သတင်းသမားများသည် မိမိ အလုပ်လုပ်နေသောမီဒီယာ၏ သဘောထားအမြင် လုံးဝ မဟုတ်ကြောင်း သိသာစေရန် အထူးဂရုစိုက်ရမည်။


ရှောင်ရန် ( Don’ts) အချက်များ

မဲစာရင်းပြုစုခြင်း၊ မဲပေးခြင်းတို့နှင့်ပတ်သက်၍ မဲဆန္ဒ ရှင်များကို မှားယွင်းစွာ သတိပေးခြင်း၊ သတင်းအလွန်အကျွံ ဖော်ပြခြင်း သို့မဟုတ် ပါတီ၊ ကိုယ်စားလှယ်လောင်းတစ်ဦးဦး ကို လိုသည်ထက်ပို၍ အကောင်းအဆိုးဖော်ပြခြင်း မပြုလုပ် ရ။ ရွေးကောက်ပွဲနှင့်ပတ်သက်သော သတင်းယူကြမည့် သတင်းမီဒီယာသမားများသည် နိုင်ငံရေးပါတီများကို ကိုယ်စားပြုသည့် အင်္ကျီ သို့မဟုတ် ဦးထုပ် သို့မဟုတ် အခြားပစ္စည်းများ မဝတ်ဆင်ရ။


ပါတီများ၊ ကိုယ်စားလှယ်လောင်းများက ပေးပို့သော ထုတ်ပြန်ချက်များကို အားပေးခြင်း ထောက်ခံခြင်း မပြုရ။ ပါတီများ၊ ကိုယ်စားလှယ်လောင်းများထံမှ အန္တရာယ်ဖြစ်စေ နိုင်သော ထုတ်ပြန်ချက်များကို ဖော်ပြခြင်းမပြုရ။ သတင်း မီဒီယာကောင်စီသည် (တိုင်ကြားမှုများအပေါ်တွင်) ရွေးကောက်ပွဲဆက်စပ်အကြောင်းအရာ ဟုတ် မဟုတ်နှင့် သတင်းမီဒီယာကျင့်ဝတ် ဖောက်ဖျက်မှု ရှိ / မရှိ စဉ်းစားရာ တွင် ကြန့်ကြာမှု မရှိရ။


သတင်းကို ဆက်လက်ဖြန့်ဝေခြင်းသည် ဥပဒေနှင့် မညီခြင်း သို့တည်းမဟုတ် သတင်းသမားကျင့်ဝတ်စံနှုန်း ကို ချိုးဖောက်ရာရောက်ခြင်းဖြစ်စေမည့် အချို့သော အခြေအနေမျိုးတွင် သတင်းကို အွန်လိုင်းမှ ဖြုတ်ပယ် ခြင်းသည် တရားဝင်ပါသည်။ ယင်းသို့သော အခြေအနေ မျိုးတွင် မည်သို့ဆောင်ရွက်ရမည့် မူဝါဒရှင်းလင်းစွာ ချမှတ်ထားရမည်ဖြစ်သည်။ အဆိုပါမူဝါဒတွင် အွန်လိုင်းပေါ်မှသတင်းကို မည်သည့်အချိန်တွင် မည်သည့်အကြောင်းကြောင့် ဖြုတ်ပယ်လိုက် ကြောင်း၊ ဥပမာ မှန်ကန်တိကျမှုမရှိခြင်းကြောင့် ဖြုတ်ပယ်လိုက်ခြင်း၊ ယင်းသတင်းအစား အခြား သတင်းကို ထပ်မံဖြည့်စွက်တင်ပြခြင်း စသည့်အချက် အလက်များကို ပရိသတ်အား အသိပေးရန် လိုအပ် သည်။ ယင်းအခြေအနေမျိုးမှလွဲ၍ သတင်းသမားသည် အွန်လိုင်းပေါ်မှ သတင်းဖြုတ်ပယ်ခြင်းတွင် ပါဝင်ခြင်း မရှိရ။


လူမှုမီဒီယာမှတစ်ဆင့် အွန်လိုင်းပေါ်တွင် သီးသန့် ပုဂ္ဂိုလ်ရေးအဖြစ် ဖြန့်ဝေသော အကြောင်းအရာကို ထိပါးခြင်းမပြုရပါ။ အနည်းငယ်မျှသော မိတ်ဆွေအုပ်စု တစ်ခုအတွင်း မျှဝေထားလျှင်ပင် ထိပါးခြင်း မပြု ရပါ။


ရွေးကောက်ပွဲနှင့် သတင်းမီဒီယာများကဏ္ဍ

ရွေးကောက်ပွဲများတွင် သတင်းမီဒီယာများပါဝင်မှု အခန်းကဏ္ဍ အရေးကြီးသည်။ ပြည်သူအားလုံးအတွက် ရွေးကောက်ပွဲဖြစ်သည်။ သတင်းမီဒီယာသမား များသည်လည်း ပြည်သူများ ဖြစ်သည်။ သတင်းမီဒီယာ သမားများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များ ထဲမှ မဲဆန္ဒရှင်များလည်း ဖြစ်ကြသည်။ ရွေးကောက်ပွဲ တွင် သတင်းမီဒီယာသမားများကလည်း ဆန္ဒမဲပေး ကြမည်။ ဆန္ဒမဲပေး၍ မိမိတို့ကြိုက်နှစ်သက်သူများကို မိမိတို့၏ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ကြမည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး လွတ်လပ်စွာနှင့် လျှို့ဝှက်ဆန္ဒမဲပေးနိုင်ကြရမည်။ လွတ်လပ်မျှတသော၊ ပွင့်လင်းမြင်သာသော၊ အများယုံကြည်လက်ခံနိုင်သော ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်သည်။


ထို့ကြောင့် သတင်းမီဒီယာသမားများသည် အခြားသောကဏ္ဍများတွင် သတင်းရယူခြင်း၊ သတင်း ထုတ်ပြန်ခြင်းတို့ထက် ရွေးကောက်ပွဲတွင် သတင်းရယူ ခြင်း၊ သတင်းထုတ်ပြန်ခြင်းသည် ပို၍အရေးကြီးသည်ဟု ဆိုနိုင်သည်။ သို့ဖြစ်ရာ သတင်းမီဒီယာသမားများသည် မြန်မာနိုင်ငံ သတင်းမီဒီယာသမားများအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလမ်းညွှန်စာအုပ်ပါ အချက်များကို လိုက်နာလျက် သတင်းများရယူခြင်း၊ သတင်းများထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ကြခြင်း အားဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အင်အားတစ်ရပ်ဖြစ်စေ လိုပါကြောင်း။


သတင်းမီဒီယာသမားများ၏စွမ်းအားဖြင့်-
သတင်းတု၊ သတင်းမှားများကို ချေဖျက်နိုင် ကြပါစေ၊

နိုင်ငံတော်နှင့်ပြည်သူတို့အတွက် မှန်ကန် တိကျသောသတင်းများ ဖော်ဆောင်နိုင် ကြပါစေ၊

လွတ်လပ်မျှတ၊ သန့်ရှင်းသော ရွေးကောက် ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ပါစေ။