မောင်စာဂ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် သတ်မှတ်ကြေညာထားသည့် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင ်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ၂၀-၇-၂၀၂၀ ရက်နေ့မှစ၍ အမည်စာရင်းများ တင်သွင်းခဲ့ကြသည်။ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းလွှာများကို လက်ခံခြင်း၊ စိစစ်ခြင်းများ ပြုလုပ်ပြီးနောက်  အတည်ပြုကြေညာခြင်း လုပ်ငန်းများကို ၃၀-၈-၂၀၂၀ (တနင်္ဂနွေနေ့) ရက်နေ့က ကြေညာခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းမှုနှင့် အတည်ပြုမှု အခြေအနေ မည်သို့ရှိသနည်း။ အနှစ်ချုပ်မျှဝေပါရစေ။

 

ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှု

အခြေအနေ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးတွင်  ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် ၂၀-၇-၂၀၂၀ ရက်နေ့မှ ၇-၈-၂၀၂၀ ရက်နေ့အထိ တင်သွင်းခဲ့ကြသည်။ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း များအတွက် အမည်စာရင်းတင်သွင်းခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင်    အမည်စာရင်းတင်သွင်း ခဲ့ကြသည်။

 

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုအခြေအနေမှာ   ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်တွင် ၁၉၄၈ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ၉၈၈ ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် ၃၈၈၀ ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် တွင် ၂၁၄ ဦး  စုစုပေါင်း  ၇၀၃၀ တို့  အမည်စာရင်း တင်သွင်းခဲ့သည်။

 

အမည်စာရင်းတင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းခြင်း

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် အမည် စာရင်းတင်သွင်းလွှာရုပ်သိမ်းသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ခုနစ်ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ခြောက်ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒ နယ်တွင် ၁၂ ဦး၊ တိုင်းရင်းသားလူမျိုးလွှတ်တော်မဲဆန္ဒ နယ်တွင်  တစ်ဦး စုစုပေါင်း ၂၆ ဦးရှိသည်။

 

အမည်စာရင်းတင်သွင်းလွှာများကိုစိစစ်ခြင်း

ပြည်သူ့လွှတ်တော်၊    အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး    သို့မဟုတ်    ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်း ထားသူ၏ အမည်စာရင်း တင်သွင်းလွှာသည် သတ်မှတ် ချက်များနှင့် ညီညွတ်မှု ရှိ/မရှိ၊ လက်ခံရန် သင့်/မသင့်ကို သတ်မှတ်ထားသည့်အတိုင်း  ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ကော်မရှင်အဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင် အဖွဲ့ခွဲက စိစစ်သည်။ တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် အမည်စာရင်းတင်သွင်း လွှာကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက    စိစစ်သည်။ စိစစ်ခြင်းလုပ်ငန်းကို ၁၀-၈-၂၀၂၀ ရက်နေ့မှ ၁၇-၈-၂၀၂၀ ရက်နေ့အတွင်း ဆောင်ရွက်သည်။

 

ကန့်ကွက်နိုင်ခွင့်ရှိခြင်း

သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲက စိစစ်သည့်အချိန်တွင်  သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်းတင်သွင်းထားသူသည် မိမိတင်ပြလိုသော အထောက်အထားများကို တင်ပြခွင့် ရှိသည်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူသည် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်မရှိကြောင်း သို့မဟုတ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းများနှင့် ပြည့်စုံခြင်းမရှိ ကြောင်းကို ထိုကိုယ်စားလှယ်လောင်း ရွေးကောက်ခံမည့် မဲဆန္ဒနယ်မှ ယှဉ်ပြိုင်ရွေးကောက်ခံသည့် ကိုယ်စားလှယ် လောင်းတစ်ဦးဦးက လုံလောက်သော အထောက်အထား များတင်ပြ၍ သတ်မှတ်ထားသည့်အတိုင်း ကန့်ကွက်နိုင် သည်။ လုံလောက်သော အထောက်အထားများ တင်ပြနိုင် ခြင်း  မရှိပါက ကန့်ကွက်၍မရပါ။ 

 

[သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၅ (က)၊ (ခ) ]

မည်သည့်အခါပယ်ခွင့်ရှိခြင်း

သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် အမည်စာရင်းတင်သွင်းလွှာများကို  စိစစ်ရာတွင်   မိမိ ကော်မရှင်အဖွဲ့ခွဲကဖြစ်စေ၊ ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၅ (ခ) အရ ယှဉ်ပြိုင်ရွေးကောက်ခံသည့်         သက်ဆိုင်ရာ   လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဦးက လုံလောက်သော အထောက်အထားများ တင်ပြ၍  ကန်ကွက်သော ကြောင့်ဖြစ်စေ   အောက်ပါအကြောင်းတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ခိုင်လုံသော အထောက်အထားတွေ့ရှိပါက အမည်စာရင်းတင်သွင်းလွှာကို ပယ်နိုင်သည်-

 

[နည်းဥပဒေ ၂၇]

(က) လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမည် စာရင်းတင်သွင်းလွှာတွင် ဖော်ပြထားသော အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား အမှတ်တို့သည်    သက်ဆိုင်ရာ မဲစာရင်းတွင် ပါရှိသောအမည်နှင့်   နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြားအမှတ်တို့နှင့် ကိုက်ညီမှုမရှိခြင်း၊

 

(ခ) အမည်စာရင်းတင်သွင်းလွှာကို လိမ်လည်ပြုလုပ် တင်သွင်းခြင်း၊

 

(ဂ) လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ရွေး ကောက်ပွဲဥပဒေအရ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့် မရှိသူဖြစ်ခြင်း သို့မဟုတ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းများနှင့် ပြည့်စုံသူမဟုတ်ခြင်း၊

 

(ဃ) အမည်စာရင်းတင်သွင်းရာတွင် လည်းကောင်း၊ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေပေးသွင်းရာတွင် လည်းကောင်း   ရွေးကောက်ပွဲနည်း ဥပဒေများနှင့်အညီ ဆောင်ရွက်ရန်   ပျက်ကွက်ခြင်း၊

 

အပယ်ခံရသူဦးရေ

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက ၁၀-၈-၂၀၂၀ ရက်နေ့မှ  ၁၇-၈-၂၀၂၀  ရက်နေ့အတွင်း     စိစစ်မှုလုပ်ငန်းများ    ဆောင်ရွက်ခဲ့သည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မိမိတို့၏စိစစ် တွေ့ရှိချက်အရ     အမည် စာရင်းတင်သွင်းလွှာများကို ပယ်ကြောင်း ဆုံးဖြတ်ခဲ့သည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ ရှိသကဲ့သို့ ယှဉ်ပြိုင်အရွေးခံသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက အထောက်အထား     ခိုင်လုံစွာဖြင့်     ကန့်ကွက်သဖြင့်     ပယ်ကြောင်း  ဆုံးဖြတ်ခဲ့သည့်   လွှတ်တော် ကိုယ်စားလှယ်လောင်းများလည်း ရှိသည်။

 

သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ချမှတ် သည့်အမိန့်အပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ အယူခံ တင်သွင်းခဲ့သည်များလည်း ရှိသည်။  အယူခံမှုကိုစိစစ်သည့် ကော်မရှင်အဖွဲ့ခွဲက မူလကော်မရှင်အဖွဲ့ခွဲ၏  အမိန့်ကို အတည်ပြုခြင်း သို့မဟုတ် ပြင်ဆင်အမိန့်ချမှတ်ခြင်းများလည်း ရှိသည်။

 

ထိုကဲ့သို့ စိစစ်ဆုံးဖြတ်ချက်များအရ အမည်စာရင်း တင်သွင်းလွှာများကို အပယ်ခံရသည့် လွှတ်တော်ကိုယ်စား လှယ်လောင်း စုစုပေါင်း ၃၅ ဦး ရှိသည်။

 

ဥပဒေပုဒ်မ ၅၃ အရ ဆောင်ရွက်ခြင်း

သက်ဆိုင်ရာ  လွှတ်တော်ရွေးကောက်ပွဲဥပဒေ  ပုဒ်မ ၂၇ (ခ) တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ၏  အဆုံးအဖြတ်သည် ပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်မှတစ်ပါး အပြီးအပြတ်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားသည်။  အဆိုပါ  ပြဋ္ဌာန်းချက်အရ   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၃ အရ ပြန်လည် စိစစ်ပေးရန် လျှောက်ထားသူ ငါးဦး၊ ပြည်ထဲရေးဝန်ကြီးဌာန စိစစ် ပြန်ကြားချက်အရ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈(ခ)၊ ၁၀ (င) တို့နှင့် ငြိစွန်းလျက်ရှိသော်လည်း သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက အမည် စာရင်းတင်သွင်းလွှာကို လက်ခံထားသူ တစ်ဦးရှိကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၃ အရ သက်ဆိုင်ရာ အမှုတွဲစာရွက်စာတမ်းများကို တောင်းယူ စိစစ်ပြီး ၂၈-၈-၂၀၂၀ ရက်နေ့နှင့် ၃၁-၈-၂၀၂၀ ရက်နေ့ များတွင် ဆုံးဖြတ်ချက်အမိန့်များ ချမှတ်ခဲ့ပြီးဖြစ်သည်။

 

နိုင်ငံရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းသည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများအနက် မူလပါတီမှ  နုတ်ထွက်ခွင့်မရသေး သူ ရှစ်ဦးပါဝင်နေကြောင်း  တွေ့ရှိရသဖြင့်  နိုင်ငံသား တစ်ယောက်၏ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံး ရှုံးစေရန်အတွက်      ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၃ အရ ပြန်လည်စိစစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း   ခြောက်ဦးကို   ယင်းတို့၏ လျှောက်ထား တင်ပြချက်အရ   တစ်သီးပုဂ္ဂလအဖြစ် ပြောင်းလဲသတ်မှတ်ကြောင်း  ဆုံးဖြတ်ချက်  အမိန့် ချမှတ်ပေးခဲ့သည်။

 

အတည်ပြုကြေညာခြင်း

လွှတ်တော်အလိုက် အတည်ပြုလွှတ်တော်  ကိုယ်စားလှယ်လောင်းများပါဝင်မှု   အခြေအနေမှာ ပြည်သူ့လွှတ်တော်တွင်   နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း  ၁၈၆၃ ဦးနှင့်  တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၇၁ဦး ဖြစ်၍  စုစုပေါင်း ၁၉၃၄ ဦး  ရှိသည်။   အမျိုးသား လွှတ်တော်တွင် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၄၇ ဦးနှင့်   တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၉ ဦးဖြစ်၍  စုစုပေါင်း  ၉၇၆ ဦး ရှိသည်။ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွင် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း  ၃၇၀၀ နှင့်   တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း  ၁၄၇ ဦး   ဖြစ်၍ စုစုပေါင်း ၃၈၄၇ ဦး  ရှိသည်။   တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင်   နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် လောင်း  ၁၇၉ ဦး နှင့်  တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၃ ဦး ဖြစ်၍ စုစု ပေါင်း ၂၁၂ ဦးဖြစ်သည်။ လွှတ်တော် သုံးရပ်ပေါင်း အနေဖြင့် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၆၈၉ ဦးနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၈၀ ဖြစ်၍ စုစုပေါင်း ၆၉၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

 

ပြိုင်ပွဲခရီးစတင်ကြရပါတော့မည်

လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အတည် ပြုကြေညာခြင်းခံရသူများသည် ၂၀၂၀ ပြည့်နှစ် နိုဝင် ဘာလ ၈ ရက်နေ့တွင်  ကျင်းပမည့်  အထွေထွေ ရွေးကောက်ပွဲတွင်  ပါဝင်ယှဉ်ပြိုင်ကြရပါတော့ မည်။ ရွေးကောက်ပွဲပြိုင်ပွဲခရီး စတင်ကြရပါတော့မည်။  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကလည်း    လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ကြေညာပေးရပါတော့မည်။ အားလုံးသော လွှတ်တော်ကိုယ်စား လှယ်လောင်းများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရ ပါတော့မည်။

 

အထူးအားဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီးက   ဆိုင်ရာမဲရုံများတွင်  ထားရှိမည့် မဲရုံ ကိုယ်စားလှယ်များ၊ အကူကိုယ်စားလှယ်များ ခန့်ထား နိုင်ရေး စိစစ်ရွေးချယ်ကြရန် အရေးကြီးပါသည်။ မဲဆွယ် စည်းရုံးရေးလုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရင်း  မိမိတို့ခန့်အပ်သွားမည့်  မဲရုံကိုယ်စား လှယ်၊   အကူကိုယ်စားလှယ်များကို   ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးသင်တန်းများ စီစဉ်ပို့ချသွားကြရန် လိုအပ်မည်ဟု ထင်မြင်မိကြောင်းပါ။  

 

မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ သတ်မှတ် ချက်များနှင့်အညီ ဆောင်ရွက်နိုင်ကြပါစေ၊

 

အားကိုးထိုက်သော  မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များ ခန့်ထားဆောင်ရွက် နိုင်ကြပါစေ၊

 

လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပြိုင်ပွဲခရီး ချောမောအောင်မြင်ကြပါစေ။

 

၂၀၂၀ ပြည့်နှစ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်ရာ အဆိုပါရွေးကောက်ပွဲကြီးနှင့် ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင်ပါရှိသည့် အ‌ကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။

(စာတည်းအဖွဲ့)