မောင်စာဂ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပါမည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရစဉ်ကာလအတွင်း ထူးခြားသော လက္ခဏာ အသွင်သဏ္ဏာန်များဖြင့် ကျင်းပရမည့် ရွေးကောက်ပွဲကြီးလည်းဖြစ်ပါမည်။ ရွေးကောက်ပွဲကျင်းပခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းတို့သည် နိုင်ငံ့အရေး၊ ပြည်သူ ပြည်သားများ၏အရေး၊ နိုင်ငံသား အားလုံး၏အရေးဖြစ်သည်။  နိုင်ငံ့တာဝန်၊ ပြည်သူပြည်သားများ၏တာဝန်၊ နိုင်ငံသားများ၏တာဝန်၊ ကိုယ်စီကိုယ်စီတာဝန်များ ရှိကြသည်။ တာဝန်ကိုယ်စီယူကြရသည်။ အနှစ်ချုပ်မျှဝေပါရစေ။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအခြေအနေ

ကမ္ဘာနိုင်ငံအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ဆိုးရွာစွာကူးစက်ခံနေရသည်။ မြန်မာနိုင်ငံ တွင်လည်း ၂၀၂၀ ပြည့်နှစ် မတ်လဆန်းလောက်က စတင်ကူးစက်ခံရသည်။ ဩဂုတ်လကုန်အထိ ကူးစက်ခံရသူပေါင်း ရာဂဏန်းကျော်ခန့်သာရှိသည်။  တစ်နေ့လျှင် ကူးစက်ခံရသူ ဦးရေ ခုဂဏန်းမျှ သာရှိသည်။ သေဆုံးသူဦးရေ ၆ ဦး သာရှိခဲ့သည်။

 

ဩဂုတ်လအကုန် စက်တင်ဘာလဆန်းလောက်ကစတင်၍ ရခိုင်ပြည်နယ်တွင် ထောင်ဂဏန်းကျော်အထိ ကူးစက်ခံရသည်မှစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းပါ ကူးစက်မှုပိုမို များပြားလာခဲ့သည်။ ဒုတိယလှိုင်းဟု အဆိုရှိကြသည်။ ကျန်ဒေသကြီးအချို့ပါ ကူးစက်ခံရမှုများ ရှိလာခဲ့သည်။ ရောဂါပိုးသံသယရှိသူများ တစ်နေ့တစ်နေ့လျှင် ဆယ်ဂဏန်းကျော်မှ ရာဂဏန်းကျော် အထိ ရှိလာသည်။ အားလုံးသတိပြုဆင်ခြင်သွားလာ နေထိုင်ကြရပါမည်။

 

ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ခြင်း

ကိုဗစ်-၁၉ ရောဂါ စတင်ကူးစက်ခံရချိန်မှစတင်၍ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေး ဆိုင်ရာ ဆောင်ရွက်ခြင်းလုပ်ငန်းများကို နိုင်ငံတော်အစိုးရက အမျိုးသားရေးလုပ်ငန်းတာဝန်၊ နိုင်ငံ့ တာဝန်အဖြစ် ခံယူသည်။ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ကို ဖွဲ့စည်းသည်။ ဗဟိုကော်မတီက မူဝါဒများ၊ လမ်းညွှန်ချက်များချမှတ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်သည်။ အချိန်အခါနှင့် အခြေအနေပေါ်မူတည်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို သတ်မှတ်ထုတ်ပြန်ခဲ့သည်။ ပြည်သူများ ပါဝင်ပူးပေါင်းလိုက်နာကြရန်လည်း နှိုးဆော်ခဲ့ကြသည်။

 

ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက ချမှတ်သော မူဝါဒလုပ်ငန်း စဉ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော စည်းမျဉ်း စည်းကမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများက လိုက်နာပူးပေါင်း ပါဝင်ခဲ့ ကြသည်။ လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာ၊  လိုအပ်သည့်ငွေ၊ ပစ္စည်း၊ လိုအပ်သည့် လုပ်အား ဒါနများကို စေတနာသဒ္ဒါတရား၊ စိတ်အား၊ ခွန်အား၊ ပညာအား၊ ဇွဲ၊ လုံ့လအားတို့ဖြင့် ပါဝင်လုပ်ဆောင်၊ ကူညီပံ့ပိုးလှူဒါန်းမှုများ ပြုကြသည်။ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အိပ်စက်၊ နားနေ၊ သွားလာ၊ လှုပ်ရှားနေထိုင်၊ လုပ်ကိုင်၊ အသက်မွေးဝမ်းကြောင်းပြုရင်းဖြင့် မိမိတို့ တတ်နိုင်သည့်အခန်းကဏ္ဍမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြသည်။

 

ညီညွတ်ခြင်း၏အင်အား

နိုင်ငံတော်တာဝန်ရှိအကြီးအကဲများ၊ ပြည်သူပြည်သားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ အသိပညာရှင်အတတ်ပညာရှင်များ အစရှိသည့် အလွှာအသီးသီးမှ နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့သည် တာဝန်ကိုယ်စီ၊ အသိကိုယ်စီဖြင့် အရေးကြီးက သွေးစည်းကြရမည် ဆိုစကားနှင့်အညီ ညီညွတ်စွာပူပေါင်းဆောင်ရွက်ကြသည်။ ညီညွတ်ခြင်း၏အင်အားဖြင့် ပထမအကြိမ်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကြီးကို နိုင်နင်းစွာ ဆောင်ရွက်နိုင်ခဲ့သည်။

 

ယခုတဖန် ဒုတိယလှိုင်းဟုအဆိုရှိသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ပိုမိုများပြားလာ   သော်လည်း ပထမအကြိမ်ကဲ့သို့ပင် နိုင်ငံတော်အစိုးရနှင့်ပြည်သူ၊ ပြည်သူနှင့်နိုင်ငံတော်အစိုးရတို့ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြခြင်း၏အင်အားဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အချိန်တို အတောအတွင်း ကောင်းမွန်စွာ ကာကွယ်ထိန်းချုပ်သွားနိုင်ပါမည်။

 

ကိုဗစ်-၁၉ ကပေးသောအလေ့အကျင့်

ကိုဗစ်-၁၉ က ကမ္ဘာ့လူသားများကို စည်းကမ်းတကျဖြစ်စေသည်။ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု၊ စားသောက်မှု၊ အိပ်စက်အနားယူမှု၊ ပြောဆိုဆက်ဆံမှု၊ ဝတ်စားဆင်ယင်မှု စသည့် စားဝတ်နေရေး၊ လူမှုဆက်ဆံရေးတို့ကို တိုးတက်ကောင်းမွန်အောင် သင်ပြပေးသည်။ တစ်ဦးနှင့် တစ်ဦး တန်ဖိုးထားမှု၊ အပြန်အလှန်နားလည်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာထောက်ထားမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ သည်းခံခွင့်လွှတ်မှု၊ ကိုယ်ချင်းစာနာမှု၊ သနားကြင်နာမှု၊ သစ္စာရှိမှု၊ မေတ္တာကရုဏာ ထားမှု၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနများ ကင်းစင်မှုစသည့် စိတ်ကောင်း၊ စေတနာကောင်းများ ဖြစ်ထွန်းစေသည်။ ဤအလေ့အကျင့်တို့ကို မြန်မာနိုင်ငံသူ နိုင်ငံသားများလည်း ရရှိလိုက်ကြသည်။

 

ကိုဗစ်-၁၉ ကပေးသောအစွမ်းသတ္တိ

ကိုဗစ်-၁၉ က ကမ္ဘာ့လူသားများအား ဆန်းသစ်၊ တီထွင်၊ ဖန်တီးမှုအသိပညာ၊ အတတ်ပညာ အသစ်များပေးသည်။ စိန်ခေါ်မှုမှန်သမျှ တောင့်ခံနိုင်သောစွမ်းအား၊ အခက်အခဲမှန်သမျှ ရင်ဆိုင်နိုင် သော၊ ကျော်လွှားနိုင်သော၊ ဖြတ်သန်းနိုင်သော၊ ထိုးဖောက်နိုင်သော ရဲစွမ်းသတ္တိများ ဖြစ်ထွန်းစေ သည်။ လူသားတို့၏ မိမိကိုယ်ကိုယုံကြည်မှု မြင့်မားစေသည်။ စည်းလုံးညီညွတ်မှု ခိုင်မာစေသည်။ ပူးပေါင်းဆောင်ရွက်မှု ထက်သန်စေသည်။ စေတနာ၊ ပညာ၊ ဇွဲ၊ လုံ့လ၊ ဝိရိယတို့ အားကောင်း စေသည်။ ဤအစွမ်းသတ္တိတို့ကို မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးလည်း ရရှိလိုက်ကြသည်။

 

ကိုဗစ်-၁၉ က အလိုရှိသောကမ္ဘာ

ကိုဗစ်-၁၉ က ကမ္ဘာသူ၊ ကမ္ဘာသားများအား အသိပေးအချက်ပြလိုက်သည်လား အောင့်မေ့ ရသည်။  ကမ္ဘာကြီးအား တည်ငြိမ်သောကမ္ဘာ၊ ငြိမ်းချမ်းသောကမ္ဘာ၊ သာယာသောကမ္ဘာ၊ လှပသော ကမ္ဘာ၊ ဖွံ့ဖြိုးတိုးတက်သာကမ္ဘာကြီး ဖြစ်စေချင်သည်။ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး စည်းလုံးညီညွတ် ကြစေချင်သည်။  အတ္တလွန်ကဲမှုများ၊ အစွန်းရောက်လွန်းခြင်းများ ချုပ်ငြိမ်းစေလိုသည်။ အဓမ္မမှုများ ပပျောက်၍ ဓမ္မများလွှမ်းခြုံထားစေချင်သည်။ လူသားဝါဒ ဖြစ်ထွန်းစေချင်သည်။ မိမိကိုယ်ကို လူသားဟုမြင်သကဲ့သို့ အခြားသူများကိုလည်း လူသားဟုမြင်စေချင်သည်။ ဤသည်တို့ကို ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး သတိမူအလေးထားလာကြသည်။ အသိတရားများ ရရှိလာကြသည်။

 

ရွေးကောက်ပွဲ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးသည် ပြည်သူများ၏ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် လွှတ်တော်အသီးသီးကို ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများကို ပြန်လည် ဖွဲ့စည်းနိုင်ရေးအတွက်လည်းကောင်း ကျင်းပမည့် ရွေးကောက်ပွဲဖြစ်သည်။

 

ဤကဲ့သို့အရေးကြီးသော ရွေးကောက်ပွဲကြီးကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရသည့် အချိန် ကာလအတွင်း ကျင်းပရပါမည်။ ကိုဗစ်-၁၉ ရောဂါသည် မည်သည့်အချိန်တွင် မည်သို့သောအခြေ အနေမျိုးရှိမည်ကို ခန့်မှန်းတွက်ချက်နိုင်ခြင်းလည်း မပြုနိုင်ကြပါ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊     ထိန်းချုပ်၊ ကုသနိုင်ရေးက အရေးကြီးသလို ရွေးကောက်ပွဲကျင်းပခြင်းကလည်း ယင်း၏အနှစ်သာရ၊ လုပ်ငန်းသဘောအရ အရေးကြီးသည်။  နိုင်ငံတကာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရစဉ် ကာလအတွင်းမှာပင် သတ်မှတ်ထားသည့်နေ့ရက်များတွင် ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြသည်။ ကိုဗစ်-၁၉ ၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့ကြသည်။

 

ကိုယ်စီတာဝန်ကျေပွန်ကြပါစို့

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းနှင့် ရွေးကောက်ပွဲကျင်းပခြင်းလုပ်ငန်းစဉ် နှစ်ခုစလုံးသည် နိုင်ငံ့အရေး၊ ပြည်သူပြည်သားများ၏အရေး၊ နိုင်ငံသားအားလုံး၏အရေး ဖြစ်သည်။ နိုင်ငံ့တာဝန်၊ ပြည်သူပြည်သားများ၏တာဝန်၊ နိုင်ငံသားများ၏ တာဝန်၊ ကိုယ်စီကိုယ်စီ တာဝန်များ ရှိကြသည်။

 

နိုင်ငံ့တာဝန်၊ ပြည်သူပြည်သားများ၏တာဝန်၊ နိုင်ငံသားများ၏တာဝန်၊ ကိုယ်စီကိုယ်စီ တာဝန်များ ကျေပွန်စွာ လိုက်နာဆောင်ရွက်ကြခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ကြသည်။ တစ်ပြိုင်နက်တည်း ရွေးကောက်ပွဲကြီးကို  အောင်မြင်အောင် ကျင်းပသွားနိုင်ကြခြင်းအားဖြင့် နိုင်ငံ့တာဝန်၊ ပြည်သူပြည်သားများ၏တာဝန်၊ နိုင်ငံသား များ၏တာဝန်၊ ကိုယ်စီကိုယ်စီ တာဝန်ကျေပွန်ကြကြောင်းကိုလည်း ပြသကြရပါမည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကျင်းပသည့်အခါ ပြည်သူများမှ ဘေးကင်း လုံခြုံ ယုံကြည်စိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးနိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်ကာလအတွင်း ရွေးကောက်ပွဲများ ကျင်းပခဲ့သည့်နိုင်ငံများ၏ အတွေ့အကြုံသင်ခန်းစာများကို ရယူသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အစဉ်တစိုက် ဆွေးနွေးညှိနှိုင်း ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ် စည်းရုံးရာတွင် လိုက်နာရမည့် စံလုပ်ငန်းလမ်းညွှန်များကို ထုတ်ပြန်ပေးခဲ့သည်။ မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ စီမံခန့်ခွဲသူများလိုက်နာရမည့် စံလုပ်ငန်းလမ်းညွှန်များနှင့် မဲရုံအသီးသီးတွင် ဆန္ဒမဲ ပေးရမည့် ပြည်သူများအားလုံး အဆင်ပြေချောမောစွာ ဆန္ဒပြုမဲပေးနိုင်ရေး အစီအမံများကိုလည်း ဆက်လက် ထုတ်ပြန်သွားပါဦးမည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲများနှင့် ရွေးကောက်ပွဲစီမံခန့်ခွဲသူ များ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်ပြည်သူများ၊ ရွေးကောက်ပွဲ လေ့လာသူများအပါအဝင် ပြည်သူတစ်ရပ်လုံးသည် ကိုဗစ်-၁၉က ရရှိသော အလေ့အကျင့်၊ အသိ၊ သတိနှင့် ရဲစွမ်းသတ္တိများ ရှိကြရပါမည်။ အားလုံးညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် မဲဆန္ဒရှင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါအန္တရာယ်မှကင်းဝေးပြီး စိတ်အေးချမ်းသာယာ ပျော်ရွှင်စွာဖြင့် ရွေးကောက်ပွဲကြီးကို အောင်မြင်အောင်ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်းပါဗျာ။

 

ကိုဗစ်-၁၉ ရောဂါကို အားလုံးကိုယ်စီတာဝန်ဖြင့် ပူးပေါင်းကာကွယ်၊ ထိန်းချုပ် ကျော်လွှား နိုင်ကြပါစေ၊

 

ရွေးကောက်ပွဲကြီးတွင် ကိုယ်စီတာဝန်ကျေပွန်စွာဖြင့် ပူပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါစေ၊

 

ရွေးကောက်ပွဲကြီး ဘေးကင်းလုံခြုံ ချောမောအောင်မြင်စွာ ကျင်းပနိုင်ပါစေ။