မဲရုံကိုသွားလို့ မဲပေးကြပါစို့

မောင်စာဂ
၂ဝ၂ဝ ပြည့်နှစ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်ရာ အဆိုပါရွေးကောက်ပွဲကြီးနှင့် ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။
(စာတည်းအဖွဲ့)
ပြည်သူတွေမျှော်လင့်တောင့်တလာခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် နှစ်ရက်သာ လိုပါသည်။ ပြည်သူတွေဝမ်းသာနေကြသည်။ မဲရုံကိုသွားလို့ မဲပေးကြဖို့ အဆင်သင့်ဖြစ်နေကြပြီ။ မဲရုံကိုသွားဖို့ မည်သို့ကြိုတင်ပြင်ဆင်ကြရပါမည်နည်း။ မည်သို့ မည်ပုံ ဆန္ဒမဲပေးကြရပါမည်နည်း။ အနှစ်ချုပ်မျှဝေပါရစေ။
မဲရုံကိုသွား၍ ဆန္ဒမဲပေးကြရမည့်သူများ
မဲစာရင်းတွင် အမည်ပါရှိသူများသည် မဲရုံသို့ သွားရောက်၍ ဆန္ဒမဲပေးကြရပါမည်။ သို့ရာတွင် ကြိုတင် ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးပြီးကြသူများသည် မဲရုံသို့ သွားရောက်၍ ဆန္ဒမဲပေးပိုင်ခွင့် မရှိကြပါ။ ကြိုတင်ဆန္ဒမဲ ပေးပြီးသူများသည် မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးကြမည်ဆိုလျှင် နှစ်ကြိမ်ဆန္ဒမဲပေးခြင်း ဖြစ်သဖြင့် ပြစ်မှုကြောင်းအရ တရားစွဲဆိုခြင်းခံရမည်ဖြစ်သဖြင့် ထောင်ဒဏ် တစ်နှစ်နှင့် ငွေဒဏ်ကျပ်တစ်သိန်းအထိ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံစေနိုင်ပါသည်။
ကိုယ်တိုင်ဆန္ဒမဲပေးကြရမည်
မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးမည့်သူများသည် မဲဆန္ဒရှင်ကိုယ်တိုင်သွားရောက်၍ ဆန္ဒမဲပေးရမည် ဖြစ်သည်။ သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲပေးခြင်း မပြုရပါ။ ထိုသို့ပြုလျှင် ပြစ်မှုကြောင်းအရ တရားစွဲဆိုခြင်း ခံရမည်။ ထောင်ဒဏ်တစ်နှစ် နှင့် ငွေဒဏ်ကျပ်တစ်သိန်းအထိ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံစေနိုင်ပါသည်။
အကူအညီလိုအပ်ခဲ့လျှင်
မဲရုံသို့ သွားရောက်၍ ဆန္ဒမဲပေးမည့်သူသည် ဆန္ဒမဲလက်မှတ်ပေါ်ရှိ အမည်များကို မဖတ်တတ်လျှင် သို့မဟုတ် ညွှန်ကြားထားသည့်အတိုင်း ဆန္ဒမဲမပေးတတ်လျှင် မဲစာရင်း၌ပါရှိသော မိမိ၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ညီအစ်ကိုမောင်နှမအရင်း တစ်ဦးဦးအား မိမိအတွက် အကူအညီပေးရန် မဲရုံအတွင်းသို့ ခေါ်ဆောင်ဝင်ရောက်ခွင့်ရှိသည်။ ထိုသူများမရှိလျှင် မဲရုံမှူး၏အကူအညီကို ရယူနိုင်သည်။ ထိုသူတစ်ဦးဦး၏ အကူအညီဖြင့် မိမိနှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်ဆန္ဒပြုမဲပေးနိုင်သည်။ ။
မဲဆန္ဒရှင်သည် မသန်စွမ်းသူဖြစ်လျှင် မဲစာရင်း၌ ပါရှိသော မဲဆန္ဒရှင်၏ ဖခင်၊ မိခင်၊ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ ညီအစ်ကို မောင်နှမအရင်းတစ်ဦးဦး သို့မဟုတ် မသန်စွမ်းသူကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားသော သူတစ်ဦးဦးအား မိမိအတွက် အကူအညီပေးရန် မဲရုံအတွင်းသို့ ခေါ်ဆောင်ဝင်ရောက်ခွင့်ရှိသည်။ ထိုသူ၏ အကူအညီဖြင့် မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်ဆန္ဒပြုမဲပေးနိုင်သည်။
မဲရုံဖွင့်ချိန်နှင့် ပိတ်ချိန်
မဲရုံကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီတွင် စတင်ဖွင့်လှစ်မည်။ ထိုအချိန်မှစတင်၍ မဲရုံအတွင်းဝင်ရောက်ကာ ဆန္ဒမဲပေးနိုင်သည်။ ထိုနေ့ ညနေ ၄ နာရီထိုးသည့် အချိန်တွင် မဲရုံပိတ်မည်။ မဲရုံပိတ်ချိန် ညနေ ၄ နာရီ ထိုးပြီးမှ မဲရုံသို့ရောက်လာလျှင် ဆန္ဒမဲပေးခွင့်ရနိုင်မည် မဟုတ်ပါ ။ သို့ရာတွင် မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ညနေ ၄ နာရီမထိုးမီ သတ်မှတ်ထားသော မဲရုံပရိဝုဏ်အတွင်းသို့ ရောက်ရှိနေပါက မဲပေးခွင့်ရရှိမည်ဖြစ်သည်။ ညနေ ၄ နာရီထိုးသည်နှင့် မဲရုံပရိဝုဏ်အတွင်း ရောက်ရှိနေသူများကို မဲရုံမှူးက စာရင်းကောက်ယူမည်ဖြစ်သည်။ ယင်းစာရင်းထဲတွင် မိမိ၏ အမည်ပါရှိသွားဖို့ အထူးဂရုပြုရပါမည်။
မဲရုံသို့သွားတော့မည်ဆိုလျှင်
မဲရုံသို့သွားတော့မည်ဆိုပါက မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်ပါ။ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိခဲ့သော် မိမိ၏တရားဝင် ထုတ်ယူထားသော ကျောင်းသားကတ် သို့မဟုတ် ကြက်ခြေနီကတ် သို့မဟုတ် အရန်မီးသတ်တပ်ဖွဲ့ဝင်ကတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင်တစ်ခုခု စသည်တို့ကို ယူဆောင်သွားပါ။ ယင်းကတ်များမရှိပါက မိမိသည်မဲစာရင်းတွင် ပါရှိသူ မှန်ကန်ကြောင်း ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာယူသွားပါ။ ထို့ပြင် မိမိအားဝေငှထားသော မဲစာရင်းသက်သေခံ အထောက်အထား လက်မှတ်ယူဆောင်သွားပါ။ ကိုဗစ်-၁၉ ကာလ ဖြစ်၍ ပါးစပ်၊ နှာခေါင်းစည်း (Mask) များတပ်ဆင်သွားပါ။
မဲရုံသို့ရောက်သည့်အခါ
မဲရုံသို့ရောက်သည့်အခါ မဲရုံသို့ဝင်ရောက်ရန် တန်းစီနေရာယူပါ။ သတ်မှတ်ထားသည့်အတိုင်း တစ်ဦးနှင့် တစ်ဦးခြောက်ပေခန့်အကွာ နေရာယူပါ။ အချို့မဲရုံများတွင် မဲဆန္ဒရှင်ဦးရေ များပြားသဖြင့် အဆိုင်းနှစ်ဆိုင်း သို့မဟုတ် သုံးဆိုင်းခွဲ၍ တန်းစီစေခြင်းများ ရှိတတ်သည်။ မည်သည့် အဆိုင်းတွင် မိမိဝင်ရောက်တန်းစီရမည်ကို မေးမြန်းပါ။ တာဝန်ရှိသူများ၏ ညွှန်ကြားမှုကိုခံယူပါ။ သတ်မှတ်နေရာများတွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်များသန့်စင်ဆေးကြောခြင်း စသည်တို့ကို တာဝန်ရှိသူနှင့် ပူးပေါင်းဆောင်ရွက်ပါ။
ဆန္ဒပြုရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ
မိမိဆန္ဒပြုရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ၎င်းတို့၏ ပါတီလိုဂိုတံဆိပ် အမှတ်အသားတို့ကို သေချာမှတ်သားထားကြရမည်။ ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှ မြို့နယ်များတွင် နေထိုင်ကြသော မဲဆန္ဒရှင်များသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက်သာ ဆန္ဒမဲပေးကြရပါမည်။
အခြား တိုင်းဒေသကြီးများနှင့် ပြည်နယ်အတွင်းရှိ မဲဆန္ဒရှင်များသည် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းသကြီးနှင့်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် ဆန္ဒမဲပေးကြရပါမည်။ ထို့ပြင် အချို့သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၌ သတ်မှတ်ထားသည့်အတိုင်း တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်းများ ရှိခဲ့လျှင် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်များက ၎င်းတို့၏ တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက်ပါ ဆန္ဒမဲပေးကြရပါမည်။ ။
ဆန္ဒမဲပေးသည့်အခါ လွှတ်တော်ကိုယ်စားလှယ် လောင်းအားလုံးကို တစ်ပြိုင်တည်း ဆန္ဒမဲပေးခြင်း မပြုကြရပါ။ ပထမ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် ဆန္ဒမဲပေးရမည်။ ဒုတိယ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် ဆန္ဒမဲပေးရမည်။ တတိယ တိုင်းသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် ဆန္ဒမဲပေးရမည်။ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းရှိပါက ၎င်းအတွက် ဆက်လက်၍ ဆန္ဒမဲပေးရပါမည်။
မဲရုံထဲသို့ဝင်ရောက်ပြီး ဆန္ဒမဲပေးခြင်း
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် မဲစာရင်းစစ်ဆေးသူ မဲရုံအဖွဲ့ဝင်ထံ သွားရပါမည်။ မိမိ၏မဲစာရင်းအမှတ်စဉ်ကို ပြောပါ။ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမှတ်အသား ကတ်ပြားတစ်ခုခုပြသ၍ မိမိအမှန်တကယ် မဲဆန္ဒရှင်ဖြစ်ကြောင်းပြောပါ။ မှန်ကန်ပါက မဲစာရင်းစစ်ဆေးသူက မှန်ကန်ကြောင်း အတည်ပြုပါမည်။ မဲစာရင်းတွင် လက်မှတ်ရေးထိုးခြင်း သို့မဟုတ် လက်ဗွေနှိပ်ခြင်းပြုရပါမည်။
ဒုတိယ မဲလက်မှတ်ထုတ်ပေးသူထံ သွားရပါမည်။ ဆန္ဒမဲလက်မှတ်တောင်းယူရမည်။ ဆန္ဒမဲလက်မှတ်ရရှိလျှင် ဆန္ဒပြုခန်းသို့ သွားရောက်၍ လျှို့ဝှက်စွာဆန္ဒပြုရပါမည်။ ပြီးလျှင် မဲလက်မှတ်ကို သေချာပေါက်၍ ပြည်သူ့လွှတ်တော်မဲပုံးထဲသို့ ထည့်ရပါမည်။ ။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လောင်း၊ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း(ရှိလျှင်)များအတွက်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲစာရင်း စစ်ဆေးသူ၊ မဲလက်မှတ် ထုတ်ပေးသူများရှိသည်။ လွှတ်တော်အလိုက် လျှို့ဝှက်ဆန္ဒပြုခန်းများ ထားရှိသည်။ လွှတ်တော်များ မကျန်ရအောင် ဆန္ဒမဲပေးကြဖို့ အရေးကြီးပါသည်။
လွှတ်တော်အသီးသီးအတွက် ဆန္ဒမဲပေးပြီးပါက နောက်ဆုံး မဲရုံမှအထွက်တွင် ဆန္ဒမဲပေးပြီးကြောင်း မင်တို့ရန် တာဝန်ရှိသူထံတွင် မိမိ၏ လက်သန်းအား မင်တို့ခြင်းကို ခံယူပါ။ ဤတွင် ဆန္ဒမဲပေးခြင်း ပြီးမြောက်ပါသည်။ နိုင်ငံသားတစ်ဦး တာဝန်ကျေပွန်ပါသည်။ ဂုဏ်ယူကြရပါမည်။
ပယ်မဲမဖြစ်စေရေး
မဲလက်မှတ်ပေါ်တွင် ဆန္ဒပြုသည့်အခါ ပယ်မဲမဖြစ်ရေးသည် အထူးအရေးကြီးပါသည်။ မည်သို့သော ဆန္ဒမဲလက်မှတ်မျိုးသည် ပယ်မဲဖြစ်သည်ကို ကြိုတင်လေ့လာ သိရှိထားကြရပါမည်။ အဓိကအချက်ကိုပြောရလျှင် မဲလက်မှတ်ရသည့်အခါ မဲရုံမှူးလက်မှတ်ပါမပါ ကြည့်ပါ။ မဲလက်မှတ် စုတ်ပြဲနေသလား၊ အစွန်းအထင်းတွေပေနေသလား ကြည့်ပါ။ မဲရုံမှူးလက်မှတ်မပါလျှင်၊ မဲလက်မှတ်စုတ်ပြဲနေလျှင်၊ အစွန်းအထင်းပေနေလျှင် မဲလက်မှတ်ကို ပြန်လဲပေးရန်တောင်းဆိုပါ။ ဤသို့ဆိုလျှင် ပထမအဆင့် စိတ်ချရပါမည်။
ဒုတိယအဆင့် ဆန္ဒမဲလက်မှတ်ပေါ်တွင် ဆန္ဒပြုသည့်အခါ မိမိရွေးချယ်မည့် လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်သည့် တံဆိပ်နှိပ်ရမည့်အကွက် တည့်တည့်တွင် အမှန်ခြစ်တံဆိပ်တုံးကို နှိပ်ပါ။ ကိုယ်စားလှယ်လောင်း တစ်ဦးထက်ပို၍ အမှန်တံဆိပ်မနှိပ်ပါနှင့်။ ဆန္ဒမဲ လက်မှတ်ပေါ်တွင် အမှတ်အသားတွေ မပြုလိုက်ပါနှင့်။ ဆန္ဒပြုပြီးဆန္ဒမဲလက်မှတ်ကို သေချာခေါက်၍ မဲပုံးထဲထည့်လိုက်ပါ။ ခိုင်လုံမဲဖြစ်မည်မှာ သေချာပါသည်။ မိမိ၏ပြုလုပ်မှုကြောင့် မဲလက်မှတ် စုတ်ပြဲခြင်း သို့မဟုတ် အစွန်းအထင်းနေခြင်း မဟုတ်လျှင် ခိုင်လုံမဲအဖြစ် သတ်မှတ်ပါသည်။
ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ကြပါစေ
ကိုဗစ်-၁၉ ကာလ မဲရုံကိုသွား၍ ဆန္ဒမဲပေးကြမည်ဖြစ်၍ မဲရုံသို့သွားစဉ်၊ မဲရုံသို့ရောက်စဉ်၊ မဲရုံအတွင်းဝင် ရောက်၍မဲပေးစဉ်နှင့်၊ မဲရုံမှ ပြန်လည်ထွက်ခွာစဉ် အချိန်များတွင် လူစုလူဝေးမဖြစ်စေဘဲ တာဝန်ရှိသူများ၏ ညွှန်ကြားမှုများကို ခံယူ၍ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ ထိုသို့ လိုက်နာဆောင်ရွက်ကြခြင်းအားဖြင့် ဘေးကင်းလုံခြုံစိတ်ချစွာဖြင့် မိမိတို့ကြိုက် နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေး ရွေးချယ်နိုင်ကြပါမည်။ မဲရုံသို့သွားလို့ ဆန္ဒမဲတွေပေးကြ ပါစို့ဟူ၍ နှိုးဆော်တိုက်တွန်းလိုက်ပါရစေ။ ။
ကြိုတင်ဆန္ဒမဲပေးပြီးသူများမှအပ မဲဆန္ဒရှင်တိုင်း မဲရုံသို့သွား၍ ဆန္ဒမဲပေးနိုင်ကြပါစေ။
ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကိုလိုက်နာ၍ ဘေးကင်းလုံခြုံစိတ်ချစွာ ဆန္ဒမဲ ပေးနိုင်ကြပါစေ ။
မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ဆန္ဒမဲပေးနိုင်ကြပါစေ။


