၂၀၂၀ ရွေးကောက်ပွဲဖြင့် နိုင်ငံ့ဂုဏ်မြင့်ခဲ့ပါပြီ

၁၃ နိုင်ဝင်ဘာ

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး သည်ကား နိုဝင်ဘာလ ၈ ရက်နေ့တွင် အောင်မြင်ချောမောစွာ ကျင်းပပြီးစီးခဲ့ပါပြီ။ ရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် ရွေးကောက်တင်မြှောက်ခံရသူများစာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉ အရ ထုတ်ပြန် ကြေညာနေပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ကလည်း တစ်ပြည်လုံးအတိုင်းအတာနှင့် သိရှိနိုင်ရန် ကြေညာပေးလျက်ရှိသည်။ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ၏ အခြေအနေနှင့် အနှစ်ချုပ်ကိုအကျဉ်းချုပ် မျှဝေပါရစေ။

ရွေးကောက်ပွဲကျင်းပခြင်း

ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်စုစု ပေါင်း ၃၃၀ နေရာတွင် ၃၁၅ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာတွင် ၁၆၁ နေရာ၊ တိုင်းဒေသကြီး နှင့်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ၆၄၄ နေရာတွင် ၆၁၂ နေရာနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် နေရာများတွင် ၂၉ နေရာတို့အတွက် ကျင်းပပေးခဲ့သည်။ ရွေးကောက်ပွဲများကျင်းပသည့် မဲဆန္ဒနယ်အားလုံးတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်စုစုပေါင်း ၃၇၂၆၈၈၇၆ ဦးရှိသည်။ မဲဆန္ဒရှင် ရာခိုင်နှုန်း၏တော်တော်များများက လာရောက် မဲပေးခဲ့ကြသည်ကို တွေ့ရသည်။ ရာခိုင်နှုန်းမည်မျှထိ လာရောက်ဆန္ဒမဲပေးသည်ကိုမူ အားလုံးစာရင်းပေါင်းချုပ် ပြုစုပြီးပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပေးပါလိမ့်မည်။

ဝင်ရောက်ယှဉ်ပြိုင်ခြင်း

ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅၆၅ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၇၇၉ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၁၁၂ ဦးနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈၃ ဦး စုစုပေါင်း ၅၆၃၉ ဦးရှိသည်။ ယင်းတို့တွင် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၃၇၉ ဦးနှင့် တစ်သီး ပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၂၆၀ ဦးတို့ ပါဝင်သည်။ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ စုစုပေါင်းမှာ ၈၇ ပါတီဖြစ်သည်။

မဲရုံများထားရှိခြင်း

လွှတ်တော်မဲဆန္ဒနယ် အသီးသီးအတွက် မဲရုံစုစုပေါင်းမှာ ၃၉၉၆၂ ရုံ ဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကျရောက်နေသောကာလ ဖြစ်သောကြောင့် မဲရုံများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးစံလုပ်ငန်း အပိုင်း (၂) တွင် သတ်မှတ် ထားချက်များနှင့်အညီ မဲရုံများကို ပြင်ဆင်ဖွဲ့စည်းထားသည်။ ယာယီတည်ဆောက်ထားသည့် မဲရုံများကိုလည်း အတော်များများတွေ့ရှိရသည်။

မဲရုံများအားလုံးနီးပါး ကျယ်ကျယ်ဝန်းဝန်းရှိသည်။ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များအတွက် နေရာချစီမံထားရှိမှု စနစ်တကျရှိသည်ကို တွေ့ရသည်။ မဲရုံဝန်ထမ်းများအားလုံး ကျန်းမာရေး စံလုပ်ငန်း လမ်းညွှန်နှင့်အညီ ကျန်းမာရေးဆိုင်ရာအသုံးအဆောင် ပစ္စည်းများ စနစ်တကျထားရှိခြင်း၊ တပ်ဆင်ခြင်း၊ ဝတ်စား

ဆင်ယင်ခြင်းများ စီမံထားရှိသည်။ မဲရုံများ၏ ပြင်ဆင် ဖွဲ့စည်းထားရှိမှုသည် ယခင်က ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲများ၊ ကြားဖြတ်ရွေးကောက်ပွဲ များထက် ယခုကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင်မူ ထူးဆန်းစွာဖြင့်တွေ့မြင်ရသည်။ ပိုမို၍ စနစ်ကျသည်။ မဲဆန္ဒရှင်များအတွက် ပိုမို၍ စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေး နိုင်ကြသည်ဟု ခံစားမိသည်။

မဲဆန္ဒရှင်များ

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်ကာလ မဲရုံသို့လာရောက် ဆန္ဒမဲပေးသူ နည်းပါးနေလိမ့်မည် ဟု ခန့်မှန်းပြောဆိုသံများဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း ယင်းသို့မဟုတ်ပါ။ နံနက် ၄နာရီကတည်းက မဲရုံသို့ သွားရောက်တန်းစီနေရာ ယူခဲ့ကြသည့် မဲဆန္ဒရှင်များကိုတွေ့ရသည်။ မဲမပေးလိုက် ရမည်ကိုစိုးရိမ်၍ လာရောက်ကြသည်ဟု ဆိုသည်။

မဲရုံဖွင့်ချိန် ၆ နာရီတွင် တန်းစီထားသည့် မဲဆန္ဒရှင်တွေ တစ်မျှော်တစ်ခေါ် မြင်တွေ့ခဲ့ရသည်။ အချို့မဲရုံများတွင် မဲဆန္ဒရှင်များ အဆိုင်းနှစ်ဆိုင်းခွဲ၍ တန်းစီနေရာယူထား ကြသည်။ တစ်နေရာနှင့်တစ်နေရာ ၆ ပေခန့် အကွာ အဆိုင်းနေရာသတ်မှတ်ထားသည်။ သတ်မှတ်ထားသည့် နေရာများတွင် မဲဆန္ဒရှင်များ စနစ်တကျနေရာယူထား ကြသည်။ ပါးစပ်၊ နှာခေါင်းစည်းနှင့် မျက်နှာဖုံးကာဗာများ တပ်ဆင်ထားကြသည်။ ယခင့်ယခင် ရွေးကောက်ပွဲများ တုန်းက မဲဆန္ဒရှင်များ အတိုးအကြိတ်ပြုလုပ်၍ မဲရုံထဲ ဝင်ရောက်ကြသည်။ ယခုအခါမူစနစ်တကျ သတ်မှတ်ထား သည့်အတိုင်း စည်းကမ်းရှိစွာ ဝင်ရောက်ကြသည်။

မဲရုံဖွဲ့စည်းပုံများနှင့် မဲဆန္ဒရှင်များ စနစ်တကျ ဝင်ရောက်၍ ဆန္ဒမဲများပေးခဲ့ကြခြင်းမြင်ကွင်းကို ကျေနပ် အားရကြသည်။ ကိုဗစ်-၁၉ ကပေးသော သင်ခန်းစာ တစ်ခုဟု အချို့သော မဲဆန္ဒရှင်များက ဆိုကြသည်။ အချိုက နောင်ရွေးကောက်ပွဲများတွင် မဲရုံဖွဲ့စည်းမှုနှင့် မဲဆန္ဒရှင်များ ဆန္ဒမဲပေးမှုယခုကဲ့သို့ စနစ်တကျထိန်းသိမ်း ဆောင်ရွက်စီမံလျှင် ဘယ်လောက်များကောင်းမလဲဟု ပြောကြသည်။

မဲရလဒ်အခြေအနေ

ဆန္ဒမဲပေးခြင်းက ပွင့်လင်းမြင်သာပါသည်။ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏။ မဲရုံကိုယ်စားလှယ်အားလုံး ၏ရှေ့တွင် မဲဆန္ဒရှင်များက မဲလက်မှတ်များအပေါ်ဆန္ဒပြု ၍ ဆန္ဒမဲပုံးထဲသို့ ထည့်သည်။ မဲဆန္ဒရှင်အားလုံး ဆန္ဒမဲ ပေးခြင်းပြီးမြောက်၍ မဲရုံပိတ်သည့်အခါ ၎င်းတို့၏ ရှေ့မှောက်၌ပင် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရရှိသည့် ဆန္ဒမဲများကို ရေတွက်သည်။ မဲဆန္ဒရှင်အသိ သက်သေများလည်းရှိသည်။ မှတ်တမ်းထားသည်။ ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရရှိသည့် ဆန္ဒမဲအရေ အတွက်ကို သတ်မှတ်ထားသည့် ပုံစံ ၁၆ တွင် ရေးသွင်း သည်။

ပုံစံ ၁၆ ရေးသွင်းပြီးသည့်အခါ တာဝန်ရှိ မဲရုံမှူးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များက လက်မှတ်ရေးထိုးကြ သည်။ မဲရုံတိုင်း မဲရုံတိုင်းတွင် ဆန္ဒမဲရေတွက်ပြီးသည်နှင့် မည်သည့်လွှတ်တော်ကိုယ်စားလှယ်၊ မည်သည့်ပါတီက အနိုင်ရရှိသည်ကိုသိရသည်။ မဲရုံအသီးသီး၏ရလဒ်များကို စုပေါင်းကာ မည်သည့်လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးကောက်တင်မြှောက်ခံရကြောင်း ထင်ထင်ရှားရှားပေါ် ထွက်လာသည်။

ထိုကဲ့သို့ပင် မဲရုံပိတ်ချိန် ညနေ ၄ နာရီထိုးသည်နှင့် သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးက ယင်းတို့ထံသို့ညနေ ၄ နာရီ မထိုးမီ ရောက်ရှိ လာသော ကြိုတင်ဆန္ဒမဲလက်မှတ်များကို ရေတွက်သည်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များ သို့မဟုတ် ယင်းတို့ကကိုယ်စားလှယ် လွှဲအပ်ထားသူများရှေ့မှောက် တွင် ရေတွက်သည်။ ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ရရှိသည့် ကြိုတင်ဆန္ဒမဲအရေအတွက်ကို ပုံစံ (၁၈) တွင် စာရင်းဖြည့်သွင်းသည်။ ယင်းကိုကြည့်ခြင်းအားဖြင့် ကြိုတင်ဆန္ဒမဲအများဆုံးရရှိသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းကို သိရှိရသည်။

သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သည် မဲရုံအသီးသီးမှရရှိလာသော ပုံစံ (၁၆) များနှင့် ၎င်း တို့ကပြုစုထားသော ပုံစံ (၁၈) ပါ ဆန္ဒမဲအရေအတွက်ကို စုပေါင်းကာ ပုံစံ (၁၉) ဖြင့် ရေးသွင်းပြုစုသည်။ ယင်းသို့ ပြုစုပြီးသည်နှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ်၊ အနိုင်ရရှိသောပါတီကို

ကောင်းစွာသိရှိကြရသည်။ ဤသို့ဖြင့် ရွေးကောက်ပွဲရလဒ်သည် ပွင့်လင်းမြင်သာသည်။ အချိန်ကာလအနည်းငယ် အတွင်းမှာပင် ကောင်းစွာသိရှိနိုင်ကြသည်။

ဒီမိုကရေစီကျင့်စဉ်၊ ဒီမိုကရေစီစိတ်ထား

ရွေးကောက်ပွဲကြီးမှ ထွက်ပေါ်လာသော ရွေးကောက်ပွဲ ရလဒ်ကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော နိုင်ငံရေးပါတီအချို့က အသိအမှတ်ပြုလက်ခံသည်။ နိုင်ငံရေးပါတီကြီးတစ်ခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရှိခြင်းကို ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ် ခွန်းဆက်စကားပါးခဲ့သည်။ နိုင်ငံရေးပါတီကြီးတစ်ခုက ရွေးကောက်ပွဲတွင် အဆင်မပြေမှုဖြစ်စဉ်များ ကြုံတွေ့ ခဲ့ရသော်လည်း မဲဆန္ဒရှင်များ၏ဆန္ဒကို အသိအမှတ်ပြု လက်ခံကြောင်း ပြောကြားခဲ့သည်။ နိုင်ငံရေးပါတီကြီး တစ်ခုက ၎င်းတို့၏သက်တမ်း နုနယ်သေးသော်လည်း မဲဆန္ဒရှင်များက ၎င်းတို့ပါတီအပေါ် အလေးထားမဲပေးခဲ့ သည်ကိုကြိုဆိုကြောင်းပြောကြားသည်။ အခြားသောပါတီ တချို့နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကလည်း မဲဆန္ဒရှင်ပြည်သူများ၏ဆန္ဒဖြင့် ပေါ်ထွက်လာသောရလဒ်ကို အသိအမှတ်ပြုလက်ခံကြသည်။ ဤသည်မှာ ဒီမိုကရေစီစိတ်ထား၊ ဒီမိုကရေစီ ကျင့်စဉ်များဖြစ်သည်။ ဤသို့သောပါတီများ ပေါ်ထွက်လာခြင်းသည် နိုင်ငံ၏ ဒီမိုကရေစီ ရှေ့ခရီးအတွက် အားတက်စရာပင်ဖြစ်သည်။

ရွေးကောက်ပွဲရလဒ်များကြေညာနေပါပြီ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက် ပွဲရလဒ်ကိုကြေညာနေပါသည်။ ဤသို့ကြေညာပေးနေခြင်းသည် နိုင်ငံတစ်ဝန်းလုံးသိရှိစေရန်ဖြစ်သည်။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခြင်းသည် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၉ အရ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ထုတ်ပြန် ကြေညာကြပါသည်။

ထိုသို့ ကြေညာချက်ထုတ်ပြန်ရာတွင် ရွေးကောက် တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်ကိုသာမက ကျန် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရရှိသော ဆန္ဒမဲ လက်မှတ် အခြေအနေများကိုပါ တွက်ချက်ကြောရသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၁၂ ရက်ကြာ ထုတ်ပြန်ကြေညာပေးခဲ့သည်။ ယခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစ်ပတ်အတွင်းပြီးစီးအောင် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နေရာဒေသအချို့တွင် ရွေးကောက်ပွဲအငြင်းပွားဖွယ်များနှင့် ရာဇဝတ်မှုအချို့ ဖြစ်သွားသည်ကိုတွေ့ရပါသည်။ ထို့အပြင် ရွေးကောက်ပွဲတိုင်းတွင်ကြုံတွေ့ရတတ်သည့် မဲရလဒ်အပေါ် ကန့်ကွက်လွှာတင်သွင်းခြင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ်အပေါ် ကန့်ကွက်တိုင်ကြားခြင်းများလည်း ပေါ်ပေါက်လာနိုင်ပါသည်။ ရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်တို့က ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဖြေရှင်းဆုံးဖြတ်ပေးရန်ရှိပါမည်။ ရွေးကောက်ပွဲကျင်းပပြီးခဲ့၍ မဲရလဒ်များကြေညာ ပြီးနောက်တွင်လည်း ရွေးကောက်ပွဲအလွန် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရပါဦးမည်။

၂၀၂၀ ရွေးကောက်ပွဲဖြင့် နိုင်ငံ့ဂုဏ်မြင့်ခဲ့ပါပြီ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကျရောက်နေသည့် ကာလအတွင်း အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် တာဝန်ယူဆောင်ရွက်မှုကို မှတ်တမ်းတင်ဂုဏ်ပြုရပါမည်။ စုပေါင်းအင်အား၏ သာဓကဖြစ်သည်။ အဓိကမှာ မဲဆန္ဒရှင်ပြည်သူများက သတ်မှတ်ချက်များနှင့်အညီ အားတက်သရော ဆန္ဒမဲပေး ကြသည်ကို အထူးကျေးဇူးတင်ရပါမည်။ ပြည်သူတို့တာဝန်ကျေခဲ့ကြပါပြီ။ ယခု ၂၀၂၀ ရွေးကောက်ပွဲသည် နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်တက်စေသည့် ပြည်သူတို့၏အောင်ပွဲဟု မှတ်တမ်းတင်ရမည် ဖြစ်ကြောင်းပါဗျာ။

o အများဆန္ဒကို အနည်းစုက လေးစားပြီး အနည်းစုဆန္ဒကို အများက အလေးထားနိုင်ကြပါစေ၊

o ဒီမိုကရေစီကျင့်စဉ်၊ ဒီမိုကရေစီစိတ်ထား ပိုမိုရှင်သန်အားကောင်းလာနိုင်ပါစေ။

o ပြည်သူများ၏စုပေါင်းအားဖြင့် နိုင်ငံ့ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာနိုင်ပါစေ။

မောင်စာဂ