နေပြည်တော်  ၃ နိုဝင်ဘာ

 

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း စဉ်များနှင့်အညီ မဲရုံများသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြသည်။

 

 နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏခရိုင်အတွင်းရှိ ဇမ္ဗူသီရိ မြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဥတ္တရခရိုင်အတွင်းရှိ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပုပ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် တို့တွင်လည်း ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မဲရုံများသို့ လာရောက်၍  လျှို့ဝှက်ဆန္ဒပြုမဲပေးလျက်ရှိကြသည်။

 

ထို့ကြောင့် ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မဲရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကြိုတင်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှု လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံ၍ ကြိုတင်ဆန္ဒမဲပေးခဲ့မှု အတွေ့အကြုံများကိုလည်းကောင်း ရေးသားဝေမျှ လိုက်ရပါသည်။

 

ဦးထွန်းရွှေ (မြို့နယ်အုပ်ချုပ်ရေးမှူး၊ လယ်ဝေးမြို့)

ကျွန်တော့်အနေနဲ့ မဲရုံတွေမှာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနဲ့အညီ Social Distancing ဖြစ်အောင် ဆောင်ရွက်ထားခြင်းရှိ၊ မရှိ အခြေအနေတွေကို လိုက်လံစစ်ဆေးပါတယ်။ ဒီလိုစစ်ဆေးလို့ ဆောင်ရွက်ထားခြင်း မရှိခဲ့ရင် လိုအပ်တဲ့အကြံဉာဏ်တွေပေးပြီး ပြုပြင်ပေးပါတယ်။ အဓိကအနေနဲ့ မြို့ပေါ်မှာရှိတဲ့ မဲရုံတွေကို အရင်စစ်ဆေးပြီး ကျေးရွာအုပ်စုတွေကို ဆက်လက်ကွင်းဆင်းပြီးတော့ စစ်ဆေးသွားမှာဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့ရဲ့ ညွှန်ကြားချက်အရ မဲရုံတွေကို နိုဝင်ဘာ ၅ ရက်အထိ ဆောင်ရွက်မှာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဆက်လက်စစ်ဆေးကြပ်မတ် အကြံဉာဏ်တွေ ပေးသွားမှာပါ။

 

မဲလာပေးတဲ့သူတွေရဲ့ လုံခြုံရေးအတွက် မြို့နယ်လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီနဲ့ ကျေးရွာအုပ်စု လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီ တို့ဖွဲ့စည်းထားပါတယ်။ ကြိုတင်မဲပေးတဲ့ ကာလမှာလည်း မဲရုံတစ်ရုံစီမှာ အထူးရဲတစ်ယောက်စီ ခန့်အပ်ထားပါတယ်။ ကြိုတင်မဲတွေကို အားကြိုးမာန်တက်နဲ့ လာရောက်ပေးကြတဲ့ ပြည်သူတွေကို တွေ့မြင်ရပါတယ်။ ပြည်သူတွေအနေနဲ့ မဲပေးတဲ့အခါမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် တွေနဲ့အညီ မေးပေးကြဖို့ အကြံပြုချင်ပါတယ်။

 

1+

 

ဦးမောင်မောင်လေး (ဥက္ကဋ္ဌ၊ အမှတ်(၄)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ လယ်ဝေးမြို့နယ်)

အသက်(၆၀)နဲ့အထက်ရှိသူတွေ၊ အစိုးရဝန်ထမ်း၊ မကျန်းမာသူ၊ မသန်စွမ်းသူနဲ့ မဲပေးရမယ့်နေ့မှာ အကြောင်း အမျိုးမျိုးကြောင့် မဲရုံကိုမလာရောက်နိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ အထောက်အထားခိုင်လုံစွာပြနိုင်ရင် ကြိုတင်မဲပေး ခွင့်ပြုထားပါတယ်။ နောက်ပြီး အခုက ကိုဗစ်ရောဂါကာလဖြစ်တဲ့အတွက် မဲပေးဖို့လာတဲ့သူတွေကို ဝင်ပေါက်မှာ လက်သန့် ဆေးရည်ဖြန်းပေးပြီး Mask တွေလဲလှယ်ခိုင်းပါတယ်။ ဒီလိုအဆင့်တွေ ဆောင်ရွက်ပြီးမှ မဲပေးစေပါတယ်။ မဲရုံကို လာရောက်ကြိုတင်မဲ မပေးနိုင်တဲ့သူတွေအတွက်လည်း ကွင်းဆင်းပြီး အိမ်တိုင်ရာရောက် မဲပေးနိုင်အောင် လိုက်လံဆောင်ရွက်ပေးပါတယ်။ နောက်ပြီး မဲလာပေးတဲ့သူတွေ မဲပေးရာမှာ အခက်အခဲမရှိအောင်လည်း ကျွန်တော်တို့ အနေနဲ့ ကူညီဆောင်ရွက်ပေးပါတယ်။  ဖြည့်စွက်ပြောချင်တာကတော့ ပြည်သူတွေအနေနဲ့ မပျက်မကွက်မဲပေးကြပါလို့ အကြံပြုချင်ပါတယ်။

 

ဒေါ်မြသီတာကျော် (မဲဆန္ဒရှင်၊ သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)

ကျွန်မက ကျန်းမာရေးအခြေအနေအရ ကြိုတင်ဆန္ဒမဲပေးခြင်းဖြစ်ပါတယ်။ ကျွန်မရဲ့ဇာတိက ဗန်းမော်မြို့က ဖြစ်ပါတယ်။ နေပြည်တော်ကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတာ တစ်နှစ်ကျော်ပါပြီ။ မဲပေးတဲ့ကာလမှာ ဗန်းမော်မြို့ကို ပြန်ပြီး မဲပေးဖို့ စီစဉ်ထားပေမယ့် ကိုဗစ်ရောဂါ အခြေအနေတွေကြောင့် ပြန်လို့မရတဲ့အတွက် နေပြည်တော်မှာပဲ မဲပေးနိုင်ဖို့စီစဉ်ခဲ့ပါတယ်။ မဲပေးဖို့လျှောက်လွှာတင်တာတွေလုပ်တဲ့ အခါမှာလည်း လွယ်ကူမြန်ဆန်မှုရှိပါတယ်။ မဲပေးရတာ လွတ်လွတ်လပ်လပ်နဲ့ စိတ်ချလုံခြုံမှုရှိတဲ့ အတွက် ကျေနပ်ပါတယ်။ မဲရုံမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက် ထားရှိထားတာကိုလည်း တွေ့ရှိရပါတယ်။

 

ဒေါ်ကြည်(မဲဆန္ဒရှင်၊ ဆရာစံရပ်ကွက်၊ တပ်ကုန်းမြို့နယ်)

အဒေါ်က အသက် ၆၀ ကျော်လို့ မဲလာပေးတာ ဖြစ်ပါတယ်။ မဲရုံရောက်တဲ့အခါမှာလည်း Mask တွေနဲ့ တစ်ခါသုံး လက်အိတ်တွေ ဖြန့်ဝေတဲ့အပြင် လက်သန့် စင်စေဖို့ကိုလည်း မဲရုံတာဝန်ရှိသူတွေက ဆောင်ရွက်ပေးပါတယ်။ အဖွားအနေနဲ့လည်း မဲမပေးခင်မှာ လိုက်နာဆောင်ရွက်ရမယ့် ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို ကြိုတင်လေ့လာထားတဲ့အတွက် မဲပေးရာမှာ လွယ်ကူမှုရှိပါတယ်။ မဲပေးတဲ့အခါမှာလည်း ကိုယ်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို စိတ်ကြိုက်မဲပေးခွင့်ရတဲ့အတွက် စိတ်ကျေနပ်မှု အပြည့်အဝရှိပါတယ်။ အခုလို ကိုဗစ် ရောဂါဖြစ်နေတဲ့ကာလမှာ အဒေါ်တို့လို သက်ကြီးရွယ်အိုတွေအတွက် ကြိုတင်မဲပေးနိုင်အောင် နိုင်ငံတော်က စီစဉ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

 

ဒေါ်သီသီထွန်း(မဲဆန္ဒရှင်၊ ပညာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)

ကျွန်မက ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာ ဒုတိယမဲရုံမှူး တာဝန်ကျတဲ့အတွက် ကြိုတင်မဲပေးရခြင်းဖြစ်ပါတယ်။  မဲမပေးခင်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမယ့် ကျန်းမာရေးစည်းမျဉ်းစည်းကမ်းချက်တွေကို ကြိုတင်လေ့လာထား သလို ကျွန်မရဲ့ပတ်ဝန်းကျင်က လူတွေသိရှိအောင်လည်း မျှဝေပေးပါတယ်။ ကြိုတင်မဲသွားထည့်တဲ့ အခါမှာလည်း အခက်အခဲမရှိအောင် မဲရုံတာဝန်ရှိသူတွေက လိုအပ်တာ တွေကူညီပေးတဲ့အပြင် တစ်ခါသုံး Mask နဲ့ လက်အိတ်တွေ လည်း ဖြန့်ဝေပေးတဲ့အတွက် ကျန်းမာရေးအရ စိတ်ချလုံခြုံမှုရှိပါတယ်။ ကြိုတင်မဲပေးပြီး နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကိုကျေပွန် ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။

သတင်း - အောင်မင်းသန့်

ဓာတ်ပုံ - ကျော်ဇင်ထိုက်