ခင်ရတနာ


၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ “လွှတ်တော်ရွေးကောက်ပွဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ စံသတ်မှတ်ချက်ငါးချက်ဖြစ်သည့် လွတ်လပ်ရမည်၊ တရားမျှတရမည်။ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံနိုင်ရမည်။ မဲဆန္ဒရှင်များ၏ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရမည်ဆိုသည့်အချက်များနှင့်အညီ ဦးတည်ဆောင်ရွက်ခဲ့ပြီး ယခုလို ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားစဉ်အတွင်း ပြည်သူများက တစ်ခဲနက်ပူးပေါင်းပါဝင်မှုကြောင့်လည်း ယခုလိုအောင်မြင်ခဲ့ရခြင်း ဖြစ်ပါသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့်အတူ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ စေတနာ့ဝန်ထမ်းများအားလုံးက စုပေါင်း၍ မိမိတို့နိုင်ငံအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုများ၏ ရလဒ်များအဖြစ် လွှတ်တော်အသီးသီးအတွက် ရွေးကောက် တင်မြှောက်ခြင်းခံရသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းသည် လည်း အတည်ပြု ထွက်ပေါ်လာခဲ့ပြီဖြစ်ပါ သည်။
ထိုကဲ့သို့ နိုင်ငံတော်အတွက် ဒီမိုကရေစီ စနစ် ခိုင်မာမြဲမြဲရေးအတွက် အလွန်အရေး ကြီးလှသည့် သမိုင်းမှတ်တိုင်တစ်ရပ်ကိုစိုက်ထူကြရာတွင် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိနိုင်ငံပိုင်မီဒီယာများကလည်း တစ်တပ်တစ်အားပါဝင်၍ မိမိတို့ကျရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခွင့် ရရှိခြင်းကြောင့် နိုင်ငံပိုင်သတင်းစာတိုက်၏ စာတည်းတစ်ဦးအနေဖြင့် အလွန်ဂုဏ်ယူမိ ပါသည်။ မိမိတို့နိုင်ငံပိုင်သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် အွန်လိုင်း သတင်းစာဖြစ်သည့် Myanmar Digital News ၊ Joint Venture အဖြစ် ဆောင်ရွက်သည့် The Global New Light of Myanmar တို့သည် မိမိတို့၏ ဦးတည်ချက်တာဝန်ဖြစ်သည့် ပြည်သူကိုအသိပညာပေးရန်နှင့် မှန်ကန်သည့် သတင်းအချက်အလက်များ ပေးအပ်နိုင်ရန်တို့အတွက် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြပြီး အများ ပြည်သူတို့၏ တစ်ခဲနက်သောဆန္ဒနှင့်အညီ ရွေးကောက်ပွဲရလဒ်များ ပေါ်ထွက်လာခြင်း အပေါ်၌လည်း နှစ်ထောင်းအားရ ဝမ်းမြောက် ကြရပါသည်။ 
ဒီမိုကရေစီနှင့် သူ၏အလေ့အထများ
----------------------------------------
နိုင်ငံအတွက် အရေးကြီးလှသည့် အထွေထွေရွေးကောက်ပွဲအလွန်ကာလများတွင် ရွေးကောက်ပွဲဆိုင်ရာဂယက်များ ရိုက်ခတ်လေ့ရှိသည်မှာ ဒီမိုကရေစီ၏ သဘောသဘာဝတစ်ရပ်ဟု ဆိုရမည်ဖြစ်ပါ သည်။ အငြင်းပွားမှုများ၊ ဝေဖန်မှုများရှိတတ် သည်မှာ ဒီမိုကရေစီ၏ အလေ့အထဟုပင်ဆိုနိုင်သော်လည်း အချို့သော ဝေဖန်ပြစ်တင်မှုများမှာမူ ပကတိအခြေအနေအပေါ်ထင်ဟပ်မှုမရှိ၊ သေချာစွာ စေ့ငုခြင်းအားနည်းသည့် ဝေဖန်ပြစ်တင်မှုများလည်း ရှိတတ်ပါ သည်။
ပြီးခဲ့သည့်ရက်က ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည့် “ရွေးကောက်ပွဲသတင်း မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားတွင် ဖော်ပြမှုအားနည်း ဟု ဝေဖန်” ဟူသည့် သတင်းတစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါသည်။ ရွေးကောက်ပွဲတွင် နိုင်ငံပိုင်မီဒီယာ ရုပ်မြင်သံကြားလိုင်း MRTV မှ ရွေးကောက်ပွဲနေ့ သတင်းဖော်ပြမှုအပါအဝင် ရွေးကောက်ပွဲအပြီး အနိုင်ရနိုင်ငံရေးပါတီများ၏ အခြေအနေများဖော်ပြရန်ကိစ္စတို့တွင် သတင်းဖော်ပြမှုမရှိသလောက် နည်းပါးခဲ့ကြောင်း သတင်းစာဆရာသုံးဦး၏ ပြောကြား ချက် အချို့ ကို ကောက်နုတ်၍ သတင်းတွင် ဖော်ပြထားသည်။ 
ဓမ္မဓိဋ္ဌာန်ကျကျ မီဒီယာ
--------------------------
နိုင်ငံပိုင်မီဒီယာတို့သည် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများဖြစ်သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ သုံးကြိမ်စလုံးတွင် ပြည်သူများအတွက် သတင်းအချက်အလက်များကို ဓမ္မဌာန်ကျကျ ဖော်ပြနိုင်ခဲ့ပါသည်။ ရွေးကောက်ပွဲအကြိုကာလများအတွင်း အများပြည်သူအတွက် သိသင့်သိထိုက်သည့် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးမှုများကို ရွေးကောက်ပွဲမကျင်းပမီ လများစွာကတည်း ကပင် ကြိုတင်ဖော်ပြပေးခဲ့ကြသည်။
ပြည်သူများ၏ ရပိုင်ခွင့်များ မဆုံးရှုံးစေရေး၊ ဥပဒေများနှင့်အညီ ဆန္ဒမဲပေးနိုင်ရေး တို့အတွက် အသိပညာပေးအစီအစဉ်များကို မည်ကဲ့သို့ဖော်ပြမည်။ မည်သည့်အဖွဲ့အစည်း များနှင့်ဆက်သွယ်ကာ မည်ကဲ့သို့ စာမျက်နှာ ပြင်ဆင်ဖော်ပြမည်။ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ ပြည်သူသို့ တင်ပြချက်များကို မည်သို့မည်ပုံ ဖော်ပြမည်။ ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပစဉ်ကာလ များအတွင်း ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် သတင်းများကို အမျှတဆုံးနှင့် ဓမ္မဓိဌာန် အကျဆုံး မည်သို့တင်ဆက်မည် စသည်တို့ကို ပြင်ဆင်ခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စတင်ကာ ရွေးကောက်ပွဲသတင်းများကို စတင် ဖော်ပြခဲ့ပါသည်။ 
ကြိုတင်ပြင်ဆင်မှုများအနေဖြင့် စာရေးသူမှတ်မိသရွေ့ ကောက်နုတ်ဖော်ပြရလျှင် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြန်ကြားရေး ဝန်ကြီးဌာနကဆောင်ရွက်မည့်အချက်အလက် များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးစီးအဖွဲ့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ပထမအကြိမ်အဖြစ် သွားရောက်တွေ့ဆုံပြီး ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ ပညာပေးအစီအစဉ်များကို နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ဖော်ပြနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ စတင်၍ အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးကာ လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များအား ဒုတိယအကြိမ် သွားရောက် တွေ့ဆုံကာ ဝန်ကြီးဌာနက ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသည့် ဗီဒီယာနှင့် သက်ဆိုင်သည် ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေး၊ ရွေးကောက်ပွဲနှင့်ပတ်သက်သည် ပညာအစီအစဉ်များ၊ တွေ့ဆုံမေးမြန်းမှုများကို ပြည်သူလူထုထံ တင်ဆက်နိုင်ရေးတို့ကို စောနိုင်သမျှစောစော စတင်ဆောင်ရွက်ကြကာ စတင်ပြင်ဆင်ခဲ့ကြခြင်းကြောင့် ဇူလိုင်လကုန်မှစတင်ပြီး ရွေးကောက် ပွဲဆိုင်ရာ အထူးကဏ္ဍပညာပေးအစီအစဉ် များကို တင်ဆက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ 
ရွေးကောက်ပွဲအတွက် ရက်ပေါင်း ၁၀၀ 
------------------------------------------
ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗင်-၁၉ ဖြစ်ပွားစဉ်ကာလနှင့် ထူးထူးခြားခြား တိုက်ဆိုင်ခဲ့ရသည့် ရွေးကောက်ပွဲကြီးအတွက် နိုင်ငံပိုင်သတင်းစာများတွင်လည်း အမှတ်ရနေ့ရက်များ ရှိခဲ့ပါသည်။ မိမိတို့နိုင်ငံပိုင်သတင်းစာ၏ မူဝါဒဖြစ်သည့် မှန်ကန်သည့် သတင်းအချက်အလက် များကို ပြည်သူလူထုထံပေးအပ်နိုင်ရေး အတွက် အထူးကြိုးစားတင်ဆက်ခဲ့ရသည့် နေ့ရက်များလည်း ဖြစ်ပါသည်။
မဲစာရင်းတွင် ပါဝင်နိုင်ရေး၊ မဲပေးခွင့်ရရှိရေးစသည့် ရွေးကောက်ပွဲသိကောဒင်းစရာ အခြေခံများမှသည် မဲရုံများပြင်ဆင်မှု မဲရုံများသို့သွားရောက်၍ဆန္ဒမဲပေးရာတွင် လိုက်နာရမည့်အချက်များ၊ ကြိုတင်ဆန္ဒမဲ ပေးမှုဆိုင်ရာ သိကောင်းစရာများ၊ အွန်လိုင်းမှတစ်ဆင့် မဲစာရင်းစစ်ဆေးနိုင်မှုများ ကျန်းမာရေးနှင့်အညီ စနှစ်တကျ ဆန္ဒပဲပေးအပ်နိုင်မှုစသည့် အသိပညာပေးသတင်း အချက်အလက်ပေါင်းများကို ဖော်ပြသည့် သတင်းများ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်အဖွဲ့ဝင် ၏ ဆောင်းပါးများအပြင် အထူးမျက်နှာ အဖြစ် ဩဂုတ်လမှစတင်ကာ ရက်ပေါင်း ၁၀၀ မှ စ၍ ကြိုတင်ဖော်ပြပေးနိုင်ခဲ့ပါသည်။
နိုင်ငံပိုင် မီဒီယာများ၏ သဘာဝ
----------------------------------
နိုင်ငံပိုင်မီဒီယာများသည် နိုင်ငံတော်နှင့် ပြည်သူအများ ပေါင်းကူးဆက်သွယ်ပေးသည့် စကြီးသဖွယ် ဖြစ်ပြီး ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရ၏ ပြည်သူအပျောက် ဆောင်ရွက်ချက်များကို ပြည်သူလူထုထံ ပြန်လည်တင်ပြပေးရသည့် တာဝန်ကို ထမ်းဆောင်နေကြခြင်း ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း ပြန်ကြား ရေးဝန်ကြီးဌာန၏ စီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းတစ်ခုအဖြစ် ဘငွေကြေးရှာဖွေ ပေးရသည့် တာဝန်ကိုလည်း ထမ်းဆောင်ကြရပါသည်။ နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြ သည့်သတင်းအက်အလက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ သဘောထားကို ထင်ဟပ်သည်ဟူ၍ ပြည်သူလူထုကရှုမြင်လေ့ရှိကြသည်အတွက် မိမိတို့အနေဖြင့် စောင့်ထိန်းကြရသည့် အကန့်အသတ်များရှိပါသည်။အထူးသဖြင့် အချက်အလက်မှန်ကန်မှု၊ ဘက်မလိုက်မှုနှင့် တိကျမှန်ကန်ခိုင်မာမှုကို အလေးအနက်ထား ဆောင်ရွက်ကြရပါသည်။
သတင်းအချက်အလက်တိကျမှန်ကန်ကို ဦးစားပေးဆောင်ရွက်ကြရသည့်အတွက် မည်မျှပင်သတင်ဦးပါ။ သတင်းအရင်းအမြစ် မှ အတည်ပြုသေးပါက ပြည်သူများအတွက် ယုံကြည်စိတ်ချရသည့် သတင်းမရရှိသေးဟု မှတ်ယူကာ တိကျမှု၊ မှန်ကန်မှုကို ကြိုးစား ဖြည့်ဆည်းပေးရသည့် တဝန်ရှိပါသည်။ သို့မှသာ နိုင်ငံပိုင်မီဒီယာ ပရိသတ်များအတွက် မှန်ကန်၊ တိကျသည့် သတင်းအချက်အလက်ကို မပေးအပ်နိုင်မည်ဖြစ်ပါသည်။ 
ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် သတင်းပုဒ်ရေ ၁၂၀၀ ကျော် ဖော်ပြနိုင်ခဲ့
---------------------------------------------------------------------------------
နိုင်ငံပိုင်သတင်းစာတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် ဇန်နုငါရီ ၁ ရက်မှ ယခု နိုဝင်ဘာ ၁၉ ရက်အထိ ဖော်ပြခဲ့မှုကို လေ့လာကြည့်ရာ မြန်မာ့အလင်း၊ ကြေးမုံ၊ The Global New Light of Myanmar ၊ Myanmar Digital News တို့တွင် ရွေးကောက်ပွဲ နှင့် သက်ဆိုင်သည့် ခေါင်ကြီး ၃၅ ပုဒ်၊ သတင်း ပုဒ်၊ ၁၃၁ ပုဒ်၊ ဆင်ပါး ၉၈ ပုဒ်၊ တွေ့ဆုံမေးမြန်း ၂၄ ပုဒ်၊ ကာတွန်း ၁၀၇ ပုဒ်၊ ကဗျာ ၁၃ ပုဒ၊် ထုတ်ပြန်ချက် ၃၅၆ ခု၊ နှိုးဆော်ချက် ၁၁၉၉ ခု၊ အခြေပြီးသား ၄၄ ခု၊ ပါတီဟာပြောချက် ၁၄၄ ပုဒ်တို့ကို ဖော်ပြပေးနိုင်ခဲ့ပါသည်။
ရွေးကောက်ပွဲ အကြိုကာလအတွင်း နိုင်ငံရေးပါတီ ၂ ခု၏ စည်းရုံးဟောပြောချက် များကို ဖော်ပြခဲ့ရာတွင်လည်း ပါတီများအားလုံးအတွက် တူညီသည့်စာမျက်နှာ၊ တူညီသည် ခေါင်းစည်းစာလုံးအရွယ်အစား တူညီသည့် ပါတီတံဆိပ်အရွယ်အစား၊ တူညီသည်ဓတ်ပုံ ဖော်ပြမှုအရွယ်အစား သတ်မှတ်ချက်များဖြင့် မမျှတတ ဖော်ပြပေးခဲ့သည့်အပြင် မည်သည့်နေ့တွင် မည်သည့်ပါတီက ပြည်သူ့ထံတင်ပြ မည်ဟူသည့် သတင်းအချက်အလက်များ ကိုလည်း ကြိုတင်ဖော်ပြပေးနိုင်ခဲ့သည်။
ဆက်လက်ဖော်ပြပါမည်
ကြေးမုံ