မောင်စာဂ

 

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည်။ ထူးထူးခြားခြား ပြဿနာတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ ယင်းသည်ကား မဲဆန္ဒရှင်များက ဆန္ဒမဲလက်မှတ်ပေါ်တွင် အမှန် (V) အမှတ်အသားပါသည့် တံဆိပ်တုံးကိုနှိပ်၍ ဆန္ဒပြုရာ၌ တံဆိပ်တုံးအတုများ ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။ ယင်းပြဿနာအပေါ် မည်သို့အဖြေရှာခဲ့သနည်း။ ဆက်လက်၍ မည်သို့အဖြေရှာပါမည်နည်း။ တွေ့ကြုံခဲ့ရသည့် ဖြစ်စဉ်အပေါ် အခြေခံ၍ မျှဝေပါရစေ။

 

ပါလီမန်ခေတ် ရွေးကောက်ပွဲများ

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ ပထမအကြိမ် ပါလီမန် အထွေထွေရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှ ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ သုံးကြိမ်ခွဲ၍ လည်းကောင်း၊ ဒုတိယအကြိမ် ၁၉၅၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် လည်းကောင်း၊ တတိယအကြိမ် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်လည်းကောင်း ကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် အမတ်နေရာများအတွက် လျှို့ဝှက်စွာဆန္ဒမဲပေး၍ ရွေးကောက် တင်မြှောက်ကြသည်။

 

ဆန္ဒမဲပေးပုံစနစ်မှာ ကိုယ်စားလှယ်လောင်းတစ်ဦးလျှင် မဲပုံးတစ်ပုံးစီကို လုံခြုံသော အခန်းငယ်တစ်ခုတွင် ထားရှိပြီး မဲပြားဖြင့် မဲပေးရသော စနစ်ဖြစ်သည်။ သတ်မှတ်ထားသော နေရာများသို့ မဲပုံးများ စုံလင်စွာရောက်ရှိမှ ရွေးကောက်ပွဲတာဝန်ခံအရာရှိက ကြီးကြပ်၍ မဲရေတွက်သောစနစ် ဖြစ်သည်။ လမ်းတွင် မဲပုံးဖောက်ကာ မဲခိုးခြင်းများ ရှိခဲ့ကြောင်း စွပ်စွဲခြင်းများရှိခဲ့သည့်အတွက် သစ်သားဖြင့်ပြုလုပ်ထားသော မဲပုံးအစားသံမဏိဖြင့် ပြုလုပ်ထားသော မဲပုံးများကို အစားထိုးခဲ့သည်။ သို့သော်လည်း မဲခိုးသည်ဆိုသော စွပ်စွဲချက်များကား ရှိနေ၊ တွေ့နေဆဲဖြစ်သည်။

 

မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ရွေးကောက်ပွဲများ

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲများကျင်းပခဲ့သည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲကို ၇-၁၂-၁၉၇၃ ရက်နေ့ တွင်လည်းကောင်း၊ ဒုတိယအကြိမ် ရွေးချယ်တင်မြှောက်ပွဲကို ၁၉-၈-၁၉၇၇ ရက်နေ့တွင် လည်းကောင်း၊ တတိယအကြိမ် ရွေးချယ်တင်မြှောက်ပွဲကို ၂၀-၃-၁၉၈၁ ရက်နေ့တွင်လည်းကောင်း၊ စတုတ္ထအကြိမ် ရွေးချယ်တင်မြှောက်ပွဲကို ၂၂-၃-၁၉၈၅ ရက်နေ့တွင်လည်းကောင်း ကျင်းပခဲ့သည်။

 

ပြည်သူ့လွှတ်တော်တစ်ရပ်အတွက်သာ ရွေးချယ်တင်မြှောက်ခြင်းဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတစ်ခု တည်းသာ ထားရှိသည်။ ယင်းပါတီက ရွေးချယ်သော ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကိုသာ မဲဆန္ဒရှင်များက လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်သည်။ ထောက်ခံမဲပုံးနှင့် ကန့်ကွက်မဲပုံးနှစ်လုံးကို လျှို့ဝှက်အခန်းတွင် ထားရှိသည်။ မဲဆန္ဒရှင်က ထောက်ခံလျှင် ထောက်ခံသည့် မဲပုံး၊ ကန့်ကွက်လျှင် ကန့်ကွက်မဲပုံးအတွင်း မဲလက်မှတ်ကို ထည့်ရသည်။ ဆန္ဒမဲပေးသည့်ဦးရေ၏ ထက်ဝက်ကျော်က ထောက်ခံလျှင် ရွေးကောက်တင်မြှောက်ခံရသည်။ တစ်ပါတီတည်းမှ ကိုယ်စားလှယ် တစ်ဦးကိုသာ ဆန္ဒမဲပေး၍ ရွေးချယ်ရသဖြင့် ပြဿနာများမရှိခဲ့ပါ။ ၁၉၉ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် ၁၉၈၉ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်တင်မြှောက်ရန်ဖြစ်သည်။ နိုင်ငံရေးပါတီ ၉၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

 

ဆန္ဒမဲပေးပုံနည်းစနစ်မှာ မဲဆန္ဒရှင်သည် ဆန္ဒမဲလက်မှတ်ကို ရရှိသည့်အခါ လျှို့ဝှက်ဆန္ဒပြုရန် သတ်မှတ်ထားသော နေရာတွင် ဆန္ဒမဲလက်မှတ်၌ မိမိမဲပေးလိုသော လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမည်နှင့် သင်္ကေတ အမှတ်အသား၏ တည့်တည့်ရှိသော စက်ဝိုင်းအတွင်း၌ ကြက်ခြေအမှတ်အသား (X)ကို ရေးမှတ်ရသည်။ ထို့နောက် မိမိဆန္ဒပြုထားသည်ကို သူတစ်ပါးမမြင်နိုင်စေရန် ဆန္ဒမဲလက်မှတ်ကို ခေါက်၍ မဲပုံးအတွင်းသို့ ထည့်ရသည်။

 

လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံးအတွက် မဲပုံးတစ်ပုံသာ ထားရှိသည်။ အားလုံးမြင်တွေ့နိုင်သည့် နေရာတွင် မဲပုံးကိုထားရှိသည်။ ဒီမိုကရေစီခေတ် ရွေးကောက်ပွဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံကို စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရန် ဦးတည်ထားသည်။ ပထမအကြိမ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့တွင် လည်းကောင်း၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ လ ၈ ရက် နေ့တွင်လည်းကောင်း ကျင်းပခဲ့သည်။

 

ဆန္ဒမဲပေးပုံစနစ်မှာ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်း၏အမည်နှင့် တည့်တည့်တွင်ရှိသော လေးထောင့်ကွက်အတွင်း၌ ဘောပင်ဖြင့် အမှန် အမှတ်အသား (V)ခြစ်၍ ဆန္ဒပြုရသည်။ ထိုသို့ ဆန္ဒပြုရာ၌ မဲဆန္ဒရှင်အချို့က အမှန်အမှတ်အသား (V)ကို ထင်ထင်ရှားရှား သို့မဟုတ် ပီပီပြင်ပြင် ရေးခြစ်ဆန္ဒပြုနိုင်ခြင်း မရှိသဖြင့် ပယ်မဲများအဖြစ် သတ်မှတ်ခံခဲ့ရသည်များ ကြုံတွေ့ခဲ့ရသည်။

 

ယင်းဖြစ်စဉ်ကြောင့် နိုင်ငံတကာတွင် ဆန္ဒမဲလက်မှတ်ပေါ်၌ ဆန္ဒပြုသည့်နည်းလမ်းများကို လေ့လာစိစစ်ခဲ့သည်။ ယင်းနည်းလမ်းများထဲမှ အမှန်အမှတ်အသား (v)ပါသော တံဆိပ်တုံးကို ကိုယ်စားလှယ်လောင်းအမည်နှင့် တည့်တည့်ရှိသော လေးထောင့်ကွက်အတွင်း၌ ထုနှိပ်၍ ဆန္ဒပြုခြင်းက သင့်တော်မည်ဟု သုံးသပ်ကာ ယင်းနည်းလမ်းကို ကျင့်သုံးရန် နည်းဥပဒေတွင် ပြင်ဆင် သတ်မှတ်ခဲ့သည်။ ပို၍ထင်ရှားစေရန် UEC ဆိုသည့် စာသားထည့်သွင်းခဲ့သည်။

 

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်းကောင်း၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် လည်းကောင်း ယင်းကဲ့သို့ တံဆိပ်တုံးနှိပ်၍ ဆန္ဒပြုခြင်းအတွက် အငြင်းပွားဖွယ် ပြဿနာတစ်စုံတစ်ရာ မတွေ့ရှိခဲ့ရပါ။ ပယ်မဲများအဖြစ် သတ်မှတ်ခံရခြင်းများသည်လည်း နည်းပါးလာခဲ့သည်။

 

၂၀၂၀ရွေးကောက်ပွဲနှင့် တံဆိပ်တုံးအတုပြဿနာ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာ၌ တံဆိပ်တုံးအတုများ ထွက်ပေါ်လာခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသုံးပြုသည့် အမှန်အမှတ်အသား (V)ပါသောတံဆိပ်တုံးတွင် UEC ဟူသော စာသားပါရှိ သည်။ ယခုတွေ့ရှိရသော တံဆိပ်တုံးအတုတွင် UEC ဟူသော စာသားမပါရှိပါ။ တွေ့ရှိရပုံမှာ ဆန္ဒမဲလက်မှတ်ပေါ်တွင် မဲဆန္ဒရှင်အချို့ ဆန္ဒပြုမည့် တံဆိပ်တုံးကိုကြည့်ရှုသည်။ UEC စာသားမပါသည်ကို တွေ့ရှိရ၍ တာဝန်ရှိရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် သို့မဟုတ် မဲရုံမှူးထံ အသိပေးအကြောင်းကြားသည်။

 

ထိုအချိန်တွင် ယင်းတံဆိပ်တုံးအတုဖြင့် ဆန္ဒပြုပြီးသွားသည့် ဆန္ဒမဲလက်မှတ် ဘယ်နှစောင်ရှိသွားသည်ကို မသိရှိရပါ။ အချို့နေရာတွင် ၃ စောင်၊ ၄ စောင်၊ ၅ စောင်၊ ၁၀ စောင် စသည်ဖြင့် ဆန္ဒပြုပြီးသည့်အခါ သိရှိရသည်။ ထိုအခါများတွင် ယင်းဆန္ဒမဲလက်မှတ်များကို အသုံးမပြုတော့ဘဲ ထည့်ပြီးမဲပုံးကို ချိပ်ပိတ်သိမ်းဆည်းခဲ့သည်။ ဆန္ဒပြုပြီး မဲဆန္ဒရှင်များကို ပြန်လည်ခေါ်ယူ၍ တံဆိပ်တုံးအစစ်ဖြင့် ပြန်၍ဆန္ဒပြုစေသည်။ အချို့နေရာများတွင် တံဆိပ်တုံးအတုတွေ့ရှိသည့် အချိန်၌ ဆန္ဒပြုပြီးသည့် မဲဆန္ဒရှင်ဦးရေ သုံးလေးငါးရာထိရှိသွားသည်။ တံဆိပ်တုံးအတုဖြင့် မဲဆန္ဒရှင်မည်မျှ ဆန္ဒပြုသွားခဲ့သည်ကို ပြန်လည်စစ်ဆေး၍ မရနိုင်တော့ပါ။

 

ဤကဲ့သို့ တံဆိပ်တုံးအတုတွေ ထွက်ပေါ်လာသည်မှာ တစ်နေရာတည်းတွင်မဟုတ် နေရာတော်တော်များများနှင့် မြို့နယ် တော်တော်များများတွင် တွေ့ရှိလာရသည်။ မဲဆန္ဒရှင်များ စိုးရိမ်လာကြသည်။ မိမိတို့ဆန္ဒပြုခဲ့သည့် တံဆိပ်တုံးသည် အတုများဖြစ်နေမလား၊ ပယ်မဲများဖြစ်သွားမလား ပူပန်မှုတွေဖြစ်လာသည်။ တံဆိပ်တုံးအတုဖြင့် မဲဆန္ဒရှင် မည်ရွေ့မည်မျှ ဆန္ဒမဲပေးပြီး ဖြစ်သွားသည်ကို မသိနိုင်ဖြစ်ရသည်။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်များသည် မိမိတို့ဆန္ဒအရ မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ကာ တံဆိပ်တုံးနှိပ်၍ ဆန္ဒပြုပြီး မဲပေးခဲ့ကြသဖြင့် မည်သည့်လွှတ်တော်ကိုယ်စားလှယ်ကိုပဲဖြစ်ဖြစ်၊ မည်သည့်တံဆိပ်တုံးနှင့် ဆန္ဒပြုစေကာမူ ခိုင်လုံမဲအဖြစ် သတ်မှတ်ရန် ကြိုတင်၍ပင် ထုတ်ပြန်အသိပေးခဲ့သည်။

 

တံဆိပ်တုံးအတု ပေါ်ပေါက်ခဲ့သည့်ဖြစ်စဉ်

တံဆိပ်တုံးအတု နေရာတော်တော်များများတွင် ပေါ်ပေါက်ခဲ့သည်။ ချောင်းဦးမြို့နယ် ငါးလုံးတင်ကျေးရွာ အုပ်စုတွင် ကြိုတင်မဲကောက်ယူစဉ် မဲရုံကိုယ်စားလှယ်တစ်ဦးထံမှ လည်းကောင်း၊ ရေတာရှည်မြို့ အမှတ် ၂ ရပ်ကွက်တွင် ကြိုတင်မဲ ကောက်ယူစဉ် မဲရုံကိုယ်စားလှယ်တစ်ဦးထံမှ လည်းကောင်း၊ ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက်တွင် ကြိုတင်ဆန္ဒမဲ ရယူစဉ်၌လည်းကောင်း UEC အမှတ်အသားမပါသည့် တံဆိပ်တုံးများ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ လှည်းကူးမြို့ မြို့မရပ်ကွက်၌ ကြိုတင်မဲကောက်ယူနေစဉ် မဲရုံကိုယ်စားလှယ်တစ်ဦးက UEC အမှတ်တံဆိပ်မပါသော တံဆိပ်တုံးကို ဒုတိယမဲရုံမှူးသို့ ပေးအပ်ခဲ့သည့်ဖြစ်စဉ်များလည်း ပေါ်ပေါက်ခဲ့သည်။

 

ထို့ပြင် မြို့သစ်မြို့နယ် တလင်းကုန်းကျေးရွာ မဲရုံအမှတ် ၂ တွင် မဲဆန္ဒရှင်တစ်ဦးထံမှ လည်းကောင်း၊ စဉ့်ကူးမြို့နယ် မဲရုံအမှတ် ၃ တွင် မဲဆန္ဒရှင်တစ်ဦးထံမှ လည်းကောင်း၊ ရေးမြို့နယ် အစင်ကျေးရွာအုပ်စု မဲရုံအမှတ် ၆ တွင် မဲရုံကိုယ်စားလှယ်တစ်ဦးထံမှလည်းကောင်း၊ မိုင်းယောင်းမြို့နယ် တောင်ကြန့်ကျေးရွာအုပ်စု မဲရုံအမှတ် ၃ တွင် မဲဆန္ဒရှင်တစ်ဦးထံမှလည်းကောင်း UEC အမှတ်အသားမပါသော တံဆိပ်တုံးများ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

 

ကြိုတင်ကြံရွယ်ခြင်း

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် တံဆိပ်တုံးအတုများကို တစ်နေရာတည်းမဟုတ် နေရာဒေသ အနှံ့အပြားတွင် ပေါ်ပေါက် တွေ့ရှိခဲ့ခြင်းသည် တမင်ကြိုတင်ကြံရွယ်၍ လုပ်ဆောင်ခဲ့လေသလား၊ စဉ်းစားတွေးတောဖွယ်ဖြစ်ရသည်။ ကြိုတင်ဆန္ဒမဲ ရယူစဉ်အချိန်ကတည်းက ဤဖြစ်စဉ်ကို စတင်သိရှိလိုက်ရသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြိုတင်တားဆီးကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့သည်။ မဲရုံများတွင် UEC တံဆိပ်အမှတ်အသားပါသော တံဆိပ်တုံးကို ကြိုးဖြင့် သေချာစွာချည်နှောင်ထားသည်။ ၁၅ မိနစ် ၁ ကြိမ် တာဝန်ကျမဲရုံမှူးများက စစ်ဆေးသည်။ ယင်းသို့ဖြင့် တံဆိပ်တုံးအတုအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ခဲ့သည်။

 

အဖြေရှာရမည့် ပြဿနာ

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ပြီ။ ရွေးကောက်ပွဲတွင် တွေ့ကြုံရသည်များကို ပြောကြဆိုကြ၊ ဝေဖန်သုံးသပ်နေကြသည်။ သို့ရာတွင် ဤကဲ့သို့ အမှန်တကယ်ဖြစ်ပေါ်ခဲ့သော တံဆိပ်တုံးအတုပြဿနာအပေါ် ပြောဆို၊ ဝေဖန်မှုများ ထွက်ပေါ်မလာကြ။ အဖြေမဖော်ထုတ်ကြ။ ဆိတ်ငြိမ်နေကြသည်။ မည်သို့ပင်ဖြစ်စေ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဤတံဆိပ်တုံးအတု ပြဿနာရပ်အပေါ် အဖြေရှာရပါတော့မည်။

 

နောင်ရွေးကောက်ပွဲများတွင် ဆန္ဒမဲလက်မှတ်များပေါ်၌ မဲဆန္ဒရှင်များက ဆန္ဒပြုသည့်အခါ ဤကဲ့သို့ တံဆိပ်တုံးနှိပ်၍ ဆန္ဒပြုမည်လား သို့မဟုတ် ဆန္ဒပြုပုံနည်းစနစ်ကို မည်ကဲ့သို့ အသုံးပြုမည်နည်း ဆိုသည်ကို မဖြစ်မနေ စဉ်းစားသုံးသပ် အဖြေရှာရမည် ဖြစ်ကြောင်းပါဗျာ။   ။

 

- ရွေးကောက်ပွဲများတွင် ဥပဒေနှင့်အညီ နည်းလမ်းတကျ မှန်ကန်စွာ ဆန္ဒပြုမဲပေးနိုင်ကြပါစေ၊

- ရာဇဝတ်မှုမကင်းသော မသမာသည့်နည်းများ အသုံးပြုခြင်းမှ ကာကွယ်နိုင်ကြပါစေ၊

- ဆန္ဒမဲလက်မှတ်တွင် အတုအပ မပြုနိုင်သည့် နည်းလမ်းကောင်းများဖြင့် ဆန္ဒပြုမဲပေးနိုင်ကြပါစေ။