နေပြည်တော် ဩဂုတ် ၂၇

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ မိသားစုဝင် မှီခိုသူသားသမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ လူရည်ချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများ၊ နိုင်ငံတော်အဆင့် ပြိုင်ပွဲများတွင် ဆုရကျောင်းသား ကျောင်းသူများနှင့် မိဘများသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း ကြည့်ရှုလေ့လာကြသည်။

 

ထို့နောက် ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိက အဆောက် အအုံများကို ဖူးမြော်ကြည်ညို လေ့လာကြသည်။ ထို့မှတစ်ဆင့် ဥပ္ပါတသန္တိ စေတီတော်မြတ် ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

 

သွားရောက်ဂါရဝပြု

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်အတွက် မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ စွန့်လွှတ် စွန့်စားစွာပေးဆပ်ခဲ့ကြ၍ အမွန်မြတ်ဆုံး တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်ကြသည့် သူရဲကောင်း တစ်ဦးစီကို မော်ကွန်းတင် ကမ္ပည်းရေးထိုးထားရှိရာ အထိမ်းအမှတ် ဗိမာန်တစ်ခု ဖြစ်သည့် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်ဂါရဝပြု အလေးပြုကြကြောင်း သိရသည်။

သတင်းစဉ်