နေပြည်တော် စက်တင်ဘာ ၂

 

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သား/သမီးများ၊ စစ်သည်အစားခန့်(အရပ်သား) ဝန်ထမ်းများ၏ သား/သမီးများ၊ စစ်သည်များ၊ လူရည်ချွန်ဆု ရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းများကို စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ လည်းကောင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်ခန်းမ၌လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကလေးတပ်နယ်ရှိ အောင်ဆန်းခန်းမ၌လည်းကောင်း ပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုအမှာစကားများ ပြောကြားကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများနှင့် စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေများ၊ ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ထူးချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများနှင့် စစ်သည်များကိုယ်စား ကျောင်းသား ကျောင်းသူများက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြား ကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက ထူးချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများ၊ စစ်သည်များနှင့်အတူ ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းများကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်