နေပြည်တော် အောက်တိုဘာ ၁၃
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော စစ်သည်များ ပါဝင်သည့် မျိုးဆက်သစ် ထူးချွန်လူငယ် မောင်မယ်များသည် နိုင်ငံတကာ ယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများ အတုယူ လေ့လာနိုင်စေရန်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေ့လာရေး ခရီးစဉ် သွားရောက်ကြမည်ဖြစ်ရာ အဆိုပါ လေ့လာရေးအဖွဲ့သည် ယနေ့ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။
အဆိုပါ ထူးချွန်လူငယ်များ ပါဝင်သည့် လေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဌာနကြီးမှူး ဦးအောင်ရဲဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၏ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ရင်းရင်းနှီးနှီး လိုက်လံ အားပေးပြီး ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ ထူးချွန်လူငယ်များ ပါဝင်သည့် လေ့လာရေးအဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးကြီး မျိုးမြင့်အောင် ဦးဆောင်၍ စစ်မှုထမ်းဆဲ/စစ်မှု ထမ်းဟောင်း မိသားစုဝင် သားသမီးများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး နိုင်ငံတော်အဆင့် ဘက်စုံပညာထူးချွန် လူငယ် ရွေးချယ်ခံရသည့် ကျောင်းသား ကျောင်းသူ ၁၁ ဦး၊ အမှတ်အများ ဆုံးရရှိသော ကျောင်းသား ကျောင်းသူ ၁၆ ဦး၊ ဂုဏ်ထူးတစ် ဘာသာဖြင့် အောင်မြင်သော စစ်သည်တစ်ဦးနှင့် ကျောင်းအုပ်ချုပ်မှုတာဝန်ခံ နှစ်ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင် လေးဦး စုစုပေါင်း ၃၄ ဦးတို့ပါဝင်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ အောက်တိုဘာ ၁၈ ရက်အထိ လေ့လာရေး ခရီးစဉ်ကာလအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ Tian Tan ပန်းခြံ၊ Tian an men ရင်ပြင်၊ မဟာတံတိုင်းကြီး (Great Wall) နှင့် အခြားအထင်ကရ နေရာများသို့ သွားရောက် လေ့လာ လည်ပတ်ခြင်းများ ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် တက္ကသိုလ် ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သားမိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများနှင့် စစ်သည်အစားခန့် အရပ်သား အမှုထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများ အနက်မှ ထူးချွန်စစ်သည်နှင့် ဘက်စုံထူးချွန် လူငယ်များအား ၂၀၁၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ စီစဉ် စေလွှတ်ပေးခဲ့ရာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်တွင် ခေတ္တရပ်နားခဲ့ရပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်၍ လေ့လာရေးခရီး ပြန်လည်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက် လေ့လာကြမည့် အုပ်ချုပ်သူများနှင့် မျိုးဆက်သစ် ထူးချွန် ကျောင်းသား ကျောင်းသူများ၏ လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားမှုများကို ယခုကဲ့သို့ ကြားသိရပါသည်-
ဗိုလ်မှူးကြီး မျိုးမြင့်အောင်
(လေ့လာရေးအဖွဲ့ခေါင်းဆောင်)
အခုလေ့လာရေးခရီး သွားရမယ့် အစီအစဉ်ကတော့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း သားသမီးများထဲမှ အမှတ်အများဆုံးနှင့် လူရည်ချွန် ရရှိခဲ့တဲ့ ကျောင်းသား ကျောင်းသူ ၂၇ ဦး၊ တစ်ဘာသာဂုဏ်ထူးရ စစ်သည်တစ်ဦး၊ အောင်ချက် အကောင်းဆုံး ရရှိခဲ့သည့် တပ်မတော် အခြေခံပညာအထက် တန်းကျောင်းနှင့် တပ်မတော် ပညာရေးကျောင်းတို့မှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံ အုပ်ချုပ်မှုအဖွဲ့ဝင် ခြောက်ဦး စုစုပေါင်း ၃၄ ဦးပါဝင်တဲ့ လေ့လာရေးအဖွဲ့ဟာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ Tian an men ရင်ပြင်၊ မဟာတံတိုင်းကြီး၊ ဗုဒ္ဓမြတ်စွယ်တော် ကျောင်းတိုက်၊ ကွမ်ကျိုးမြို့ မှာရှိတဲ့ တက္ကသိုလ်တစ်ခုနဲ့ ကွမ်ကျိုးတာဝါ စတဲ့ အထင်ကရ နေရာတွေကို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။
အခုလို သွားရောက်တဲ့ခရီးစဉ်မှာ ကျွန်တော့်အနေနဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် သွားရောက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်၊ အခုလိုသွားရောက်ခွင့် ရရှိခဲ့တဲ့အတွက် တပ်မတော် အကြီးအကဲနဲ့ တာဝန်ရှိသူတွေကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြား လိုပါတယ်။ ထူးချွန် ကျောင်းသား ကျောင်းသူတွေကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို အခုလို လေ့လာရေးခရီးစဉ် စေလွှတ်ပေးခြင်းဖြင့် တရုတ်နိုင်ငံရဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်တဲ့ နည်းပညာ အခြေခံစနစ်တွေ၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုတွေ စတဲ့ကောင်းမွန်တဲ့ အသိပညာဗဟုသုတ တွေရရှိမှာဖြစ်ပါတယ်။ ရရှိလာတဲ့ ကောင်းမွန်တဲ့ အသိပညာဗဟု သုတတွေကို ကျောင်းသား ကျောင်းသူတွေရဲ့ အနာဂတ်အတွက် များစွာအထောက်အကူ ပြုမယ်လို့ ယုံကြည်ပါ တယ်။ နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ထူးချွန် ကျောင်းသား ကျောင်းသူတွေကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီး စေလွှတ်ပေးတဲ့ ကောင်းမွန်တဲ့ အသိအမြင် ဗဟုသုတတွေရရှိကာ နိုင်ငံတော်နဲ့ တပ်မတော်က အားထားရသည့် အရည်အချင်း ပြည့်ဝတဲ့ သားကောင်းရတနာ သမီးကောင်း ရတနာတွေအဖြစ် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်မည်ဟု ယုံကြည်မိ ပါတယ်။
ဒုတိယတပ်ကြပ်
ကောင်းမြတ်ကျော်
(တစ်ဘာသာဂုဏ်ထူးရှင်)
ကျွန်တော်က ပညာရေးကျောင်းကနေ တစ်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ စစ်သည် တစ်ယောက်အနေနဲ့ ကြိုးစားရတာ အပြင်ကျောင်းတွေလိုမျိုး မဟုတ်ပါဘူး။ တပ်မတော်သား တစ်ယောက်ရဲ့ တာဝန်တွေလည်း ကျေပွန်အောင် ဆောင်ရွက်ရတယ်။ အဲဒီလို ရတဲ့အချိန်တွေထဲ ကနေ စာကိုမနားမနေ ကြိုးစား ကျက်မှတ်ခဲ့တာပါ။ ကျောင်းမှာ သင်ကြားပေးတဲ့ သင်ခန်းစာတွေကို ကြိုးစားသင်ယူပါတယ်။ ညဘက်ရောက်တဲ့အခါမှာလည်း မအိပ်ဘဲ ညနက်တဲ့အထိ လေ့လာ ကျက်မှတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို လေ့လာရေးခရီး သွားရောက်လည်ပတ်ခွင့်ရတဲ့အတွက် အလွန် ဂုဏ်ယူ ဝမ်းသာမိပါတယ်။ လေ့လာရေးခရီး စီစဉ်ပေးတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အထူးကျေးဇူးတင်ရှိ ပါတယ်။

မခင်တင့်တယ်ထက်
(ခြောက်ဘာသာဂုဏ်ထူးရှင်)
ခြောက်ဘာသာဂုဏ်ထူး ရဖို့အတွက် တစ်နှစ်ပတ်လုံး တစိုက် မတ်မတ် စာကိုကြိုးစားခဲ့ရပါတယ်။ ငယ်ငယ်ကတည်းက ဆရာဝန် ဖြစ်ချင်တယ်ဆိုတဲ့ အိပ်မက်နဲ့ တစိုက်မတ်မတ် ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။ အခုလို ဂုဏ်ထူးရတဲ့ ကျောင်းသား ကျောင်းသူတွေကို နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိ သူတွေက တရုတ်နိုင်ငံကို လေ့လာရေး စေလွှတ်ပေးတဲ့အတွက် အလွန် ဝမ်းသာပီတိဖြစ်ရပါတယ်။
တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ အစားအသောက်တွေ၊ လူမျိုးတွေ အားလုံးကို လေ့လာရမှာဖြစ် တဲ့အတွက် စိတ်လှုပ်ရှားနေမိပြီး သူငယ်ချင်းတွေအတွက်လည်း ဝမ်းသာ ဂုဏ်ယူမိပါတယ်။ အခုလို လေ့လာရေးခရီး စေလွှတ်ပေးတဲ့အတွက် နိုင်ငံတော် အကြီးအကဲနဲ့ တာဝန်ရှိသူတွေ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ အနာဂတ်ရည်မှန်းချက်က ဆရာဝန်တစ်ယောက် ဖြစ်ချင်ပါတယ်။ ဒီလို ဆရာဝန် တစ်ယောက် ဖြစ်ဖို့ကိုလည်း အခု ချိန်ကတည်းက ကြိုးစားနေပါတယ်။
မောင်အောင်ခန့်ကို
(ခြောက်ဘာသာဂုဏ်ထူးရှင်)
တစ်နှစ်ပတ်လုံး စာကို အစဉ် မပြတ်ဘဲ တစ်နေ့စာ တစ်နေ့ပုံမှန် ကျက်မှတ်ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားပြသမှုတွေကို သေသေချာချာ လိုက်နာမှတ်သားတယ်။ မေးခွန်းဟောင်းတွေကို အထပ်ထပ်အပြန်ပြန် လေ့ကျင့်တယ်။ စာကို ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် ကြိုးစားကျက်မှတ်ပါတယ်။ ကျွန်တော်တို့ ကြိုးစားမှုတွေ အရာထင်လာအောင် အသိအမှတ်ပြုပြီးတော့ လေ့လာရေးခရီး စေလွှတ်ပေးတဲ့အတွက်လည်း အထူးဝမ်းမြောက်ဂုဏ်ယူ မိပါတယ်။ အခုလို တရုတ်နိုင်ငံကို လေ့လာရေးခရီး စေလွှတ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူအားလုံးကို အထူးပင်ကျေးဇူး တင်ရှိပါတယ်။ ကျွန်တော် ရန်ကုန် နည်းပညာတက္ကသိုလ်မှာ ပညာဆက်လက်သင်ကြားပြီး အင်ဂျင် နီယာဘွဲ့ယူပါမယ်။ ပြီးရင် Ph.D အထိရအောင် ကြိုးစားသွားမှာပါ။
သတင်းစဉ်


