မိုးမြင့်
ပြည်တွင်းပြည်ပ ဖိအားမျိုးစုံနှင့် စိန်ခေါ်မှုမျိုးစုံကြားမှ ကျင်းပခဲ့ရသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)က အောင်မြင်စွာပြီးစီးသွားခဲ့ပါပြီ။ အမှန်တကယ်လည်း ဖိအားများစွာ၊ စိန်ခေါ်မှုမျိုးစုံအောက်တွင် ကျင်းပခဲ့ရခြင်းဖြစ်သည်။ သို့သော် တည်ငြိမ်အေးချမ်းစွာလုပ်သင့်သည်ကို လုပ်နိုင်ခဲ့ကြသည်။ အောင်မြင့်သင့်သလောက် အောင်မြင်ခဲ့ကြသည်။ ကြီးမားသောဖိအားများအောက်က ထိုအောင်မြင်မှုများကား နောက်ထပ်ကျင်းပမည့် အပိုင်း(၂)နှင့် အပိုင်း (၃)တို့အတွက် အားသာချက်များဖြစ်စေခဲ့ပါပြီ။
ခြုံပြောရလျှင် မြန်မာနိုင်ငံရွေးကောက်ပွဲများအားလုံး အောင်မြင်စွာကျင်းပပြီးစီးသွားမည့် အနေအထားက သေချာသလောက်ဖြစ်သွားပါပြီ။ အောင်မြင်သော ရွေးကောက်ပွဲနှင့်အတူ နိုင်ငံတကာ အသိအမှတ်ပြု လွှတ်တော်အခင်းအကျင်းများနှင့် စစ်မှန်သည့် အစိုးရတစ်ရပ်လည်း မကြာမီပေါ်ထွက်လာတော့မည်ဟု ယုံကြည်ပါသည်။
ပြည်သူပါ၍သာ…
ပြန်လည်သုံးသပ်ရလျှင် ဖိအားများစွာ၊ စိန်ခေါ်မှုများစွာအောက်မှ ရွေးကောက်ပွဲအပိုင်း(၁)ဘာကြောင့် အောင်မြင်ခဲ့ပါသလဲ။ အရေးကြီးဆုံးက ပြည်သူဖြစ်သည်။ ပြည်သူပါ၍ဖြစ်ပါသည်။ ပြည်သူဆိုသည်မှာ နိုင်ငံကိုကောင်းစေလိုသည့် ပညာကြီးသော၊ အမြော်အမြင်ရှိသော၊ ဒီမိုကရေစီလိုလားသော ပြည်သူအပေါင်းကို ဆိုလိုသည်၊၊ ပြည်သူမပါသည့် နိုင်ငံ့အရေးဆိုသည်မှာ ကျရှုံးဖို့သာများပြီး အောင်မြင်ရန် ခက်ခဲနိုင်သည်ဆိုခြင်းကို သက်သေပြလိုက်ခြင်းလည်းဖြစ်သည်။ ရွေးကောက်ပွဲသည် မိမိတို့ နိုင်ငံသားများ အခွင့်အရေးဖြစ်သည်၊၊ မိမိတို့အနာဂတ်၊ နိုင်ငံ့အနာဂတ်ဖြစ်သည်။ မြန်မာနိုင်ငံသားများအတွက်သာဖြစ်၍ အခြားနိုင်ငံအတွက် ပြုလုပ်ခြင်းမဟုတ်ဆိုသည်ကို သူတို့ ခိုင်ခိုင်မာမာ ယုံကြည်ခဲ့သည်။
နောက်တစ်ချက်က ဥပဒေနှင့်အညီ စနစ်တကျစီစဉ်ဆောင်ရွက်နိုင်ခဲ့၍ဖြစ်သည်။ မည်သည့်အလုပ်မဆို ဥပဒေနှင့်အညီ တိတိကျကျဆောင်ရွက်နိုင်ခြင်းသည် အောင်မြင်မှုအတွက် အခွင့်အလမ်းကောင်းများဖြစ်ပြီး ပြည်သူတို့၏ ယုံကြည်မှုကို ရရှိစေသည်သာဖြစ်သည်။ ထို့ကြောင့် ဘယ်လိုအခွင့်အလမ်းကောင်းများကို ပြည်သူတွေရခဲ့ကြပါသလဲ ဆန်းစစ်ကြည့်သင့်သည်။
ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တိတိကျကျဆောင်ရွက်ချက်များကြောင့် လွတ်လပ်မှုရှိသည်၊ တရားမျှတမှုရှိသည်၊ မှန်ကန်မှုရှိသည်ဆိုသော အခွင့်အလမ်းကောင်းများကို ပြည်သူများ မလွတ်တမ်းဆုပ်ကိုင်ခွင့်ရခဲ့သည်ဟု ဆိုနိုင်သည်။ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီများ၊ မဲပေးမည့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံရေးစနစ်ပြောင်းလဲမှုများနှင့်အညီ ပြောင်းလဲတိုးတက်လာသော ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို အချိန်နှင့်တစ်ပြေးညီ လိုအပ်သလို ပြင်ဆင်ဖြည့်စွက်နိုင်ခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေတစ်ရပ်ကလည်း မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာမဲပေးနိုင်ရေးနှင့် မြို့ရွာတည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
ဖိအား၊ စိန်ခေါ်မှုများကြားက ရွေးကောက်ပွဲ
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို မိတ်ဖက်နိုင်ငံများနှင့် သံအမတ်ကြီးများက စောင့်ကြည့်လေ့လာခဲ့ကြသည်။ ပထမအကြိမ်မှာ ဆန္ဒမဲပေးသူ ၅၂ ရာခိုင်နှုန်းကျော်ရှိခဲ့သော ဖြစ်သင့်ဖြစ်ထိုက်သည့်အနေအထားကို နိုင်ငံတကာစောင့်ကြည့်သူအားလုံး လက်ခံသွားခဲ့သည်ဟု သိရှိရသည်။ ဆန္ဒမဲပေးသူအရေအတွက်ဆိုသည်မှာ လက်ရှိ နိုင်ငံရေး၊ လုံခြုံရေးနှင့် နိုင်ငံသားများ၏ နိုင်ငံရေးရေချိန် အနိမ့်အမြင့်များနှင့်လည်းဆိုင်သည်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေမှာ ရွေးကောက်ပွဲမတိုင်ခင်မှာပင် ဆန္ဒမဲမပေးရေး ပြည်တွင်းပြည်ပလှုံ့ဆော်မှုများစွာရှိခဲ့သည်၊၊ တပ်မတော်ကပြုလုပ်သော ရွေးကောက်ပွဲသည် တရားမျှတမှုမရှိ၊ ပွင့်လင်းမြင်သာမှုမရှိနိုင်၊ လွတ်လပ်မှုရှိမည်မဟုတ်၊ ထို့ကြောင့် မှန်ကန်သော ရွေးကောက်ပွဲဖြစ်မည်မဟုတ်ဟု မဟုတ်မမှန် စွပ်စွဲချက်များဖြင့် လှုံ့ဆော်ခဲ့ကြသည်။ ခြိမ်းခြောက်မှုများစွာလည်း ရှိခဲ့သည်။ မဲပေးသူများကို သတ်ဖြတ်မည်အထိ ခြိမ်းခြောက်ခဲ့ကြသည်။
ခြိမ်းခြောက်သည့်အတိုင်းလည်း အချို့မဲဆန္ဒနယ်မြေတွင် ရှော့တိုက်ဒုံးများ၊ ဒရော့ဗုံးများ ကြဲချခဲ့သဖြင့် ပြည်သူအချို့သေကျေပျက်စီးမှုများရှိခဲ့သည်။ နိုင်ငံနေရာအနှံ့တပ်မတော်၏ နယ်မြေစိုးမိုးရေးဆောင်ရွက်ချက်များကြောင့် လုံခြုံရေးအရ စိန်ခေါ်မှုများစွာရှိခဲ့သည့် အနေအထားအောက်မှာ ကျင်းပခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူအချို့စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြသည်။ သို့သော် ရွေးကောက်ပွဲတွင် အပြည့်အဝမပါဝင်နိုင်သည့် ပြည်သူများရှိခဲ့သည့်ကြားမှ ယခု အပိုင်း(၁)တွင် မဲပေးသူ ကိန်းဂဏန်းမှာ လက်ခံနိုင်လောက်သည့် အတိုင်းအတာတစ်ခုမှာ ရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံတကာမှာပင် အထူးသဖြင့် လူငယ်များအပိုင်းတွင် ဒီမိုကရေစီကို လေးစားနှစ်သက်ကြသော်ငြား ရွေးကောက်ပွဲနှင့် ကိုယ်စားလှယ်များအပေါ် စိတ်ဝင်စားမှုနှင့် ယုံကြည်မှုများကျဆင်းနေသည် ကို စစ်တမ်းများအရ သိရှိရသည်။
စောင့်ကြည့်လေ့လာသူများ၏ မှတ်ချက်များကို ထင်ဟပ်၍
ထို့ကြောင့် ရွေးကောက်ပွဲအပိုင်း(၁)ကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူများနှင့် ပြည်သူအများစုက လက်ခံကြခြင်းဖြစ်သည်။ သူတို့ကဘယ်အချက်တွေကိုကြည့်၍ ကောက်ချက်ချ လက်ခံခဲ့ကြပါသလဲ။ အတားအဆီးများစွာကြားမှ တည်ငြိမ်အေးချမ်းစွာ ပြီးစီးခဲ့ခြင်းကပင် အောင်မြင် မှုရခဲ့သည်မှာ ကျေနပ်စရာပါ။ မဲရုံများတွင် ပြည်သူအများ စိတ်ရှည်စွာဖြင့် တန်းစီစောင့်ဆိုင်းပြီး အေးအေးချမ်းချမ်းဖြင့် မဲပေးနေကြသည့် မြင်ကွင်းများကိုကြည့်၍ ကောက်ချက်ချနိုင်ခဲ့ခြင်းဖြစ်သည်။ မဲဆန္ဒရှင်များက စိတ်အားထက်သန်မှုအပြည့်ဖြင့် သူတို့အနာဂတ်နှင့် သူတို့ယုံကြည်သည့် ခေါင်းဆောင်များကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်နေသည်ကို မြင်သွားကြပြီဖြစ်သည်။ မဲပေးရန် စနစ်တကျစီစဉ်ထားရှိမှုနှင့် ပြည်သူများ၏ စည်းကမ်းလိုက်နာမှုကိုလည်း လေ့လာသူများတွေ့ခဲ့ကြသည်။ အထူးသဖြင့် မဲလာပေးသော လူငယ်ထုကြီးကိုကြည့်၍ နိုင်ငံအချို့က သူတို့၏ အားရပီတိဖြစ်မှုကို ဖွင့်ဟခဲ့ကြသည်။ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့ကိုယ်တိုင်ပါဝင်နေကြပြီဖြစ်ကြောင်း မှတ်ချက်ပေးကြသည်။
နိုင်ငံတော်အကြီးအကဲကိုယ်တိုင် စစ်ဆေးကြီးကြပ်နေသည်ကို ကြည့်၍ နိုင်ငံ့ခေါင်းဆောင်များ၏ ရွေးကောက်ပွဲအပေါ် စိတ်အားထက်သန်မှုနှင့် စနစ်တကျရှိမှုကို ရိပ်မိသွားပုံရသည်။ လွတ်လပ်ပြီး တရားမျှတမှု ရှိ၊ မရှိ ဆိုသည်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ထွက်ပေါ်ခဲ့သည့် နာမည်ပျက်အဖြစ်အပျက်များနှင့် နှိုင်းယှဉ်ပြီး နောက်ဆက်တွဲ ဆိုးဆိုးရွားရွားသက်ရောက်မှုများကို ဆန်းစစ်ကြည့်၍လည်း သိနိုင်လောက်ပါသည်။ ထိုခေတ် ထိုအခါက ကြုံခဲ့ရသော ခါးသီးဖွယ်ဖြစ်ရပ်များကို တပ်မတော်အနေဖြင့် သင်ခန်းစာယူပြီး လွတ်လပ်၊ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရမည်ဟု အာမခံချက်သည် ယုံကြည်စရာရှိပါသည်။
ထိုအာမခံချက်ကို ယခုအကြိမ်မှ စတင်အသုံးပြုသည့် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးသည့်စနစ်က ကောင်းစွာအထောက်အကူပြုသည်ကို တွေ့ရမည်ဖြစ်သည်။ လေ့လာသူများနှင့် ပြည်သူ အချို့က ထိုမဲပေးစနစ်သည် လုံခြုံမှုရှိပြီး လျင်မြန်စွာဖြင့် ရလဒ်ကို ထုတ်ယူဖော်ပြနိုင်သည့် လွယ်ကူကောင်းမွန်၍ အဆင်ပြေသည့် စနစ်တစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုချီးကျူးခဲ့ကြသည်။ သို့ဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုသည့်စနစ်က ပွင့်လင်းမြင်သာမှုမရှိ၊ တိကျမှန်ကန်မှုမရှိနိုင်ဟူသော အဆိုးမြင်ဝါဒီများ၏ စွပ်စွဲချက်များကို ချေဖျက်နိုင်ခဲ့ပါသည်။
ထို့အပြင် ယခုရွေးကောက်ပွဲသည် တပ်မတော်ကပြုလုပ်သော ရွေးကောက်ပွဲတစ်ခုဖြစ်သည်။ တပ်မတော်၏ ဂုဏ်သိက္ခာနှင့်အညီ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာတတ်မှု အစဉ်အလာကောင်းများနှင့် တပ်မတော်ကပြုလုပ်သော ရွေးကောက်ပွဲဖြစ်၍ လွတ်လပ်မှုမရှိ၊ တိကျမှန်ကန်မှုမရှိဆိုသောအချက်များကို အကြောင်းပြချက်အဖြစ်မည်သို့မှ လက်ခံကြမည် မဟုတ်ပါ။ တပ်မတော်ကိုယ်တိုင်ပင် နိုင်ငံ့အရေးနှင့်ပတ်သက်၍ တပ်မတော်၏ပုံရိပ်ကို ဘယ်တော့မှ အကျခံမည်မဟုတ်ပါ၊ နာမည်ပျက်ခံမည်လည်း မဟုတ်ပါဆိုသောအချက်မှာ သေချာပါသည်။ ထိုအချက်က နိုင်ငံသားများစွာ၏ ယုံကြည်မှုနှင့်ခံယူချက်လည်းဖြစ်နေသည်။ တပ်မတော်က ဦးစီးပြုလုပ်ပေးသော ယခုရွေးကောက်ပွဲများ၌ ပြည်သူအများ စိတ်ဝင်တစားပါဝင်နေကြသည်ကို ကြည့်၍သုံးသပ်နိုင်ခြင်းဖြစ်ပါသည်။
နောက်တစ်ချက် ပြည်သူများပါဝင်သည့်အချက်က ရွေးကောက်ပွဲတွင် ပါတီစုံ၊ ကာလာစုံကို ပါဝင်ခွင့်ပြုထားခြင်းပင်ဖြစ်သည်။ ရွေးကောက်ပွဲတွင် တည်ဆဲအစိုးရကို ထောက်ခံသူများသာမက ဝေဖန် သူများလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့်၌ ၆ ပါတီ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၌ ၅၇ ပါတီတို့က မြို့နယ်ပေါင်း ၂၆၅ မြို့နယ်၌ ကိုယ်စားလှယ်ပေါင်း ၄၈၈၆ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေကြပြီဖြစ်သည်။ ယခုအကြိမ်တွင် အလွှာပေါင်းစုံမှ လူငယ်ကိုယ်စားလှယ်နှင့် အမျိုးသမီးကိုယ်စားလှယ်လောင်းအရေအတွက်က ယခင်အကြိမ်များထက် ပိုများနိုင်ကြောင်းလည်း ခန့်မှန်းမိသည်။ အချို့လူငယ် ကိုယ်စားလှယ်များဆိုလျှင် လွှတ်တော်ထဲရောက်သည်နှင့် မေးခွန်းမေးဖို့၊ အဆိုတင်ဖို့ ယခုကတည်းကပင် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရသည်။
သေချာသည်က အပိုင်း(၂)၊ အပိုင်း(၃) ရွေးကောက်ပွဲများတွင်လည်း ပြည်သူအများ ယခုထက်ပို၍ တက်တက်ကြွကြွ ပါဝင်လာကြမည်ဟူသော ယုံကြည်ချက်ဖြစ်ပါသည်။ ပြီးစီးခဲ့သည့် ဆန္ဒမဲပေးမှု အတွေ့အကြုံကိုကြည့်၍ မိမိတို့၏အခွင့်အရေးကို လက်လွတ်မခံဘဲ အကောင်းဆုံးအသုံးချကြလိမ့်မည်ဟု ယူဆထားပါသည်။ ပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၁)၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီးနောင်လာမည့် ရွေးကောက်ပွဲအဆင့်များတွင် ယခုထက်ပိုမိုကောင်းမွန်အောင်၊ ပို၍စနစ်ကျအောင်၊ ပို၍လုံခြုံမှုရှိအောင် ဆောင်ရွက်သွားမှာလည်း သေချာပါသည်။ ဤအချက်က လက်လွတ်မခံသင့်သည့် နိုင်ငံသားအခွင့်အရေးဖြစ်သည်ကို ပြည်သူအများ ကောင်းစွာသိရှိသွားပါပြီ။
သို့သော် သိသူက သိသော်လည်း မသိသူခမျာ အသိခေါက်ခက်အဝင်နက်၊ ဘယ်လိုပြောပြော သိကြမည်မဟုတ်ပါ။ ထို့ကြောင့် သိစေချင်သည်၊ ရှိစေချင်ပါသည်။ ဒီမိုကရေစီကိုလိုချင်လျှင် ဒီမို ကရေစီသဘောတရားကို နားလည်ထားသင့်သည်။ အချက်အလက်အမှားများအောက်တွင် ဆက်လက်မနစ်မျောသင့်ပါ၊ ထိုက်သင့်သော ဗဟုသုတလည်းရှိရပါမည်။ မိမိအနာဂတ်၊ သားသမီးများအနာဂတ်၊ နိုင်ငံ့အနာဂတ်ရှေ့မြော်တွေး၍၊ ချင့်ချိန်စဉ်းစား၍ ဆုံးဖြတ်ရပါမည်။
ဘယ်သူအသိမှတ်ပြုသည်၊ မပြုသည်ကအရေးမကြီးပါ။ နိုင်ငံတည်ငြိမ်အေးချမ်းကာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝများ တိုးတက်လာနိုင်မည့် လမ်းကြောင်းသည် ဤတစ်လမ်းသာရှိသည်ဟု ခံယူပါသည်။ ထိုအလားအလာကို အချို့ပြည်သူများ မသိကြသော်လည်း အဖျက်သမားများကမူ သိနှင့်ကြသည်။ ထို့ကြောင့်လည်း မရမက နှောင့်ယှက်ဟန့်တားနေကြခြင်းဖြစ်သည်။
ဆုတ်ယုတ်မည့်အရေးနှင့် တိုးတက်မည့်အခွင့်အလမ်းကို တွက်ဆနိုင်ရပါမည်။ ထို့ကြောင့် မိမိတို့မှာ နိုင်ငံရေးရေချိန်မြင့်မားနေရန် လိုပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်နှင့်အတူ နိုင်ငံကိုပိုကောင်းအောင် ဆန္ဒရှိကြသည့် ပညာကြီးသော ပြည်သူများကမူ ချီတက်နေသော ပန်းတိုင်ဆီ မရောက်ရောက်အောင် ဆက်လက်လျှောက်လှမ်းနေကြမည်သာ။ ကိုယ်စိုက်တာကိုယ်ပြန်စားရမည့် ထိုလမ်းကြောင်းတွင် စိတ်တူကိုယ်တူ အတူလျှောက်လှမ်းနိုင်အောင်သာ ကြိုးစားရပါမည်။ သို့မှသာ တာဝန်ကျေပွန်သော နိုင်ငံသားကောင်းတစ်ဦးအဖြစ် မှတ်ယူထိုက်ပါမည်။ ။


